home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

လိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ဖို့ဆိုတာ အမျိုးသားတိုင်းရဲ့ ဆန္ဒပါပဲ။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို သာယာမှုအပြည့်အဝပေးလိုတာ ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေမှာ ဒီလို ကာမခွန်အား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေလေ့ရှိကြပါတယ်။

လိင်ကိစ္စမှာ သာယာမှုအပြည့်အ၀ ရဖို့ဆိုတာလည်း ကိုယ့်ရဲ့ ညီငယ် ဖွားဖက်တော်က အပြည့်အ၀ လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေမှ အဆင်ပြေမှာပေါ့။ ဖွားဖက်တော် အားအင်ပြည့်ဝနေဖို့အတွက် နှလုံးအားကောင်းဖို့ လိုသလို သွေးလည်ပတ်မှု အားကောင်းဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွားဖက်တော် ထောင်မတ်နိုင်ဖို့ဆိုတာ လိင်အင်္ဂါအတွင်း သွေးကြောထဲ သွေးကောင်းစွာ စီးဆင်းနိုင်မှ ဖြစ်မှာကိုး။

အမျိုးသားတွေဆိုတာလည်း အလုပ်က စိတ်ဖိစီးမှုတွေ၊ ဆေးလိပ်၊ အရက်သောက်တာ၊ စားသောက်နေထိုင်မှုပုံစံ မမှန်တာ၊ အိပ်ချိန်မပြည့်ဝတာ၊ အဝလွန်တာ၊ ကျန်းမာရေးအခြေအနေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် လိင်စိတ်ဆန္ဒ တဖြည်းဖြည်း နည်းပါးလာပြီး စိတ်သွားတိုင်း ကိုယ်မပါတဲ့ အခြေအနေမျိုးတွေ ကြုံလာရတာပေါ့။

ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့ ရတဲ့ ကြာဆေးေတွဟာလည်း တစ်ခဏတာ ဖြေရှင်းဖို့အတွက်သာ အဆင်ပြေပြီး ရေရှည် ကျန်းမာရေးအတွက်ရော လိင်မှုဘဝမှာပါ အကျိုးကျေးဇူးတွေ သိပ်မရှိပါဘူး။ ဒီလို ဖြတ်လမ်းနည်းတွေအစား ကိုယ့်ရဲ့ ညီတော်မောင်ကို သဘာဝအတိုင်း သန်စွမ်းစေဖို့ ကြိုးစားတာက အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးမှာတော့ ကိုယ့်လူတို့ စိတ်သွားတိုင်း ကိုယ်ပါပြီး ကာမခွန်အားတိုးစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

၁။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

လိင်မှုကိစ္စမှာ စိတ်သွားတိုင်း ကိုယ်ပါဖို့ နှလုံးအားကောင်းဖို့ အရေးကြီးတယ်ဆိုတာ မေ့ထားလို့ မဖြစ်ဘူးနော်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါ နှလုံးခုန်နှုန်း မြန်စေတယ်။ နှလုံးကောင်းတော့ သက်လုံကောင်းပြီး အမောပိုခံနိုင်တယ်။ လိင်စိတ်ဆန္ဒကို တိုးလာစေပြီး ကိုယ်ခန္ဓါတွင်း သွေးလည်ပတ်မှုကောင်းစေလို့ ဖွားဖက်တော်ကိုလည်း လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေအောင် ကူညီပေးနိုင်တာပေါ့။ ဒါကြောင့် အမျိုးသားတိုင်း တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ခန့် ချွေးများများ ထွက်စေမယ့် အားကစား၊ လေ့ကျင့်ခန်းမျိုး ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။

၂။ နေ့စဉ် အစာအာဟာရကို ဂရုစိုက်စားသုံးပေးပါ။

တချို့သော အစားအစာတွေမှာ ကိုယ်ခန္ဓါအတွက် အကျိုးဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်းစေတဲ့ အာဟာရဓါတ်တွေလည်း အများအပြား ပါဝင်ပါတယ်။ သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာတွေ ဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ငရုတ်ပွ၊ အိုမီဂါ-၃ အဆီဓါတ်ကြွယ်ဝတဲ့ ဆောလ်မွန်ငါး၊ တူနာငါး၊ ထောပတ်သီး၊ သံလွင်ဆီ၊ အာရုံကြောစနစ်ကောင်းစေဖို့ ကူညီပေးတဲ့ ဗီတာမင် ဘီ-ဝမ်း ပါဝင်တဲ့ ဝက်သား၊ ပဲကို များများစားပေးသင့်ပါတယ်။ ကြက်ဥမှာလည်း လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ ဗီတာမင် ဘီအပြင် လိင်မှုကိစ္စကို အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို လျှော့ချပေးနိုင်တာကြောင့် များများ စားပေးရပါမယ်။

၃။ စိတ်ဖိစီးမှုကို လျှော့ချပါ။

စိတ်ဖိစီးမှုရဲ့ အရိပ်က ကိုယ့်ရဲ့ ကျန်းမာရေးကိုသာမက လိင်စိတ်ဆန္ဒကိုပါ သွားပြီး လွှမ်းမိုးနေပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ ရှိနေရင် လိင်မှုကိစ္စမှာလည်း အပြည့်အ၀ သာယာတဲ့ ခံစားချက်မျိုး ရစေမှာ မဟုတ်သလို ဒီစိတ်ကြောင့်ပဲ ကိုယ့်ရဲ့ ဖွားဖက်တော် ထောင်မတ်အားကို သွားပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ စိတ်ဖိစီးမှုအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ ရှိတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ တရားထိုင်ပြီးဖြစ်စေ အမြန်ဆုံး လျှော့ချဖို့ ကြိုးစားရပါမယ်။

၄။ လိင်မှုကိစ္စကို အဟန့်အတားဖြစ်စေတဲ့ အကျင့်ဆိုးတွေကို ဖျောက်ပစ်ပါ။

ဆေးလိပ်သောက်တာ၊ အရက်သောက်တာဟာ ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများစွာ ဖြစ်စေနိုင်သလို ကိုယ့်ရဲ့ လိင်စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေတဲ့ အဓိကတရားခံတွေပါပဲ။ ဆေးလိပ်နဲ့ အရက်ထဲမှာ သွေးကြောကျဉ်းစေတဲ့ ဓါတ်ပစ္စည်းတွေ အများအပြား ပါဝင်နေပါတယ်။ ကိုယ်က သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ ဒီမကောင်းတဲ့ အကျင့်ဆိုးလေးတွေကို စောစော ဖျောက်ဖို့ ကြိုးစားတာ အကောင်းဆုံးပါပဲ။

၅။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။

အိမ်ထဲမှာ နေတာကြာလာရင် လူကထိုင်းမှိုင်းပြီး တက်ကြွလန်းဆန်းနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ထဲမှာ အောင်းနေမယ့်အစား အပြင်ထွက်ပြီး နေရောင်ခြည်နဲ့ ထိတွေ့ရင်း လေကောင်းလေသန့်လေး ရှူရှိုက်ကြည့်ပါ။ နေရောင်ခြည်မှာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ဓါတ်တွေ ပါဝင်တဲ့အပြင် လိင်စိတ်ဆန္ဒကို အဟန့်အတားဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းတွေကို တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်း စောစော လမ်းလျှောက်တာ၊ ပြေးတာမျိုး ပုံမှန်လုပ်ပေးနိုင်ရင် ကိုယ့်ရဲ့ ကာမခွန်အားဟာလည်း ပုံမှန်အတိုင်း တက်ကြွလာမှာပါ။

၆။ တစ်ကိုယ်ရေ အာသာဖြေပါ။

လိင်မှုကိစ္စ ဆောင်ရွက်တဲ့အခါ ဆန္ဒပြီးမြောက်မှု မြန်တယ်ဆိုရင် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်လည်း ကာမသုခကို အပြည့်အ၀ ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ သုက်လွှတ်မြန်တဲ့ ပြဿနာတွေရှိရင် လိင်မဆက်ဆံခင် ၂နာရီလောက် ကြိုတင်ပြီး တစ်ကိုယ်ရေ အာသာဖြေထားတာ အကောင်းဆုံးပါပဲ။ အာသာဖြေရာမှာလည်း ချက်ချင်း ဆန္ဒပြီးမြောက်တာမျိုး မလုပ်ဘဲ အချိန်ဆွဲပြီး ဖြည်းဖြည်းချင်း လုပ်ပေးရင်း သုက်လွှတ်မမြန်စေဖို့ လေ့ကျင့်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။

၇။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း အမြဲအာရုံစိုက်ပါ။

လိင်မှုကိစ္စဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်က ဆန္ဒပြီးမြောက်ပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်မှာ စိတ်တိုင်းမကျမှုတွေ၊ ဆန္ဒမပြီးမြောက်သွားတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံး သာယာမှု အပြည့်အ၀ ရစေနိုင်ဖို့ ဘယ်လိုအနေအထားနဲ့ ဆက်ဆံရတာ သဘောကျလဲ၊ ဘယ်လို ပုံစံမျိုးက သူ့အတွက် သက်တောင့်သက်သာ ဖြစ်စေလဲဆိုတာ ကြိုတင်မေးမြန်းပြီး ညှိနှိုင်းမှု ယူထားတာ အကောင်းဆုံးပါပဲ။

၈။ ကိုယ့်မှာ ပြဿနာရှိတာဆိုရင် အမြန်ဆုံးဖြေရှင်းပါ။

ပြဿနာဆိုတာကတော့ အမျိုးသားအများစု ဝန်ခံရမှာ ကြောက်တဲ့ ဖွားဖက်တော် ကောင်းစွာ မထောင်မတ်နိုင်တာ၊ ပျော့ကျသွားတဲ့ ကိစ္စပါပဲ။ ဒါဟာ အမျိုးသားတွေအတွက်တော့ ရှက်စရာကောင်းနိုင်ပေမဲ့ တစ်ပွဲတိုး ကြာဆေးတွေ သောက်လိုက်တာဟာ ပြဿနာကို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းတာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ ဖွားဖက်တော် မသန်စွမ်းတဲ့ ပြဿနာရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စောစီးစွာ ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Enhancing Male Sexual Performance Naturally – https://www.healthline.com/health/male-sexual-performance#stay-active(March 14, 2019)

Ways To Improve Male Sex Performance –https://www.medicalnewstoday.com/articles/322338.php (March 14, 2019)

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 4 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။