ကနဦးအစပိုင်းမှာ သံဓာတ်ချို့တဲ့တဲ့ ကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာသည် ပြင်းထန်ခြင်းမရှိတဲ့အတွက် မိဘများက သာမန်နေမကောင်းဖြစ်တာပဲလို့ ထင်ပြီး သတိမပြုမိတတ်တာမျိုးတွေ ရှိပါတယ်။ ကလေးအသက်ကြီးလာတာနဲ့အမျှ သံဓာတ်တွေ ပိုမိုလိုအပ်လာသလို သံဓာတ်ရရှိမှု မလုံလောက်တဲ့အခါမှာ ခန္ဓာကိုယ်က ပြင်းထန်တဲ့ တုံ့ပြန်လက္ခဏာတွေကို ပြလာနိုင်ပါတယ်။
ကလေးတွေရဲ့ သံဓာတ်စုပ်ယူမှုကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ။
၁။ အဓိက သံဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ကျွေးပေးပါ။
အသည်း၊ အနီရောင်ရှိတဲ့ အသားများ၊ ပင်လယ်စာများ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်များ၊ အချဉ်ဓာတ်များတဲ့ အသီးအနှံများကို များများကျွေးပေးဖို့ လိုအပ်ပါတယ်။ နွားနို့ဟာ သံဓာတ်ကြွယ်ဝပေမယ့် တစ်နေ့ကို ၂ခွက်ထက် ပိုပြီးမသောက်သင့်ပါဘူး။
၂။ အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေကို များများကျွေးပေးပါ။
ဗီတာမင် စီဓာတ်ဟာ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေရုံသာမက ခန္ဓာကိုယ်ရဲ့ သံဓာတ် စုပ်ယူမှုအားကိုလည်း မြှင့်တင်ပေးနိုင်လို့ စားလိုက်တဲ့အစားအစာတွေကနေ သံဓာတ်ကို လုံလောက်စွာ ရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဘာတွေကို ကျွေးပေးရမလဲဆိုရင်
- ပန်းဂေါ်ဖီ
- စပျစ်သီး
- စတော်ဘယ်ရီသီး
- ခရမ်းချဉ်သီး
- လိမ္မော်သီး
- သံပရာသီး၊ သံပရိုသီး
- ငရုတ်ပွ
- ကီဝီသီး စတာတွေကို များများကျွေးပေးလို့ ရပါတယ်။

၃။ မိခင်နို့နဲ့ ဖြည့်စွက်စာနို့မှုန့်အာဟာရကို တွဲဖက်တိုက်ကျွေးပါ။
ကလေးတွေ အသက် ၆ လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရပါမယ်။ မိခင်နို့မှာ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို ကလေးတွေ လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်စွမ်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ အသက် ၆ လကျော်သွားရင် ကလေးတွေရဲ့ အာဟာရလိုအပ်ချက်ပိုများလာတာကြောင့် မိခင်နို့အပြင် သံဓာတ်၊ DHA၊ Omega-3 ပါဝင်တဲ့ ဖြည့်စွက်စာတွေ၊ အာဟာရနို့မှုန့်တွေကိုပါ တွဲဖက်ကျွေးပေးပါ။
၄။ တစ်နေ့တာ အစာအုပ်စုကို မျှတစွာ ကျွေးပါ။
အပေါ်မှာ ပြောပြခဲ့တဲ့ သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေအပြင် ဟင်းသီးဟင်းရွက်တွေကိုလည်း လုံလောက်စွာ ကျွေးဖို့ မမေ့ပါနဲ့။ ဂျုံကြမ်းပေါင်မုန့်တွေ၊ လတ်လတ်ဆတ်ဆတ် အသီးအနှံများကို အချိုဓာတ် မဖြည့်စွက်ဘဲ ဖျော်စက်နဲ့ ကျိတ်ပြီး သစ်သီးဖျော်ရည်တိုက်တာ၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရောပြီးချက်တာမျိုး အစရှိသဖြင့် ကျွေးလို့ရပါတယ်။
၅။ သံဓာတ်အားဆေး တိုက်ကျွေးပါ။
ကိုယ့်ရဲ့ ကလေးက အစားရွေးတယ်၊ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ သိပ်မစားဘူး ဒါမှမဟုတ် သံဓာတ်စုပ်ယူမှု အားနည်းတယ်လို့ မိဘတွေအနေနဲ့ သံသယရှိရင် ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီး ကလေးတွေအတွက် လိုအပ်တဲ့ သံဓာတ်အားဆေးတွေကို တိုက်ပေးလို့ ရပါတယ်။ သံဓာတ်ဟာ နည်းရင်လည်း မကောင်းသလို များလွန်းရင်လည်း ဒုက္ခဖြစ်စေတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် သံဓာတ်အားဆေး ဝယ်သောက်တာမျိုးထက် ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့ လိုအပ်တဲ့ သံဓာတ်ပမာဏ ပါဝင်တဲ့ အားဆေးတွေကိုသာ တိုက်ကျွေးကြဖို့ အကြံပေးလိုပါတယ်။
မိဘတွေလည်း ကိုယ်ချစ်ရတဲ့ သားသားမီးမီးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်တယ်ဆိုရင် တစ်နေ့တာ သံဓာတ်စားသုံးမှုပမာဏကို မမေ့လျော့နဲ့ သေချာဂရုစိုက်ဖို့ အကြံပေးလိုက်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။