backup og meta

စိတ်ထင်တိုင်း မသောက်သင့်တဲ့ 'ကြာဆေး'တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ထင်တိုင်း မသောက်သင့်တဲ့ 'ကြာဆေး'တွေ

    ပုံမှန်အားဖြင့် ကိစ္စတခုခုကို ဆောင်ရွက်ရတဲ့အခါ နှောင့်နှေးကြန့်ကြာတာကို လူတွေမကြိုက်ကြပေမယ့် ကြာလေပိုကြိုက်လေဆိုတဲ့ ကိစ္စတခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အားလုံး သိကြတဲ့အတိုင်း ချစ်မှုရေးရာ လိင်ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစားအသောက်၊ အနေအထိုင်၊ လေ့ကျင့်မှု စတာတွေ အများကြီးနဲ့ သက်ဆိုင်ပေမယ့် အလွယ်ကူဆုံး နည်းလမ်းဖြစ်တဲ့ ‘ကြာဆေး’တွေ သုံးစွဲခြင်းကို လူအများစုက ရွေးချယ်လိုက်ကြပါတော့တယ်။

    ယေဘုယျအားဖြင့် ဒီလိုဆေးတွေဟာ ဆရာဝန်ဆေးစာပါမှ ဝယ်ယူခွင့်ရှိတဲ့ ဆေးတွေဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ကြိုက်တဲ့လမ်းဘေးဆေးဆိုင်မှာ အလွယ်တကူ ပျော်ပျော်ကြီး ဝယ်လို့ရပါတယ်။ ဒီလိုဝယ်ယူနိုင်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ များစွာ ဖြစ်ပေါ်လာရပါတယ်။ ဘယ်လိုမျိုး ဆိုးကျိုးတွေ ပေါ်ပေါက်လာသလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

    စိတ်ထင်တိုင်း မသောက်သင့်တဲ့ ‘ကြာဆေး’တွေ

    ‘ကြာဆေး’တွေ ကို စိတ်ထင်တိုင်း မသောက်ပါနဲ့လို့ ပြောရတာက

    ‘ကြာဆေး’တွေ ဘယ်လို အလုပ်လုပ်သလဲ

    ဒီဆေးတွေရဲ့ ဆိုးကျိုးအကြောင်း မပြောခင် သူတို့တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ဦးဆုံးပြောဖို့ လိုပါလိမ့်မယ်။ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံမှာ ရှိတဲ့ တစ်ရှူးတွေဆီကို သွေးများများရောက်ဖို့ လိုပါတယ်။ ဒီဆေးတွေဟာ သွေးကြောတွေကို ကျယ်စေခြင်းအားဖြင့် လိင်တံဆီ သွေးများများ ရောက်စေပါတယ်။ ဒါပေမယ့် ပြဿနာက ဆေးရဲ့အာနိသင်ဟာ လိင်တံဆီသွားတဲ့ သွေးကြောတွေကိုသာမက ခန္ဓာကိုယ်တခုလုံးမှာ ရှိတဲ့ သွေးကြောတွေကို ကျယ်စေပါတယ်။ ဒီမှာ ဇာတ်လမ်း စ ပါတယ်။

    ‘ကြာဆေး’တွေက ဘယ်လိုအန္တရာယ်ရှိနိုင်သလဲ

    ဗိုင်ယာဂရာ၊ ဆီဒီရာ၊ ကာဗာတာ၊ မက်စ်မိတ် အစရှိတဲ့ နာမည်အမျိုးမျိုးနဲ့ ဝယ်ယူရရှိနိုင်တဲ့ ဆေးတွေဟာ Sildenafil ၅၀ မီလီဂရမ်၊ ၁၀၀ မီလီဂရမ် စသဖြင့် အစားစားပါဝင်ပြီး သင့်ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို ကျယ်စေတာမို့ သွေးပေါင်ချိန်ကိုပါ ကျသွားစေပါတယ်။

    သွေးပေါင်ချိန် အလွန်အကျွံကျဆင်းရင် သင်သတိလစ်သွားနိုင်ပြီး ဦးနှောက်ဆီသွားတဲ့ သွေးကြောတွေမှာပါ သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းလို့ ဦးနှောက်ဆီ အောက်ဆီဂျင် မရောက်တော့ဘူးဆိုရင် လေးငါးမိနစ်အတွင်းမှာကို သင်သေသွားနိုင်ပါတယ်။

    အသက်အရွယ်ကြီးရင့်သူတွေ၊ အခြားသော ဆေးဝါးများ သုံးစွဲနေရသူတွေမှာ ပိုအန္တရာယ်ရှိပါတယ်။ ဥပမာ ရင်ဘတ်အောင့်ဝေဒနာကြောင့် နိုက်ထရိတ်ဆေးဝါးတမျိုးမျိုး သုံးစွဲနေရသူတွေမှာ ‘ကြာဆေး’ရဲ့ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်အများဆုံးပါပဲ။ ဘာလို့လဲဆိုတော့ နိုက်ထရိတ်ဆေးတွေရဲ့ အာနိသင်ကလည်း သွေးကြောတွေကို ကျယ်စေတဲ့အတွက် ဖြစ်ပါတယ်။

    ဒါကြောင့် ဒီနေရာမှာ ဆရာဝန်ရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဒီဆေးတွေကို ဆရာဝန်ဆေးစာနဲ့မှ ဘာလို့ရောင်းရတာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေပါပဲ။ ဗိုင်ယာဂရာကဲ့သို့သော ဆေးတွေကို သုံးစွဲတော့မယ်ဆိုရင် သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ ရောဂါတွေ ရှိမနေဖို့ လိုအပ်သလို အထက်မှာဖော်ပြခဲ့တဲ့ နိုက်ထရိတ်လိုဆေးမျိုးကို သုံးစွဲနေသူ မဟုတ်ဖို့လည်း အထူးလိုအပ်ပါတယ်။

    ဆရာဝန်က ဒီအခြေအနေတွေကို စမ်းသပ်စစ်ဆေး အဖြေရှာပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ရောဂါတွေရှိနေပေမယ့် ‘ကြာဆေး’တွေကို အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ သုံးစွဲရတော့မယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ဆရာဝန်က ကူညီလမ်းညွှန်ပေးပါလိမ့်မယ်။ ဆေးပမာဏကို ချိန်ဆပေးပါလိမ့်မယ်။ ကိုယ့်ဖာသာ ဆေးဆိုင်က စိတ်ထင်သလို ဝယ်သောက်ရင် အသက်အန္တရာယ်နဲ့ အင်မတန် နီးစပ်ပါတယ်။

    ပန်းသေပန်းညှိုးခြင်းနောက်ကွယ်မှာ ပြဿနာတွေ ရှိနေနိုင်ပါတယ်။

    အများစုက လိင်တံမထောင်မတ်နိုင်ရင်၊ ကြာကြာမထိန်းနိုင်ရင် ဆေးနဲ့ပဲ အလွယ်ဖြေရှင်းလေ့ရှိပါတယ်။ ဒါက အမြဲတမ်းတော့ အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပန်းသေပန်းညှိုးခြင်း (လိင်တံလုံးဝ/ကောင်းစွာ မထောင်မတ်နိုင်ခြင်း)ဟာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နေနိုင်ပါသေးတယ်။ ဒါဟာလည်း အရေးကြီးတဲ့ အချက်တချက်ပါ။

    ဗြိတိန်နိုင်ငံမှာ ၂၀၁၃ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတခုအရ နှလုံးရုတ်တရက် ထိခိုက်ခြင်း ဒါမှမဟုတ် လေဖြတ်ခြင်း ဝေဒနာမခံစားရမီ ၃ – ၅ နှစ်အတွင်းမှာ ပန်းသေပန်းညှိုး ဖြစ်လာတတ်တယ်လို့ သိရပါတယ်။

    ဘာလို့လဲဆိုတော့ သင့်လိင်တံဆီသွားတဲ့ သွေးကြောတွေမှာ နှလုံးသွေးကြောတွေထက် ၂ – ၄ ဆလောက်ထိ ပိုသေးငယ်တာမို့ သွေးကြောကျဉ်း၊သွေးကြောပိတ်တဲ့ ပြဿနာကို ဦးစွာခံစားရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နှလုံးဆီသွားတဲ့ သွေးကြောအကြီးတွေပါ ပြဿနာတက်လာပြီး လေဖြတ်တာ၊ရုတ်တရက် နှလုံးရပ်တာမျိုး ဖြစ်ပေါ်လာပါတယ်။

    ‘ကြာဆေး’ကို သုံးစွဲကြသူ အမျိုးကောင်းသားတွေဟာ အမှန်တကယ် စိတ်သွားတိုင်း ကိုယ်မပါဖြစ်တာကြောင့် သုံးစွဲကြသူတွေရှိသလို ပို’ကဲ’ချင်လို့ သုံးစွဲကြသူတွေလည်း ဒုနဲ့ဒေးပါ။

    အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ အခန့်မသင့်ရင် အသက်ပါ ပါသွားနိုင်တဲ့အပြင် ပန်းသေပန်းညှိုးခြင်းဟာလည်း နှလုံးပြဿနာတခုခုကို ကြိုတင်ညွှန်းဆိုနေတဲ့ နိမိတ်ပြလက္ခဏာတခု ဖြစ်နေနိုင်တာမို့ ဒီဆေးတွေကို သုံးစွဲကြတော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲတာ အကောင်းဆုံး ဖြစ်ပါကြောင်း မျှဝေလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement