backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

57

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ ခဲ့ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ ခဲ့ရင်

အတူနေပြီး ကိုယ်ဝန်မလိုချင်တဲ့အခါ အရေးပေါ်တားဆေး သောက်ကြပါတယ်။ အရေးပေါ်တားဆေးသောက်ပြီးတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တာကြောင့် ရာသီစက်ဝန်းမှာပါ လိုက်ပြီး အပြောင်းအလဲ ဖြစ်ပါတယ်။ အထူးသဖြင့် အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ တဲ့အခါ ကိုယ်ဝန်ရှိတာလား။ ဆေးကြောင့် မလာတာလားဆိုပြီး ဒွိဟဖြစ်တတ်ကြပါတယ်။

အရေးပေါ်တားဆေးတွေက ရာသီစက်ဝန်းကို ဘယ်လိုအပြောင်းအလဲ ဖြစ်စေသလဲ။

အရေးပေါ်တားဆေးတွေက ဟော်မုန်းပါတဲ့ ဆေးတွေဖြစ်တဲ့အတွက် ရာသီစက်ဝန်းကို အပြောင်းအလဲဖြစ်စေပါတယ်။ ဆိုလိုတာက ဆေးသောက်ပြီးတဲ့အခါ ရာသီစောလာတာ၊ နောက်ကျမှလာတာ၊ လုံးဝမလာတာ ဒါတွေ ဖြစ်တတ်ပါတယ်။ လာခဲ့ရင်တောင်  သွေးဆင်းတာ နည်းတာ၊ များတာ စတာတွေ ဖြစ်တတ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေ (ဥပမာ ရာသီက ၂ရက်လောက်လာပြီး ရပ်သွားတာ ဒါမှမဟုတ် တစ်ပတ်လောက်ကြာအောင် ဆင်းနေတာ) ဖြစ်တတ်ပါတယ်။ ဒါက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောလို့ရပါတယ်။

ဒီလိုဖြစ်ရတာက အရေးပေါ်တားဆေးတွေမှာ ပါတဲ့ ဟော်မုန်းပမာဏက များလို့ပါ။ အရေးပေါ်ကိုယ်ဝန်တားရမှာ ဖြစ်တဲ့အတွက် ဟော်မုန်းများများသုံးမှ ကိုယ်ဝန်ကို တားနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် အရေးပေါ်တားဆေး တစ်ခါသောက်စာက ပုံမှန်သန္ဓေတားဆေး ၂-၅လုံးစာလောက်နဲ့ ညီမျှနေပါတယ်။

ဒါကြောင့် ရာသီစက်ဝန်းတွေ ကမောက်ကမ ဖြစ်ကုန်တာပါ။

အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ ခဲ့ရင်

အရေးပေါ်တား‌ဆေးသောက်ပြီး ရာသီမလာ ခဲ့ရင် အများစုကတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ဖို့ များပါတယ်။ ဆေးသောက်ပြီး ကိုယ်ဝန်ရသွားတာလည်း ရှိတယ်ဆိုပေမယ့် ဒါက ရှားတော့ ရှားပါတယ်။

ဆေးကိုသာ အချိန်မီသောက်ခဲ့တယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ အတူနေပြီး ၂၄နာရီအတွင်းမှာ ဆေးသောက်ခဲ့တယ်ဆိုရင် ကိုယ်ဝန်တားနိုင်ခြေက ၉၃%ထိ ရှိပါတယ်။

အများစုက အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာတဲ့အခါ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာတွေ ကြုံရတဲ့အခါ စိတ်ဖိစီးတတ်ပါတယ်။ စိတ်ကို အေးအေးထားပါ။ ဆေးကိုသာ သေချာ‌သောက်ထားရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ စိတ်ဖိစီးတဲ့အခါ ရာသီစက်ဝန်းကို ပိုထိခိုက်ပြီး ရာသီမလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာတွေ ပိုဆိုးတတ်လို့ပါ။

အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ တာလား၊ ကိုယ်ဝန်ရှိနေတာလား

အရေးပေါ်တားဆေးရဲ့ နောက်ထပ် ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ မအီမသာ ဖြစ်တာ၊ ရင်သားတင်းတာ စတာတွေ ခံစားရတတ်ပါတယ်။ ဒါတွေကလည်း ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေနဲ့ ဆင်တူနေပါတယ်။ ရာသီကလည်း မလာ၊ ဒီလို လက္ခဏာတွေလည်း ခံစားရတော့ ဆေးကြောင့်ပဲလား၊ ကိုယ်ဝန်များ ရှိသွားတာလားဆိုပြီး စိုးရိမ်နေရမှာပါ။

ဒါဆိုရင်တော့ စိတ်ရှင်းသွားအောင် ဆီးစစ်ကြည့်လိုက်ပါ။ ကိုယ်ဝန်ရှိမရှိဆိုတာက လက္ခဏာတွေနဲ့ ခန့်မှန်းနေတာထက်စာရင် ဆီးစစ်ကြည့်လိုက်တာက ပိုပြီး သေချာပါတယ်။ ဘယ်တားဆေးကမှ ရာနှုန်းပြည့် ကိုယ်ဝန်မတားနိုင်တဲ့အတွက် မတော်တဆ ကိုယ်ဝန်ရသွားတာလည်း ဖြစ်နိုင်တာကိုး။

ဒါကြောင့် တားဆေးသောက်ပြီး ၃ပတ်ပြည့်တဲ့အထိ ရာသီမလာသေးဘူးဆိုရင် ဆီးစစ်ကြည့်လိုက်ပါ။ တစ်ကြောင်းတည်းဆိုရင်တော့ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ ဆေးကြောင့်မလာတာ ဖြစ်ဖို့ များပါတယ်။

ဒါကြောင့် အရေးပေါ်တားဆေးကို ခဏခဏ မသောက်ပါနဲ့

ခုလောက်ဆို ဆရာဝန်တွေက ဘာကြောင့် အရေးပေါ်တားဆေးတွေကို ခဏခဏ မသောက်ခိုင်းလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ အရေးပေါ်တားဆေးတွေက ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေတာမျိုး မရှိပါဘူး။

ဒါပေမဲ့လည်း ခဏခဏသောက်တဲ့အခါ ရာသီစက်ဝန်းကို ခဏခဏ အပြောင်းအလဲ ဖြစ်စေတာကြောင့် ရာသီမမှန်တဲ့ ပြဿနာဖြစ်လာပါတယ်။ သောက်တဲ့သူအနေနဲ့လည်း ဆေးကြောင့် ရာသီမလာတာလိုလို၊ ကိုယ်ဝန်ကြောင့် မလာတာလိုလိုနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

ဒါကြောင့် အရေးပေါ်တားဆေးကို တကယ်အရေးပေါ် ဖြစ်မှပဲ သောက်ပါ။ ခဏခဏ အရေးပေါ်တတ်ရင် ရေရှည်တားနိုင်တဲ့ သန္ဓေတားနည်းလမ်းတစ်ခုခု (ဥပမာ ဆေးကတ်၊ ထိုးဆေး၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်း) ကို အသုံးပြုပါ။

အရေးပေါ်တားဆေးသောက်ပြီး ရာသီပြန်မှန်စေဖို့

များသောအားဖြင့်တော့ အရေးပေါ်တားဆေးသောက်ပြီး ရာသီမမှန်တာက တစ်လလောက်ပဲ ခံရတာပါ။ ဟော်မုန်းအာနိသင်ကုန်ရင် ရာသီပြန်မှန်သွားပါတယ်။ ကိုယ်က ခဏခဏ သောက်တယ်၊ တစ်လတည်းမှာပဲ အကြိမ်ကြိမ်သောက်နေမယ်ဆိုရင်တော့ ရာသီမမှန်တာ ပိုကြာနိုင်ပါတယ်။

အရေးပေါ်တားဆေးသောက်တဲ့အခါ ရာသီမမှန်တာ ဖြစ်တတ်တဲ့ကိစ္စပါ။ ဒါကို စိတ်ထဲမှာ လက်ခံလိုက်ဖို့ လိုပါတယ်။ ပြီးရင်တော့

  • စိတ်အေးအေးထားပါ။ စိတ်ဖိစီးရင် ရာသီမမှန်တာ ပိုဆိုးပါတယ်။
  • မူးတာ၊ ပျို့တာ၊ မအီမသာတွေလည်း ဖြစ်နေနိုင်တာကြောင့် အာဟာရရှိအောင် စားပါ။
  • ကောင်း‌ကောင်းအနားယူပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • လှုပ်လှုပ်ရှားရှားနေပါ။

ဒီအချက်တွေက ကိုယ်တွင်းက ဟော်မုန်းတွေကို မျှတစေဖို့ အထောက်အကူပြုပါတယ်။

  • တစ်လတည်းမှာပဲ အကာအကွယ်မဲ့ အတူနေဖြစ်ဦးမယ်ဆိုရင် တခြားသန္ဓေတားနည်းလမ်းတစ်ခုခုကို ကြိုသုံးဖို့ အကြံပြုလိုပါတယ်။

အကြံပြုချက်

အရေးပေါ်တားဆေး သောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီမမှန်တာ၊ မလာတာ၊ ရင်သားတင်းပြီး ပျို့အန်တာ၊ မအီမသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။ လူတိူင်းဖြစ်တာ မဟုတ်ပေမယ့် အများစုက ဖြစ်တတ်တဲ့အတွက် ဆေးကြောင့် ဖြစ်တာလား၊ ကိုယ်ဝန်ကြောင့်လားဆိုတာကို သိထားဖို့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement