လေစိမ်းတိုက်လို့ ဖျားတာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေစိမ်းတိုက်လို့ ဖျားတာလား

    ဖျားနေပြီမလား လေတိုက်ခံတာကိုး၊လေစိမ်းတွေတိုက်ရင် ဖျားလိမ့်မယ်တဲ့။ လူကြီးမိဘတွေ အစဉ်အဆက်ပြောခဲ့ကြတယ်။ အရင်တည်းက ဒီလိုယုံကြည်လာခဲ့ကြပေမယ့် သိပ္ပံနည်းကျလေ့လာမှုတွေ၊ သုတေသနတွေအရတော့လေအေးတွေက အအေးမိတုပ်ကွေးဖြစ်စေတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

    ဒါပေမယ့် အသက်ရှူလမ်းကြောင်းစနစ်အတွက်လေအေးရဲ့သက်ရောက်မှုကို တစ်ဖက်ကနေ လေ့လာကြည့်ရအောင်ပါ။ လေအေးတိုက်တယ်ဆိုတာက အရေးပါတဲ့ခန္ဓာကိုယ်ခုခံမှုယန္တရားဖြစ်တဲ့ ချွဲသလိပ်တွေရဲ့လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ အသက်ရှူလမ်းကြောင်းတစ်ခုလုံးကို ချွဲသလိပ်အလွှာပါးတစ်ခုက ဖုံးအုပ်ထားပါတယ်။ အဆုတ်ထဲကိုအမှုန်အမွှားတွေနဲ့ရောဂါပိုးမွှားတွေမဝင်ရောက်ခင်အဲဒီအလွှာကတားဆီးဆွဲယူထားလိုက်တာဖြစ်ပါတယ်။ပြောရရင် အသက်ရှူလမ်းကြောင်းထဲက အမှုန်အမွှားတွေကို စက်ခါးပတ်တစ်ခုလို ဆွဲယူဖယ်ရှားပေးတာပါ။ ဒီအလွှာရဲ့လုပ်ဆောင်ချက်တွေက ချွဲသလိပ်တွေရဲ့ထိုက်သင့်သလောက်စေးကပ်နိုင်စွမ်း(အမှုန်တွေကို) နဲ့ ပမာဏ (အမှုန်တွေကိုဆွဲယူ၊ဖယ်ရှားရွေ့လျားနိုင်စွမ်း)ကိုမူတည်နေပါတယ်။ ဒါကိုလေတိုက်ခြင်းကြောင့်၊ ဓာတုပစ္စည်းတွေကြောင့်၊ဆေးလိပ်ငွေ့ကြောင့် ဒါမှမဟုတ် တခြားအကြောင်းကြောင့် သက်ရောက်ပြောင်းလဲစေခဲ့ရင် အသက်ရှုလမ်းကြောင်းမှာရောဂါပိုးကူးစက်ခံရလွယ်စေပါတယ်။

    လေအေးတွေက ချွဲသလိပ်ထွက်ရှိမှုကို တိုးစေဖို့နှိုးဆွတာဖြစ်ပေမယ့် ချွဲသလိပ်ဆိုတာ ရာသီဥတုပတ်ဝန်းကျင်အေးနေရင် ပိုပျစ်လာတတာ်ပါတယ်။ ဒါ့ကြောင့် လေအေးတွေကိုရှူလိုက်တဲ့အခါ ပါလာတဲ့အမှုန်အမွှားတွေကို ဖယ်ရှားရမလွယ်တော့ပါဘူး။

    နောက်တစ်ချက်က နှာခေါင်းလမ်းကြောင်းပါ။ နှာခေါင်းဟာ ရှူသွင်းလိုက်တဲ့လေကို အသုံးချပြီးနုနယ်တဲ့အဆုတ်တစ်ရှူးတွေကို ကာကွယ်နိုင်ဖို့ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရှူသွင်းလိုက်တဲ့လေရဲ့စိုထိုင်းမှုကို တစ်သမတ်တည်းဖြစ်အောင် နှာခေါင်းက အစိုဓာတ်ထိန်းညှိပေးပါတယ်။ အပူချိန်ကိုလည်း ဒီအတိုင်းပါပဲ။ ရှူသွင်းလိုက်တဲ့လေရဲ့အပူချိန်ကို တစ်စက္ကန့်ရဲ့လေးပုံတစ်ပုံအတွင်းမှာပဲ သွေးကြောသေးသေးလေးတွေရဲ့အကူအညီနဲ့ နှာခေါင်းကပြောင်းလဲပေးပါတယ်။လေအေးတွေကို နှာခေါင်းကရှူရှိုက်လိုက်တဲ့အခါ ဆံချည်မျှင်သွေးကြောလေးတွေ ကျယ်ကားလာတဲ့အတွက် အမြှေးပါးတစ်ရှူးတွေကဖောင်းလာတယ်၊လေအေးကို အပူချိန်ပြောင်းလဲပေးလိုက်ပါတယ်။ နှာစေးနှာပိတ်ဖြစ်လာတဲ့အခါ အတွင်းမှာရှိနေတဲ့ချွဲတွေက ပိုများလာ၊ ပိုပျစ်လာပါတယ်။လေအေးတွေကြောင့် နှာစေး၊နှာပိတ်ဖြစ်လာနိုင်ပြီး ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေဖယ်ရှားနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။

    နောက်ဆုံးသက်ရောက်စေတာကတော့ အဆုတ်ကို ပါပဲ။လေအေးတွေက အဆုတ်ထဲရောက်တဲ့အခါ အဆုတ်ကhistamineတွေထုတ်ပြီးတုံ့ပြန်ပါတော့တယ်။ အဲဒီအခါ နှာခေါင်း၊လည်ချောင်း တို့မှာhistamineကြောင့် ယားတာ၊ရောင်ရမ်းတာတွေဖြစ်စေတာကြောင့် ပန်းနာရင်ကျပ် သို့မဟုတ် အသက်ရှူလမ်းကြောင်းမှာ ဓါတ်မတည့်မှုဖြစ်လွယ်တဲ့သူတွေမှာ အသက်ရှူသံတရွှီရွှီနဲ့ ရင်ကျပ်စေပါတယ်။

    လေအေးတွေကြောင့် အအေးမိဖြစ်စေတာတော့မဟုတ်ပေမယ့် တစ်နည်းအားဖြင့် သွယ်ဝိုက်သက်ရောက်နိုင်တယ်၊ အအေးမိတုပ်ကွေးဖြစ်လာစေတဲ့အကြောင်းရင်းတွေကို အားပေးတာမျိုးတော့ဖြစ်နိုင်ပါတယ်။ ဒီတော့လေအေးတွေကိုရှူရှိုက်မိရင် အဆုတ်ကိုရောက်မယ့်လေကိုနွေးစေဖို့အတွက် နှာခေါင်းနဲ့ပါးစပ်နားမှာ ပဝါလေးတစ်ထည်လောက်ပတ်ထားပါ။ နှာခေါင်းနဲ့ရှူသွင်းပြီး ပါးစပ်ကရှူထုတ်ပါ။အေးတဲ့ရာသီမှာလေထုညစ်ညမ်းမှုများတတ်တာကြောင့် ပန်းနာရင်ကျပ်နဲ့အဆုတ်ရောဂါရှိသူတွေမှာ ထိခိုက်နိုင်ခြေပိုများပါတယ်။

    အအေးမိဝေဒနာ ဘယ်လိုကာကွယ်မလဲ

    • အေးနေတဲ့ရာသီဥတုမှာ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် အဆုတ်ကိုလေအေးတွေတိုက်ရိုက်မရောက်စေဖို့ ပါးစပ်နဲ့အသက်မရှူပါနဲ့။ နှာခေါင်းနဲ့ပဲ အသက်ရှူပါ။
    • ရေများများသောက်ပါ။ ချွဲတွေကို ကျဲစေပြီးရောဂါပိုးမွှားဖယ်ရှားမှုလုပ်ငန်းစဉ်ကို ပိုအထောက်အကူပေးပါတယ်။
    • လက်ကို မကြာခဏဆေးကြောပါ။
    • နေမကောင်းဖြစ်နေတဲ့သူတွေနဲ့ကြုံရင်၊ အနီးကပ်လူတစ်ဦးဦးမှာနေမကောင်းဖြစ်ရင် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်မှုကို သတိပြုပါ။ နှာခေါင်းစည်းသုံးပါ၊ လက်ဆေးပါ။

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement