backup og meta

အမျိုးသားတိုင်း နေ့စဉ် ဒိုက်ထိုးဖို့ ဘာကြောင့် လိုအပ်တာလဲ


Ye Myo Myat မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတိုင်း နေ့စဉ် ဒိုက်ထိုးဖို့ ဘာကြောင့် လိုအပ်တာလဲ

    ဒိုက်ထိုး လေ့ကျင့်ခန်း (Push-Up) ဆိုတာ ပစ္စည်းကိရိယာ(အလေးတုံး) မလိုအပ်ဘဲ ကိုယ့်ရဲ့ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်နဲ့ ပခုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခန္ဓါကိုယ် အပေါ်ပိုင်းအတွက် ခွန်အား ဖြစ်စေတယ်။ လက်ကောက်ဝတ် နဲ့ ပခုံးရိုးတွေကို သန်စွမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးလည်ပတ်မှု ကောင်းစေတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ် လုပ်ပေးမယ်ဆိုရင် သက်လုံကောင်းစေပြီး ခါးအောက်ပိုင်းကိုပါ သန်စွမ်းစေလို့ အမျိုးသားတွေအတွက်တော့ နေ့စဉ် အလွယ်တကူ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းထဲမှာ ပါဝင်ပါတယ်။ အမျိုးသားတွေအနေနဲ့ ကျန်းမာရေးအတွက် ဒိုက်ထိုးဖို့ အချိန်လေးတော့ ပေးသင့်ပါတယ်။

    တစ်နေ့ကို ဒိုက်ဘယ်နှစ်ကြိမ် ထိုးသင့်လဲ။

    ပထမဆုံး လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ဘယ်သူမှ အကြိမ်ရေများများ ဒိုက်ထိုး နိုင်မှာ မဟုတ်ပါဘူး။ တစ်မိနစ်၊ တစ်ရက်အတွင်းမှာ ဘယ်နှစ်ကြိမ် ထိုးနိုင်လဲ၊ အချိန် ကြာလာတာနဲ့အမျှ အကြိမ်ရေ ဘယ်လောက် များများ ပိုထိုးလာနိုင်လဲ ဆိုတာကို လေ့လာလို့ ရပါတယ်။

    စတင် ဒိုက်ထိုးကာစမှာတော့ နာကျင်မှုဝေဒနာ၊ ကိုယ်လက် ညောင်းကိုက်နေတာ ခံစားမိမှာပါ။ ဒီလိုဆိုတာနဲ့ ဒိုက်ထိုးဖို့ ကိစ္စကို မစွန့်လွှတ် လိုက်ပါနဲ့။ အစောပိုင်းမှာ အကြိမ်ရေ နည်းနည်းနဲ့ စတင်ကစားရာကနေ ၂လအတွင်း တစ်နေ့ကို အကြိမ် ၁၀၀ ထိ ပုံမှန် ကစားပေးနိုင်တဲ့အထိ ကိုယ်ခန္ဓာအပေါ်ပိုင်း သန်စွမ်းလာနိုင်ပါတယ်။

    ဒိုက်ထိုးဖို့ ဘာတွေသိထားသင့်လဲ။

    • လေ့ကျင့်ခန်း မပြုလုပ်ခင်၊ ပြုလုပ်ပြီး နာရီဝက်ခြားပြီးမှ အစာစားသင့်ပါတယ်။
    • မလုပ်ခင်မှာ ကြိုတင်ပြီး ရေများများသောက်ပါ။
    • ကိုယ်တတ်နိုင်သလောက် အကြိမ်ရေအတိုင်း လုပ်ကြည့်ပါ။
    • ပုံစံတစ်မျိုးတည်း မဟုတ်တဲ့ ဒိုက်ထိုးနည်းလမ်းတွေကို စမ်းသပ်လုပ်ကြည့်ပါ။
    • ပရိုတင်းကယ်လ်စီယမ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။
    • ပုံမှန်အတိုင်း ဒိုက်ထိုးရတာ အရမ်းပင်ပန်းတယ်လို့ ခံစားရရင် ဒူးထောက်ပြီးဖြစ်စေ၊ ခြေထောက်ကို နံရံဖြင့် ကပ်ထားပြီးဖြစ်စေ ထိုးပေးပါ။
    • နောက်တစ်ခေါက် လေ့ကျင့်ခန်းမလုပ်ခင်မှာ စက္ကန့် ၃၀ ကနေ တစ်မိနစ်ခန့် နားပြီး အမောဖြေပါ။

    မှန်ကန်သော သမားရိုးကျ ဒိုက်ထိုးနည်းလမ်း

    • အရင်ဆုံး ကြမ်းပြင်၊ ဖျာပေါ် လေးဘက်ထောက် အနေအထားဖြင့် ဒူးထောက်ထားပါ။
    • ဒူးကို အနောက်သို့ ရွှေ့ပြီး ကြမ်းပြင်နဲ့ ကိုယ်ခန္ဓါ တစ်ပြေးညီတည်းဖြစ်အောင် ထားပါ။
    • တင်ပါးကို အပေါ်နည်းနည်း မြှင့်ပေးပါ။
    • ကိုယ် ကျွမ်းကျင်ရာပေါ်မူတည်ပြီး လက် ၂ဖက်ကို ကိုယ်နဲ့ စုကပ်ထားတာဖြစ်စေ၊ ဘေးနည်းနည်း ခွာပြီးဖြစ်စေ ထောက်ထားပါ။
    • ဖြည်းဖြည်းချင်း ကိုယ့်ရဲ့ ခန္ဓါကိုယ်တစ်ခုလုံးကို ကြမ်းပြင်ဆီသို့ ရောက်အောင် နှိမ့်ချပါ။
    • ဒိုက်ထိုးနေချိန်မှာ ခေါင်း၊ ကျောရိုးနဲ့ တင်ပါးဟာ တစ်သမတ်တည်း ဖြစ်နေပါစေ။
    • လက်မောင်းအားကို အသုံးပြုပြီး ခန္ဓါကိုယ်ကို မူလစခဲ့တဲ့ ပုံစံရောက်သည်အထိ အပေါ်မြှင့်တင်ပါ။
    • ဒီပုံစံအတိုင်းပဲ ၁၀ကြိမ် သို့မဟုတ် ကိုယ်လုပ်နိုင်သလောက် အကြိမ်ရေထိ ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်ပါ။ ၁၀ ကြိမ် တစ်ခေါက် ပြုလုပ်ပြီးတိုင်း ခဏအနားယူပေးပါ။
    • ပြီးသွားရင် နောက်တစ်ခေါက် ပြန်စပါ။

    လေ့ကျင့်ခန်း စတင် လုပ်ကာစမှာ ကိုယ်က ခန္ဓါကိုယ် တစ်ခုလုံးကို လှုပ်ရှားပေးဖို့ အခက်အခဲ ရှိတယ်ဆိုရင် ဒူးခေါင်းကို မဆန့်တန်းဘဲ လေးဘက်ထောက်အနေအထားဖြင့် ဒိုက်ထိုးပေးလို့ ရသလို၊ ခြေထောက်ကို နံရံနဲ့ ထိကပ်အားယူပြီး ဒိုက်ထိုးပေးလို့ ရပါတယ်။

    လက်ကောက်ဝတ်ကို အားပြုပြီး ဒိုက်မထိုးနိုင်တာ၊ လက်အရိုးအဆစ်တွေ နာကျင်ကိုက်ခဲနေပြီဆိုရင် လက်ကောက်ဝတ်အစား လက်ဖျံကို ကြမ်းပြင်နဲ့ ထိကပ်ပြီး ဒိုက်ထိုးပေးနိုင်ပါတယ်။

    ဒိုက်ထိုးနေစဉ်မှာ မလိုအပ်တဲ့ ထိခိုက်မှုမျိုးတွေ ကင်းဝေးစေဖို့

    ၁။ ဘယ် လေ့ကျင့်ခန်း ကိုမဆို နည်းစနစ်နဲ့ ကိုယ်ခန္ဓာ အနေအထား မှန်ကန်ဖို့ လိုအပ်ပါတယ်။

    ၂။ လေ့ကျင့်ကာစမှာ အားကစားအကြောင်း နားလည်တဲ့ လူကြီး သို့မဟုတ် အားကစားနည်းပြရဲ့ အကူအညီဖြင့် ကစားပေးပါ။

    ၃။ ကိုယ် ဆော့နိုင်တဲ့ အတိုင်းအတာထက် ပိုဆော့တာမျိုး မလုပ်ပါနဲ့။

    ၄။ လက်ကောက်ဝတ်၊ လက်အရိုးအဆစ်တွေ ထိခိုက်မိထားရင် ဒိုက်မထိုးပါနဲ့။

    အစပိုင်းမှာ ကောင်းကောင်း ဒိုက်မထိုးနိုင်လို့ စိတ်ပျက်တာမျိုး၊ လုံးဝ ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဒိုက်ထိုးတာ ကြာလာတာ နဲ့အမျှ ကိုယ်ခန္ဓာ အပေါ်ပိုင်းမှာ ရှိတဲ့ ကြွက်သားတွေ တောင့်တင်း သန်မာလာပြီး အကြိမ်ရေ များများဖြင့် ပြင်းပြင်းထန်ထန် လုပ်လာနိုင်မှာပါ။ အားကစား ခန်းမကို သွားဖို့ အချိန်မရှိတဲ့ အမျိုးသားတွေအတွက် အချိန် နည်းနည်း ပေးပြီး ဒိုက်ထိုးပေးရုံနဲ့ ကျန်းမာပြီး ယောက်ျား ပီသတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement