ပထမ ရင်သွေးလေးက တစ်နှစ်ပြည့်ပြီ။ မေမေရဲ့ မိသားစု အစီအစဉ်က သားသားမီးမီးလေး ၂ ယောက်ယူဖို့ ဆုံးဖြတ်ထားတာမို့ နောက်ကလေးတစ်ယောက်ယူဖို့ဆုံးဖြတ်ထားတယ်။ ဒီလိုနဲ့ ဘေဘီလေး တစ်နှစ်ခွဲ လောက်မှာ နောက်ထပ် ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတယ်။ ရှေ့က ကလေးကိုလည်း ၂ နှစ် အထိမိခင်နို့ ဆက်တိုက်ချင်တယ်။ ဗိုက်ထဲက ဘေဘီလေးကိုလည်း မထိခိုက် စေချင်တဲ့ မေမေတွေရှိလား………. ဒါဆိုရင် ဒီဆောင်းပါးလေးက မေမေတို့အတွက် ပါနော်။
ကိုယ်ဝန်ဆောင်နေချိန် မိခင်နို့ ဆက်တိုက်မယ်ဆိုရင်
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နို့ဆက်တိုက်တာက စိတ်ချရလားဆိုရင်တော့ စိတ်ချရပါတယ်။ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နို့က အရောင်နဲ့ အရသာပြောင်းလဲလာတာမျိုးတော့ရှိနိုင်ပါတယ်။ အာဟာရ ပါဝင်မှုကတော့ မပြောင်းလဲပါဘူး။
ကိုယ်ဝန် ၄ လက၊ ၅လလောက်ရောက်လာတဲ့အခါ နို့အရသာက သိသိသာပြောင်းလာနိုင်ပါတယ်။ နောက်တစ်ချက်က ကိုယ်တွင်းမှာ အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိတာကြောင့် နို့ထွက်နည်းတာနဲ့ သားအိမ်ကျုံ့ဆန့်မှု အနည်းငယ်ရှိနိုင်ပေမယ့် ဗိုက်ထဲက ဘေဘီလေးကို မထိခိုက်စေနိုင်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန် နို့တိုက်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေက ဘာတွေလဲ………..
ကိုယ်ဝန်ဆောင်ချိန်မှာ နို့တိုက်မယ်ဆိုရင်
အရင်ဆုံး ဆရာဝန်နဲ့တိုင်ပင်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ နို့တိုက်တာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်တာမျိုး မဖြစ်နိုင်ဘူးဆိုပေမယ့် သေချာစေဖို့အတွက် ဆရာဝန်နဲ့ သေချာလေးတိုင်ပင်ကြည့်ဖို့ လိုပါမယ်။ တကယ်လို့ ဒီအခြေအနေမျိုးဆိုရင်တော့ နို့ဆက်မတိုက်သင့်ပါဘူး။
- ကိုယ်ဝန်ပျက်ကျနိုင်ခြေ များနေတယ် ဆိုရင်
- အမြွှာ ကိုယ်ဝန်ဆောင်ထားရတယ် ဆိုရင်
- သားအိမ်က နာမယ် ဆိုရင်
- သွေးဆင်းမယ်ဆိုရင်
- ကိုယ်ဝန်ဆောင်နေချိန်မှာ အတူနေတာမျိုး မလုပ်ဖို့ ဆရာဝန်က မှာကြားထားမယ်ဆိုရင် တော့ နို့ဆက်မတိုက်သင့်ပါဘူး။
နို့တိုက်တဲ့အခါ ထိုင်ပြီး ဒါမှမဟုတ် လှဲပြီးတိုက်ပါ
နို့တိုက်တဲ့အခါ ပေါ့ပေါ့ပါးပါးအခြေအနေက ကိစ္စမရှိပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေမယ်ဆိုရင် ကလေးကိုချီပြီး တိုက်ဖို့က ခက်ခဲပါတယ်။ ကသိကအောက် ဖြစ်သလို ဗိုက်ကို ဖိမိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဗိုက်ထဲက ဘေဘီလေးရော မေမေနဲ့ အပြင်ကဘေဘီလေးပါ အဆင်ပြေစေဖို့ဆိုရင် လှဲပြီးတိုက်တာ ဒါမှမဟုတ် ထိုင်ပြီး တိုက်တာက အဆင်အပြေဆုံးပါ။
နို့ထွက်တဲ့ပမာဏကို ဆန်းစစ်ပါ
ကိုယ်ဝန် ၄ လ၊ ၅လလောက်ရောက်တဲ့အခါ မိခင်နို့ရည်ပမဏက နည်းသွားပါပြီး ဒီအချိန်မှာ ကလေးကို ဖြည့်စွက်အာဟာရနို့တွေ တိုက်ကျွေးပေးတာမျိုးလုပ်ပေးဖို့လိုပါမယ်။ ဒါမှ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ထိခိုက်တာမျိုး မရှိမှာပါ။ ကလေးကို မိခင်နို့တိုက်တာ နည်းသွားတဲ့အခါ အခြားအာဟာရတွေ ပြည့်ဝလုံလောက်စွာ ကျွေးမိဖို့ မဖြစ်မနေလိုအပ်ပါမယ်။
အာဟာရပြည့်ဝအောင် စားသုံးပါ
အာဟာရပြည့်ဝအောင် စားသုံးဖို့က တော်တော်လေး အရေးပါပါတယ်။ မေမေရော ဘေဘီလေးတွေပါ ကျန်းမာဖို့က မေမေ အာဟာရပြည့်ဝလုံလောက်အောင် စားသုံးရမှာပါ။ ကိုယ်ဝန်လည်း ဆောင်ထားရတယ်။ နို့ကလည်း တိုက်နေသေးတယ်ဆိုရင် ပုံမှန်ထက် ပိုစားဖို့က မဖြစ်မနေလိုအပ်ပါပြီ။ တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၅၀၀ လောက် ပိုစားဖို့လိုပါမယ်။ ဒါမှ မေမေရော ဘေဘီလေးတွေပါ ကျန်းမာမှာပါ။ ရေဆာတဲ့အခါတိုင်းမှာလည်း ရေသောက်ဖို့လိုပါမယ်။ နောက်တစ်ချက်က အိပ်ရေးဝအောင် အိပ်ဖို့ပါ။
ရင်သား စစ်ဆေးမှုလုပ်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားထိပ်တွေ နာတာ၊ ရင်သား နာကျင် တောင့်တင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ရင်သားကို လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်တာ၊ ရေနွေးဝတ်ကပ်တာမျိုးတွေ လုပ်ပေးပါ။ ရင်သားတွေက တင်းပြီး တအားနာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။
စိတ်ရော ကိုယ်ပါ ကျန်းမာအောင်နေပါ
ကိုယ်ဝန်လည်းဆောင်ထားရတယ် ကလေးကိုလည်း နို့ဆက်တိုက်နေတဲ့ မေမေက ပင်ပန်းမယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ဒီအချိန်မှာ စိတ်ဖိစီးစေမယ့် ကိစ္စတွေကို တတ်နိုင်သမျှ မတွေးပါနဲ့။ နေ့ရက်တိုင်းမှာ စိတ်ရောကိုယ်ပါ လန်းဆန်းနေစေဖို့ ဂရုစိုက်ပါ။ စိတ်ဖိစီးစရာတွေ ရှိလာရင် မိခင် ဒါမှမဟုတ် ယုံကြည်ရသူကို ရင်ဖွင့်တာမျိုး လုပ်ပါ။
အာဟာရပြည့်ဝအောင် စားပြီး အိပ်ရေးဝအောင် အိပ်ပါ။ ဆေးခန်းကိုလည်း ပုံမှန်သွားရောက်ပြသလို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရယူပါ။
[embed-health-tool-ovulation]