backup og meta

အချိုကြိုက်လွန်းတဲ့ကလေးနဲ့ မိဘတွေရဲ့ စိုးရိမ်လွန်ကဲမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိုကြိုက်လွန်းတဲ့ကလေးနဲ့ မိဘတွေရဲ့ စိုးရိမ်လွန်ကဲမှု

    အချိုမကြိုက်တဲ့ ကလေးဆိုတာ မရှိသလောက်ကို ရှားပါတယ်။ အချိုရဲ့ သဘာဝက ငယ်လွန်းတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်တွေအပြင် လူကြီးတွေကိုယ်တိုင်ကိုပါ စွဲလန်းသွားစေတဲ့အထိ ကောင်းတာဆိုတော့ မိဘတွေအတွက် အမြဲ စိုးရိမ်လွန်လောက်စရာ ကိစ္စတစ်ခုလို ဖြစ်နေတတ်တာလည်း မဆန်းပါဘူးနော်။ အချိုဓာတ်ကြောင့် ကိုယ့်ရဲ့ ကလေးကျန်းမာရေး ထိခိုက်လာနိုင်လား၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ အချိုစားလွန်းတဲ့ ကလေးတွေဟာ သွားနဲ့ ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိလာနိုင်လား၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။

    ကလေးတွေရဲ့ အချိုကြိုက်တဲ့ သဘာဝ

    ကလေးအများစုက အချိုကြိုက်ပါတယ်။ ဒါကို အပြစ်တင်လို့ မရပါဘူး။ ကျန်းမာရေးအတွက် အာဟာရဓာတ် မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို တောင့်တတတ်တာ သဘာဝပါ။ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ကျွေးပေးရင်တော့ ကလေးတွေ အချိုအလွန်အကျွံစားတဲ့ ပြဿနာကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။

    မိဘတွေနဲ့ အချိုကျွေးသင့်၊ မကျွေးသင့် ဝေခွဲမရတဲ့ ပြဿနာ

    အချိုဓာတ်ဟာ အာဟာရဓာတ်လည်း မပေးစွမ်းနိုင်တဲ့အပြင် ကိုယ်ခန္ဓာကျန်းမာရေး၊ သွားကျန်းမာရေးကို ထိခိုက်စေတာ၊ စားသောက်နေထိုင်မှုပုံစံကို ပျက်စီးစေတာ မိဘတွေက နားလည်ထားပေမယ့် ကလေးတွေအတွက်တော့ နားလည်မှာ မဟုတ်ပါဘူး။

    တချို့မိဘတွေက ကလေးတွေကို အချိုလုံးဝမစားဖို့ ပိတ်ပင်တားမြစ်တယ်။ မစားနဲ့လို့ ပြောရင် ပိုစားချင်လာတာ ကလေးတွေရဲ့ အကျင့်ပါ။ လုံးဝမစားရဘူးလို့ တားမြစ်ထားလေ သူတို့တွေက မရ ရအောင် ခိုးစားမှာပါ။ ဒီလိုမျိုး ခိုးစားလိုက်တဲ့အခါ စားသင့်တဲ့ သတ်မှတ်ပမာဏထက်ကျော်လွန်သွားရင် ကလေးအတွက် ပိုပြီးဒုက္ခဖြစ်စေနိုင်ပါတယ်။

    တချို့မိဘတွေကျတော့ ကလေးတွေ စိတ်ချမ်းသာရင်ပြီးရော စားချင်တာစားပါစေ ဆိုပြီး လွှတ်ပေးထားတယ်။ ဒီအခါမှာ အထိန်းအကွပ်မရှိဘဲ ကလေးတွေ စိတ်တိုင်းကျ အချိုစားရတော့ ပျော်တယ်။ ကြာလာတော့ ကလေးက ကိုယ်အလေးချိန်တက်လာမယ်။ အစားရွေးလာမယ်။ သွားကို ထိခိုက်လာမယ်။ အဝလွန်လာမယ်။ ဆီးချိုရောဂါ စောစီးစွာ ဖြစ်လာနိုင်တယ်။

    ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို အချိုလျှော့စားဖို့ မိဘတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီလို့ ရမလဲဆိုတာကို ပြောပြပေးမယ်နော်။

    ၁။ အချိုကို မျှတစွာ စားဖို့ အလေ့အကျင့်လုပ်ပေးပါ။

    အချိုမစားရဘူးဆိုပြီး ပိတ်ပင်တာထက် တစ်နေ့ကို ပမာဏနည်းနည်းစီ ကျွေးလို့ ရပါတယ်။ အချိုကို နေ့စဉ် ပမာဏနည်းနည်းနဲ့ ပုံမှန်လေး စားပေးတဲ့ကလေးဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းသွားနိုင်သလို အချို အလွန်အကျွံစားခြင်းကိုလည်း ထိန်းချုပ်ပေးရာရောက်ပါတယ်။

    ၂။ အိမ်မှာ ကိုယ်တိုင် မုန့်လုပ်ကျွေးပါ။

    ပိတ်ရက်တွေမှာ အိမ်မှာ မုန့်အတူလုပ်စားကြတာဟာ မိသားစုတွေအတွက် ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ အပြင်ကနေ အချိုမုန့်တွေ ဝယ်ပြီးကျွေးတာထက်စာရင် အိမ်မှာ ကိုယ့်ဘာသာမုန့်လုပ်ကျွေးတာ ပိုအကျိုးရှိစေပါတယ်။ မုန့်လုပ်တဲ့အခါ သကြားလျှော့ထည့်လို့ရတဲ့အပြင် ကိုယ့်ကလေးအတွက် အာဟာရလည်း ဖြစ်စေမယ့် ပါဝင်ပစ္စည်းတွေကို ပိုထည့်ပေးလို့ရပါတယ်။

    ၃။ သကြားပါဝင်မှုများတဲ့ အအေးတွေကို သတိထားပါ။

    စတိုးဆိုင်မှာ အလွယ်တကူဝယ်လို့ ရတဲ့အအေးတွေမှာ သာမန်မုန့်တွေထက် သကြားပါဝင်နှုန်း ပိုများနေတတ်ပါတယ်။ ဒီလို အအေးတွေဟာ ကလေးတွေရဲ့ အချိုစားချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့အရာတွေပါပဲ။ သကြားဓာတ်များတဲ့ အအေးတွေ အစား သီးနှံတွေကို သေချာကြိတ်ထားတဲ့ ဖျော်ရည်တွေ၊ သဘာဝနွားနို့ ဒါမှမဟုတ် ရေကိုပဲ အဓိက တိုက်ပေးပါ။

    ၄။ အချိုနဲ့ပတ်သက်ပြီး အထူးတလည် ဂရုစိုက်တာမျိုး မလုပ်ပါနဲ့။

    မိဘတွေက အချိုနဲ့ပတ်သက်လာရင် အရမ်း အကဲပိုဂရုစိုက်တတ်ကြတယ်။ ဥပမာ – ဟင်းရွက်ကိုကုန်အောင် စားပြီးရင် ဆုချတဲ့အနေနဲ့ သကြားလုံး၊ ကိတ်မုန့် စတဲ့ အချိုတွေ ကျွေးတာမျိုး၊ အကဲပိုပြီး အချိုကို လုံးဝမစားရ အမိန့်ထုတ်ထားတာမျိုးတွေဟာ ကလေးရဲ့ အချိုစားချင်တဲ့စိတ်ကို ပိုပြီး နှိုးဆွပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် အချိုမုန့်တွေနဲ့ ပတ်သက်ပြီး အထူးတလည် ဂရုစိုက်တဲ့ပုံစံမျိုး မလုပ်ပဲ ပုံမှန်စားနေကျ အစားအစာတစ်ခုလိုပဲ သဘောထားပေးပါ။

    ၅။ ကလေးတွေ မြင်ပြီး လက်လှမ်းမှီတဲ့နေရာမှာ အချိုမုန့်တွေ မထားပါနဲ့။

    ကလေးတွေ မြင်နိုင်တဲ့နေရာ၊ အလွယ်တကူ လှမ်းယူလို့ ရတဲ့နေရာမျိုးမှာ သကြားလုံးတွေ၊ ကွတ်ကီးတွေ ထားမဲ့အစား အရောင်စုံ သစ်သီးဝလံတွေကို ပြထားတာက ကလေးတွေရဲ့ စားသောက်မှုပုံစံကို ကောင်းသော အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ထမင်းစားပြီးတဲ့အခါမှာလည်း သစ်သီးတွေကို သေချာပြင်ဆင်ပြီး ကလေးတွေကို ကျွေးတဲ့ အလေ့အကျင့်မျိုး လုပ်ထားသင့်ပါတယ်။

    ၆။ ကလေးတွေအတွက် စံနမူနာ ဖြစ်ပါစေ။

    အတုမြင်၊ အတတ်သင် လွယ်တဲ့ ကလေးတွေဟာ မိဘတွေရဲ့ နေထိုင်ပုံတွေကို အမြဲလေ့လာနေပြီး အတုယူတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ကျန်းမာပြီး အာဟာရရှိစေတဲ့ အစားအစာတွေကိုပဲ စားစေချင်တယ်ဆိုရင် ကိုယ်တိုင်က စပြီး ပြောင်းလဲဖို့ အရေးကြီးပါတယ်။ ထမင်းစားပြီး အချိုတည်းတဲ့ အမူအကျင့်တွေ၊ ရုပ်ရှင်ကြည့်ရင်း မုန့်ပဲသရေစာ စားတတ်တဲ့အကျင့်တွေ အစရှိတဲ့ မှားယွင်းနေတဲ့ စားသောက်နေထိုင်ပုံ အမူအကျင့်တွေကို မိဘတွေဘက်က အရင်ဆုံး ပြင်ဆင်သင့်ပါတယ်။

    ဘယ်လို အပြုအမူတွေကို ရှောင်ကြဉ်သင့်လဲ။

    အချိုစားတဲ့ ကလေးတွေကို အပြစ်တင်ဆူပူတာ၊ အချိုလုံးဝမစားရဘူးလို့ တားမြစ်တာမျိုး ရှောင်ကြဉ်ပေးပါ။ ကလေးတွေ အချိုစားတာ ပြဿနာ မဟုတ်ပါဘူး။ အလွန်အကျွံ မစားမိဖို့သာ အရေးကြီးတာပါ။ ကိုယ့်ကလေးရဲ့ တစ်နေ့တာ စားသင့်တဲ့ အချိုပမာဏကိုတော့ သေချာ အကန့်အသတ်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေရဲ့ စားသောက်နေထိုင်မှု ပုံစံဟာ လူကြီးတွေရဲ့ အပြုအမူပေါ်မှာ အများကြီး သက်ရောက်မှုရှိနေတာကို မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ရရှိဖို့အတွက် အစားအသောက်ကို သေချာစီမံခန့်ခွဲပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement