backup og meta

ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား

    ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား ဆိုပြီး ခေါင်းထဲမှာ တွေးပူနေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။

    မေမေတွေက ဘေဘီလေး အိပ်ရင်းနဲ့ အိပ်မက်ဆိုးမက်ပြီး လန့်နေမှာကိုတောင် တွေးကြောက်နေတတ်တဲ့ သက်ရှိတွေပါ။ ဒါကြောင့်လည်း မိခင်မေတ္တာ ကြီးမားတာ်လို့ ဆိုကြတာပါ။ ဘေဘီလေးအတွက် တစ်ခုခု ဝယ်တော့မယ်၊ ဘေဘီလေးကို တစ်ခုခု ကျွေးတော့မယ်ဆိုတိုင်း ဘေဘီလေး အဆင်ပြေပါ့မလား။ တစ်ခုခုများ ဘေဘီလေးမှာ ထိခိုက်မိသွားမလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။

    ဒီတစ်ခေါက်လည်း မေမေတွေ စိုးရိမ်မိတတ်တဲ့ အချက်တွေထဲက တစ်ခုဖြစ်တဲ့ ဘေဘီလေးက ကာကွယ်ဆေး ထိုးခါနီးဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ရပါ့မလား။ ကာကွယ်ဆေး ထိုးလိုက်တာကြောင့် ဘေဘီလေးကိုများ ထိခိုက်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေအတွက် အဖြေလေး ပြောပြပေးချင်ပါတယ်။

    ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား

    ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား

    ဘေဘီလေးက ရောဂါတစ်ခုခုကြောင့် ဖျားနေတာ မဟုတ်ဘူး။ သာမန်အအေးမိပြီး နည်းနည်းလေးပဲ ကိုယ်နွေးနေတာမျိုးဆိုရင် ကာကွယ်ဆေးထိုးလို့ ရပါတယ်။ ကာကွယ်ဆေးက အချိန်ကိုက် ထိုးနှံရတာ ဖြစ်တာကြောင့် သာမန် ဖျားနာနေရုံနဲ့ ကာကွယ်ဆေး ထိုးတာကို ဆိုင်းထားတာမျိုး မလုပ်သင့်ပါဘူး။

    ဘေဘီလေးက ဒီလိုအခြေအနေမျိုးဆိုရင် ကာကွယ်ဆေး ထိုးလို့ ရပါတယ်။

    ဘေဘီလေးက ဖျားနေတယ်ဆိုပေမယ့် အခုလိုမျိုးလောက်ပဲ ဖျားနေတာဆိုရင် ကာကွယ်ဆေးကို ထိုးပေးလို့ ရပါတယ်။

    • အဖျားငွေ့ငွေ့ရှိမယ်
    • အအေးမိနေမယ်
    • နှာစေးနေမယ်
    • ချောင်းနည်းနည်း ဆိုးနေမယ်
    • နားပိုးဝင်နေမယ်
    • ဝမ်းနည်းနည်း ပျက်နေတာလောက်ပဲ​ဖြစ်မယ်ဆိုရင် ကာကွယ်ဆေးကို အစီအစဉ်အတိုင်း ဆက်ထိုးပေးတာ အကောင်းဆုံးပါ။ ဒီလိုလေး နေမကောင်းတာမျိုးကြောင့် ခန္ဓာကိုယ်က ကာကွယ်ဆေးကို တုံ့ပြန်နိုင်စွမ်း ကျမသွားပါဘူး။
    ဒီလို ဖျားနာမှုကြောင့် ကာကွယ်ဆေး ထိုးတာကို ဆိုင်းငံ့လိုက်လို့လည်း ဘေဘီလေးမှာ ထူးထူးခြားခြား ကျန်းမာရေးအတွက် ကောင်းကျိုးရှိသွားတာမျိုး မရှိနိုင်ပါဘူး။ ဘေဘီလေးကို ကာကွယ်ဆေး အချိန်မီ ထိုးပေးတာက ပြင်းထန်တဲ့ ရောဂါဆိုးတွေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။

    ကာကွယ်ဆေး ထိုးနှံတာက ဘေဘီလေးရဲ့ ဖျားနာမှုကို ပိုဆိုးသွားစေနိုင်သလား။

    ကာကွယ်ဆေးထိုးတယ်ဆိုတာက ကိုယ်ခံအားကို ရောဂါပိုးတွေကို တိုက်ဖျက်နိုင်အောင် လေ့ကျင့်ပေးတာပါ။ ဒီလို ကာကွယ်ဆေး ထိုးချိန်မှာ ဘေဘီလေးက ဖျားနေမယ်ဆိုရင် ကိုယ်ခံအားက ဖျားနာမှုကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ရသလို ကာကွယ်ဆေးကိုပါ တစ်ချိန်တည်းမှာ တုံ့ပြန်ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး။

    ကာကွယ်ဆေး ထိုးနှံတာကြောင့် ခံစားနေရတဲ့ ဖျားနာမှုကို ပိုဆိုးမသွားစေပါဘူး။ ကာကွယ်ဆေးရဲ့ တုံ့ပြန်မှုအနေနဲ့ ကိုယ်နည်းနည်းနွေးတာ၊ အဖျားငွေ့ငွေ့ ရှိတာ၊ ဆေးထိုးထားတဲ့နေရာက ရောင်တာ၊ နာတာလိုမျိုးပဲ ဖြစ်နိုင်ပါတယ်။

    ဒီလို လက္ခဏာတွေကို သက်သာစေဖို့အတွက် ပါရာစီတမောဆေးရည်လေး တိုက်တာ၊ ရေအေးဝတ်ကပ်ပေးတာ၊ ဆေးထိုးထားတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဒီလက္ခဏာတွေက ဆေးထိုးပြီး အများဆုံး ၂ ရက်အတွင်းမှာ သက်သာသွားမှာပါ။

    ဘယ်လိုအခြေအနေမှာ ကာကွယ်ဆေး ထိုးတာကို ဆိုင်းထားသင့်လဲ။

    ကလေးက သာမန်အအေးမိတာမျိုး မဟုတ်ဘဲ

    • ရာသီတုပ်ကွေး
    • နမိုးနီးယား
    • တခြားပြင်းထန်တဲ့ ပိုးဝင်တာတွေ ဖြစ်နေမယ်
    • အဖျား ၁၀၀ ဒီဂရီဖာရင်ဟိုက် ကျော်နေရင်တော့ ကာကွယ်ဆေးထိုးတာကို ဆိုင်းငံ့ထားသင့်ပါတယ်။

    ဒါ့ပြင် ကာကွယ်ဆေး အမျိုးအစားပေါ်မှာလည်း မူတည်ပါသေးတယ်။ ကာကွယ်ဆေး အများစုကို သာမန်ဖျားနာနေရင်တောင် ထိုးပေးဖို့ ရတယ်ဆိုပေမယ့် ဘေဘီလေး ထိုးရမယ့် ကာကွယ်ဆေးက ဗိုင်းရပ်စ် အရှင် ဒါမှမဟုတ် အားလျော့နေတဲ့ ဗိုင်းရပ်စ်တွေကို ထည့်သွင်းထုတ်လုပ်ထားတဲ့ MMR (ရေကျောက်) ကာကွယ်ဆေးမျိုးဆိုရင်တော့ ဘေဘီလေး ဖျားနာမှု ကသက်သာသွားတဲ့အထိ စောင့်ပြီးမှ ထိုးတာက အကောင်းဆုံး ဖြစ်မှာပါ။

    ပဋိဇီဝပိုးသတ်ဆေးသောက်နေတဲ့ ဘေဘီလေးတွေရော ကာကွယ်ဆေး ထိုးလို့ရလား။

    ထိုးလို့ရပါတယ်။  ပဋိဇီဝ ပိုးသတ်ဆေးတွေက ဘေဘီလေး ခန္ဓာကိုယ်ရဲ့ ကာကွယ်ဆေးအပေါ် တုံ့ပြန်မှုကို ထိခိုက်စေတာမျိုး မဖြစ်စေတဲ့အတွက် သာမန်ပိုးသတ်ဆေးတွေဆိုရင် ကာကွယ်ဆေးထိုးတာကို ရက်ရွေ့စရာ မလိုပါဘူး။

    ဘယ်လိုအခြေအနေမျိုးဆိုရင် ကာကွယ်ဆေး မထိုးသင့်ဘူးလဲ။

    ဘေဘီလေးက အဖျားရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ အခုလို အခြေအနေမျိုးဆိုရင်တော့ ကာကွယ်ဆေးမထိုးသင့်သေးပါဘူး။

    • ဘေဘီလေးက နာတာရှည် ရောဂါရှိမယ် ( ကင်ဆာလိုမျိုး၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါလိုမျိုး)
    • ကိုယ်ခံအား နည်းမယ် ( ကင်ဆာကုထုံး ခံယူနေတာ၊ ကိုယ်အင်္ဂါအစားထိုးတာ)

    ဒီအခြေအနေတွေက လုံးဝမထိုးရတာ မဟုတ်ဘဲ ရောဂါသက်သာလာမယ်၊ ခုခံအားပြန်တက်လာမယ်ဆိုရင် ဆရာဝန်ခွင့်ပြုချက်နဲ့ ထိုးလို့ရပါတယ်။

    • ကာကွယ်ဆေးမှာပါတဲ့ ဓာတ်ပစ္စည်းနဲ့ ပြင်းပြင်းထန်ထန် ဓာတ်မတည့်မှု ဖြစ်ဖူးတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကာကွယ်ဆေးတွေကို ထိုးနှံတာက အကောင်းဆုံးပါ။

    ဘေဘီလေးက ဖျားနေရင် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား ဆိုပြီး ခေါင်းထဲမှာ တွေးပူနေသေးလား မေမေတို့ရေ …………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement