backup og meta

ကိုယ့်ကလေးက ဘယ်လောက်စားစား မဝလာဘူးလား

ကိုယ့်ကလေးက ဘယ်လောက်စားစား မဝလာဘူးလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ဖို့အတွက် အစစ အရာရာ ဂရုစိုက်ပေးဖို့ လိုလာပါတယ်။ ကိုယ့်ကလေးကို ဉာဏ်ကောင်းစေချင်တယ်။ ကျန်းမာပြီး သန်စွမ်းစေချင်တယ်။ အရပ်ရှည်ြပီး ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးစေချင်တယ်။ ဒါတွေကတော့ ပြောစရာတောင် မလိုတဲ့ မိဘတွေရဲ့ စေတနာမေတ္တာတွေပါပဲ။

ကလေးကြီးထွားမှုလို့ ဆိုရာမှာ အစာအာဟာရနဲ့ နေထိုင်စားသောက်မှုပုံစံဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘယ်လောက်စားစား မဝလာဘူး။ ကိုယ်အလေးချိန် မတက်လာဘူး။ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကလေးက ပုသေးပြီး လူကောင်ညှက်နေလား။ ဒါဆိုရင် အရင်ဆုံး စဉ်းစားရမှာက ကိုယ့်ကလေး နေ့စဉ် စားနေတဲ့ အစာအာဟာရတွေပါပဲ။

ကိုယ့်ရဲ့ကလေးကို နေ့စဉ်ကျွေးသင့်တဲ့ အစာအာဟာရတွေက ဘာတွေလဲ။

ကိုယ်ခန္ဓါ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းလို့ ခေါ်တဲ့ အသားဓါတ်၊ အစာကြေစေတဲ့ အမျှင်ဓါတ်၊ အားအင်တွေကို ဖြစ်စေတဲ့ ကစီဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ၊ အရိုးနဲ့ သွားကို ကျန်းမာကြံ့ခိုင်စေတဲ့ ကယ်လ်စီယမ်ဓါတ်တွေ မဖြစ်မနေ ကျွေးပေးဖို့ လိုအပ်ပါတယ်။

ကိုယ့်ရဲ့ ကလေးက အစားတော့စားပါတယ်။ စားနေတဲ့ အစားအစာတွေက အာဟာရမဖြစ်တဲ့ အသင့်စား အစားအစာတွေ၊ အဆီ၊ အကြော်အလှော်နဲ့ အချိုမုန့်ပဲသရေစာတွေဆိုရင်လည်း ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေ

ပိန်နေလို့ဆိုပြီး ဆီများတဲ့ အစားအစာတွေပဲ ကျွေးမယ့်အစား ပရိုတင်းဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေ ဖြစ်တဲ့ ဥအမျိုးမျိုး၊ ပဲနဲ့ အသားတွေကို အဓိကထားပြီး ကျွေးသင့်ပါတယ်။

ကစီဓါတ် ပါဝင်မှုများတဲ့ ကန်စွန်းဥ၊ ဂျုံ၊ ပေါင်မုန့်၊ အာလူး၊ ပြောင်းဖူး အစရှိသည်တို့ကို မှန်မှန်ကျွေးခြင်းဖြင့် ကိုယ့်ကလေး နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

အရိုးနဲ့ သွားကို ကြံ့ခိုင်သန်စွမ်းစေဖို့ ကယ်လ်စီယမ်ဓါတ် များတဲ့ နို့နဲ့ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ် ပုံမှန်ကျွေးပေးဖို့ အရေးကြီးပါတယ်။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ငါး၊ အခွံမာသီးတို့ကို ပုံမှန်လေး ကျွေးပေးခြင်းဖြင့် ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ရနိုင်တဲ့အပြင် ကလေး ကျန်းမာရေးနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကူညီပေးပါတယ်။

ကလေးရဲ့ နေထိုင်စားသောက်မှု ပုံစံကို ဘယ်လိုပြောင်းလဲမလဲ။

ကိုယ့်ကလေးကို အစာကျွေးတဲ့အခါမှာ အများကြီး တစ်ခါတည်း ကျွေးလိုက်မယ့်အစား အကြိမ်ရေများများနဲ့ အာဟာရအမျိုးအစား စုံလင်စွာ ကျွေးပါ။ ကိုယ့်ကလေးက ဟင်းသီးဟင်းရွက်တွေကို စားချင်စိတ်မရှိဘူးဆိုရင်လည်း အပြစ်မတင်ပဲ ပုံစံအမျိုးမျိုး လုပ်ပြီး ချက်ကျွေးကြည့်ပါ။

သစ်သီးဝလံတွေကို သေချာလှီးစိတ်ပြင်ဆင်ပြီး ဖြစ်စေ၊ သကြားနဲ့ ပျားရည်မထည့်ပဲ ကြိတ်ဖျော်ပြီး သစ်သီးဖျော်ရည်အနေနဲ့လည်း ကျွေးလို့ ရပါတယ်။ ကလေး ကျောင်းမသွားခင်လေးနဲ့ ညမအိပ်ခင်မှာ နွားနို့ပူပူလေး တစ်ခွက် တိုက်ပေးပါ။

ကိုယ့်ကလေးရဲ့ နေထိုင်စားသောက်မှု ပုံစံဟာ သေချာအချိန်ယူပြီး ပြောင်းလဲပေးရတဲ့အရာ ဖြစ်တဲ့အတွက် စိတ်ရှည်ပေးပါ။ ကလေးကို ဗိုက်ဝရင်ပြီးရော ဆိုပြီး အစာပြေ မုန့်ပဲသရေစာတွေ ခဏခဏ စားတဲ့ အကျင့်မျိုး မလုပ်ပေးပါနဲ့။

ကိုယ့်ကလေးက အာဟာရမပြည့်ဝဘူးလို့ သံသယရှိရင်၊ အစားရွေးရင်၊ မတည့်တဲ့ အစားအစာတွေ အရမ်းများနေရင်ဖြည့်စွက်အားဆေးတိုက်ပေးသင့်ပါတယ်။ဆေးတိုက်တဲ့နေရာမှာလည်း ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ အားဆေးမျိုးတိုက်တာက ပိုပြီး စိတ်ချရပါတယ်။

ကျောင်းကပြန်လာရင်လည်းငြိမ်ငြိမ်လေး ထိုင်ပြီး စာလုပ်နေတာ၊ တီဗီကြည့်နေတဲ့ အကျင့်မျိုးဖျောက်ပေးပါ။ အပြင်ထွက်ပြီး ကစားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုး ကလေးတွေကို လုပ်ခိုင်းပါ။

ကိုယ်က သေချာဂရုစိုက်ပါလျက်နဲ့ ကလေးက ကိုယ်အလေးချိန်တက်မလာဘူး။ တခြား အရွယ်တူကလေးတွေနဲ့ ယှဉ်လို့ လူကောင်သေးနေတယ်ဆိုရင် ကလေးမှာ တခြားရောဂါအခံနဲ့ ကျန်းမာရေးပြဿနာတွေ ရှိ၊ မရှိကို ဆရာဝန်နဲ့ သေချာပြသစစ်ဆေးကြည့်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Weight Gain Tips For Underweight Kids –https://www.eatright.org/health/weight-loss/your-health-and-your-weight/safe-weight-gain-tips-for-underweight-kids (Jan 7, 2019)

Gaining Weight Tips For Kids –https://www.verywellfamily.com/gaining-weight-2633287 (Jan 7, 2019)

ယခုပုံစံ

07/07/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေရဲ့ အကျင့်ဆိုးတွေအပေါ် အသင့်စားစရာတွေရဲ့ လွှမ်းမိုးမှု

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement