ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ……. ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။
လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ တတ်ကျွမ်းတဲ့သူ လုပ်ပေးမှတော့ ရမှာပါ။
လက်မောင်းထဲ ထည့်သွင်းတဲ့ပစ္စည်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးပြီး ၃နှစ်၊ ၅နှစ် စသဖြင့် အမျိုးအစားပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်းပါဝင်တာကြောင့် သားအိမ်နဲ့ သားအိမ်ခေါင်းနံရံက အချွဲမြှေးတွေကို ထူစေပြီး မျိုးမအောင်အောင်တားဆီးပေးတဲ့ သန္ဓေတားနည်းလမ်းတစ်ခုပေါ့။