ခုလတ်တလောအနေနဲ့ ကလေးလည်းမလိုချင်သေး၊ ဒါပေမယ့် ကွန်ဒုံးလည်းမသုံးချင်၊ ခန္ဓာကိုယ်အတွင်း ပစ္စည်းထည့်သွင်းခြင်း၊ ခွဲစိတ်ခြင်းများလည်း မလုပ်ဆောင်ချင် ဖြစ်နေပါသလား။ ထိုအချိန်မျိုးမှာ တားဆေးထိုးဆေးသုံးဖို့ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထိုနည်းကိုမသုံးခင်မှာ အောက်ပါအခြေခံအချက်အလက်လေးတွေကိုတော့ သေချာဖတ်ထားသင့်ပါတယ်။
တားဆေးထိုးဆေးဆိုတာဘာလဲ
ဒတ်ပို လို့အလွယ်ခေါ်နေကြတဲ့ တားဆေးထိုးဆေးဟာ progestogen လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါသော Medroxyprogesterone ထိုးဆေးဖြစ်တယ်။ တားဆေးနှစ်မျိုးရှိပါတယ်- Depo-Provera နဲ့ Depo-Ralovera တို့ဖြစ်တယ်။
တားဆေးထိုးဆေးတွေက ဘယ်လိုအလုပ်လုပ်တာလဲ
သင့်ခန္ဓာကိုယ်ထဲကို ဆေးထိုးလိုက်ခြင်းက လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းအသုံးပြုထားခြင်းလိုပဲ ပုံစံတူအလုပ်လုပ်ပါတယ်။ ထိုးဆေးကို ဆရာဝန်မှ ကိုယ်ဝန်မရှိကြောင်းအတည်ပြုပြီးပါက အချိန်မရွေးထိုးလို့ရတယ်၊ ၁၂ ပတ်မှ ၁၄ ပတ်လောက်ထိခံပါတယ်။
အောက်ပါတို့ကိုလုပ်ဆောင်ခြင်းဖြင့် အာနိသင်ရှိတယ်-
• လစဉ်သားဥကြွေခြင်းကို တားဆီးခြင်း
• သားအိမ်အဝမှ အကျိအချွဲများကို ထူစေခြင်းဖြင့် သုက်ပိုးများ သားအိမ်တွင်းဝင်ကာ သားဥနဲ့တွေ့ဆုံခြင်းကို တားဆီးပါတယ်။
• သားအိမ်နံရံများကိုပါးခြင်းဖြင့် မျိုးအောင်သွားသော သားဥများတွယ်ကပ်နိုင်ခြင်းကို တားဆီးပါတယ်။
ရာသီသွေးစချိန် ၅ ရက်အတွင်းမှာဆေးထိုးရင်တော့ ချက်ခြင်းအာနိသင်ပြပြီး ချက်ချင်းကိုယ်ဝန်ရနိုင်ခြေကိုတားပေးပါတယ်။ ကလေးမီးမဖွားစဉ် သို့ မီးဖွားပြီး ၃ ပတ်အကြာမှာထိုးရင်လည်း ချက်ချင်းအာနိသင်ပါတယ်။
ဘယ်သူတွေထိုးနိုင်လဲ
အများအားဖြင့် တော်တော်များများထိုးနိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေရှိရင်တော့ ထိုနည်းလမ်းက သင့်အတွက် သင့်လျော်မှာမဟုတ်ပါဘူး။
• ကိုယ်ဝန်ရှိနေတယ်ထင်ပါက
• ရာသီသွေးမမှန်ခြင်းကို မလိုလားပါက
• ရာသီမဟုတ် ကြားဖောက်သွေးဆင်းတတ်ပါက၊ အတူနေပြီး အကြောင်းအရင်းမရှိ သွေးဆင်းပါက
• နှလုံးရောဂါရှိဖူးပါက သို့ လေဖြတ်ဖူးပါက
• သွေးခဲတတ်ပါက
• ရင်သားကင်ဆာရှိပါက
• အသည်းရောဂါရှိပါက
• ဆီးချိုသွေးချိုရှိပြီး ရောဂါဒဏ်ခံစားနေရပါက
• အရိုးပါးနိုင်ချေများပါက
ဘယ်လိုဆေးထိုးရသလဲ
တင်ပါး သို့ လက်မောင်းနေရာမှာ ဆေးထိုးရပါတယ်။ ၃ လတစ်ခါထိုးဖို့လိုပါတယ်။
ကောင်းကျိုးများ
ကောင်းကျိုးတွေကတော့-
ထိုးဆေးတားဆေးဟာအလွန်အာနိသင်ရှိပါတယ်။
အသုံးပြုရလည်းလွယ်ကူပြီး တစ်ခါထိုးရင် ၃ လခံပါတယ်။
နို့တိုက်နေစဉ်မှာလည်းထိုးနိုင်ပါတယ်။
တခြားဆေးများကြောင့်လည်း အာနိသင်မပြောင်းပါဘူး။
ရာသီလာခြင်းကိုလည်း တားနိုင်တာကြောင့် တချို့အမျိုးသမီးတွေ သဘောကျပါတယ်။
နေ့စဉ်ဆေးသောက်ဖို့ မှတ်မနေနိုင်ဘူးဆိုရင်အသုံးဝင်ပါတယ်။
သားအိမ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။
ရာသီလာခြင်းဆိုင်ရာ ပြဿနာများကုသရာမှာလည်းသုံးနိုင်တယ်။
အတူနေရာမှာအနှောင့်အယှက်မဖြစ်ပါဘူး။
ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများ
တားဆေးထိုးဆေးဟာဘေးကင်းတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေတော့ဖြစ်နိုင်ပါသေးတယ်။
• အချိန်ကြာသုံးပါက အရိုးထိခိုက်နိုင်ပါတယ်၊ အရိုးပါးနိုင်ချေများပါတယ်။
• ရာသီလာခြင်းကို မူမမှန်ဖြစ်စေနိုင်ပါတယ်။
• ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်းကဲ့သို့ အဆင်မပြေသောလက္ခဏာများခံစားရနိုင်ပါတယ်။
• အလေးချိန်တက်လာနိုင်ပါတယ်။
• အရင်ထက်ပို စိတ်ဆတ်လာတတ်ပါတယ်။
• ဝမ်းဗိုက်တဝိုက်မှာ နေရထိုင်ရမအီမသာဖြစ်တတ်ပါတယ်။
[embed-health-tool-ovulation]