backup og meta

ကလေးရဲ့အမြင်နဲ့အကြားအာရုံအတွက် ဘယ်လိုပံ့ပိုးပေးကြမလဲ

ကလေးရဲ့အမြင်နဲ့အကြားအာရုံအတွက် ဘယ်လိုပံ့ပိုးပေးကြမလဲ
ကလေးတွေများ မျက်စိေကာင်းလိုက်တာ၊ နားပါးလိုက်တာ ဆိုပြီး အဖိုးအဖွားတွေပြောလေ့ရှိကြတယ်နော်။ သူတို့က ငယ်သေးတာကိုး ဆိုပြီး အားကျတဲ့လေသံလေးနဲ့ ကိုယ့်ငယ်ဘဝကိုပြန်တမ်းတမိတတ်တာမြေးလေးတွေထိန်းရင်းနဲ့ပေါ့။ ဒါပေမယ့် လူကြီးတွေ မေ့လျော့နေကြတဲ့အချက်က ငယ်ရွယ်နေတိုင်း အရာရာဖွံ့ဖြိုးမှုအရမ်းကောင်းနေမှာမဟုတ်ဘူးဆိုတာပါပဲ။ ကလေးဆိုတာနဲ့ မျက်စိကောင်း၊ နားပါး၊ ကျန်းမာထက်မြက်နေမှာ၊ သူ့အလိုလို ဖွံ့ဖြိုးလာမှာ လို့တော့ တစ်ထစ်ချမထင်ထားပါနဲ့။
ကလေးဆိုတာ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေဆဲ နုနယ်တဲ့အရွယ်မို့ အမြင်အာရုံ အကြားအာရုံ စတဲ့ ခန္ဓါကိုယ်ရဲ့ဘယ်လုပ်ဆောင်ချက်တွေမှာမဆို ပံ့ပိုးမှုလိုကိုလိုအပ်ပါတယ်။ အသက်အရွယ်အလိုက် အစာအာဟာရပံ့ပိုးမှုတွေကို အားကိုးခဲ့ရတဲ့အပြင် လူကြီးတွေဆီကမြင်ရ၊ကြားရတာတွေ၊ချော့မြှူတာတွေဆီက အရာရာသင်ယူရပါတယ်။ ထိန်းကျောင်းတာ၊ကျွေးမွေးတာ၊ သင်ပေးတာတွေရဲ့ ပံ့ပိုးမှုတွေပေါ့။ ဒါတွေမရှိဘဲ ဘယ်ကလေးမှ ကျန်းမာသွက်လက်ဉာဏ်ထက်မြက်နေမှာမဟုတ်ပါဘူး။

ကလေးရဲ့အမြင်နဲ့အကြားအာရုံကောင်းအောင် ဘယ်လိုပံ့ပိုးကြမှာလဲ

အမြင်၊အကြား၊ အနံ့၊ အရသာ နဲ့ အထိအတွေ့ ဆိုတဲ့အာရုံခံနိုင်စွမ်းတွေမှာကောင်းကောင်းဖွံ့ဖြိုးလာအောင် ပံ့ပိုးဖို့ မေမေတို့ မမေ့လျော့သင့်တဲ့ အချက်တချို့ကို အကြံပေးချင်ပါတယ်။

(၁) အာဟာရဓါတ်ေတွပြည့်ဝအောင် အလေးထားပါ

ထမင်းအများကြီးစားတိုင်း၊ ဘာကျွေးကျွေးစားတယ်ဆိုတိုင်း ဝမ်းသာမစောပါနဲ့ဦး။ ကလေးစားသုံးတဲ့အရာတွေက အာဟာရဖြစ်ရဲ့လား၊ သူ့အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေပါရဲ့လားဆိုတာ ဂရုစိုက်ပါ။ အာဟာရတစ်မျိုးမျိုးချို့တဲ့ရင် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ ချို့ယွင်းချက်ဖြစ်စေတာမို့ အရေးကြီးပါတယ်နော်။ အစာအာဟာရကရရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေက အမြင်အာရုံနဲ့ အကြားအာရုံတွေအတွက်လည်းသေချာပေါက်အကျိုးပြုမှာပါ။ မျက်စိနဲ့အမြင်အာရုံအတွက် Omega-3 fatty acids (DHA) ၊ Lutein၊ ဗီတာမင် C ၊ ဗီတာမင် E တို့နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့ ငါး၊အသီးအရွက်၊ အသီးအနှံ၊အစေ့အဆန်တွေ ကလေးအာဟာရမှာ ပါဝင်သင့်ပါတယ်။

အကြားအာရုံအတွက်ဆိုလည်း ပိုတက်ဆီယမ်၊ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ဇင့်ဓါတ်တွေပါဝင်ဖို့အလေးပေးရွေးချယ်ကျွေးမွေးသင့်ပါတယ်။ အစားကြေးများတယ်ဆိုရင်တောင်မှ ကလေးကြိုက်လောက်တဲ့ ပုံစံဖော်ပြီး ကျွေးတာမျိုး မကြာခဏအပြောင်းအလဲလုပ်ပေးလို့ရပါတယ်။ အစားနည်းတဲ့ကလေးဆိုရင်တော့ ဒီဓါတ်တွေအလုံအလောက်ပါတဲ့ဖြည့်စွက်အာဟာရတစ်မျိုးမျိုးကို ထပ်ပေါင်းပေးတာကောင်းပါမယ်။

(၂) နားနဲ့ မျက်စိကျန်းမာရေး စစ်ဆေးဖို့ မမေ့ပါနဲ့

ကလေးကို ဆရာဝန်ဆီမှာ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးနိုင်ရင်ကောင်းပါတယ်။ အသံကောင်းကောင်းကြားနိုင်ရဲ့လား၊ အမြင်အာရုံကောင်းသင့်သလောက်ကောင်းရဲ့လား၊ ဖွံ့ဖြိုးမှုက ပုံမှန်ပဲလား၊ ဘာများလိုအပ်တာရှိမလဲ ဆိုတာ မိဘက သိနေသင့်ပါတယ်။နေမကောင်းမှဆေးခန်းပြေးတာထက် အခုလိုလည်း ကလေးဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တာပြင်ဆင်ဖြည့်ဆည်းဖို့ သင့်ပါတယ်။

(၃) ကလေးနဲ့ စကားပြောပေးပါ

ကလေးကို ထိန်းနေတဲ့အချိန်၊ ကလေးနဲ့အတူရှိနေတဲ့အချိန်မှာ လူကြီးက လုပ်စရာရှိတာလုပ်၊ ကလေးကို ကစားစရာပေးထားပြီး ကိုယ့်ဘာသာဆော့ခိုင်းတာထက် အတူတူဆက်သွယ်ပြောဆိုတာက အများကြီးအကျိုးရှိပါတယ်။ သူ့ကိုအဖော်လုပ်ပြီး စကားတွေပြောပေးနေတဲ့အတွက် မိဘနဲ့ကလေးကြားမှာ ရင်းနှီးမှုတွေတိုးလာမယ်၊ အကြားအာရုံလေ့ကျင့်ပေးနိုင်မယ်၊ စကားလုံးတွေမှတ်သားနိုင်မယ်၊ဆော့ကစားရင်း မတော်တဆဖြစ်မှာတွေ ကာကွယ်ပြီးသားဖြစ်မယ်၊ စသည်ဖြင့် အများကြီးပါပဲနော်။ ကလေးက အာရုံစိုက်နားထောင်ပြီး လိုက်ပြောကြည့်လာတဲ့အထိ ဆွဲဆောင်နိုင်ရင်တော့ သိပ်တော်တဲ့မေမေပါပဲ။ ကလေးဆိုတာ ဒီလိုပဲသင်ယူမှတ်သားတတ်တာမို့ နားစိုက်ထောင်လာအောင်သာ လုပ်ပေတော့။

(၄) စာအုပ်ဖတ်ပြပါ၊ ပုံပြင်ဖတ်ပြပါ

စာအုပ်ဖတ်ပြပါဆိုတော့ ပုံပြင်စာအုပ်ပဲဖြစ်ဖို့များပါတယ်။ ဒီတိုင်းပုံပြောပြတာကလည်း အကြားအာရုံအတွက် အထောက်အကူဖြစ်ပေမယ့် ဖတ်ပြတာကျတော့ ကလေးကိုစာဖတ်တဲ့အလေ့အကျင့်မိတ်ဆက်ပေးသလိုဖြစ်စေနိုင်တယ်၊ ဖတ်ရင်းနဲ့ စာအုပ်ကို ကလေးကိုပါကြည့်ခိုင်းမယ်( သူမှတ်သားလို့ရတယ်)၊ နားလည်နိုင်စွမ်းမြင့်လာမယ်။

(၅) သီချင်းအတူနားထောင်ပါ၊ ဒါမှမဟုတ် သီချင်းဆိုပြပါ

သီချင်းတွေကို နားထောင်ရင် အကြားအာရုံလေ့ကျင့်ပေးသလိုဖြစ်မယ်၊ မှတ်ဉာဏ်ေလ့ကျင့်ပေးသလိုဖြစ်စေမယ်။ သူလိုက်ဆိုလာရင်လည်း စကားပြောနိုင်စွမ်းကိုကောင်းစေလို့ ပိုတောင်ကောင်းပါသေးတယ်။

(၆) ကစားစရာလေးတွေရွေးခိုင်းပါ

ဒီကစားနည်းအတွက်က အရင်တည်းက ကလေးကိုအရောင်တွေသင်ထားဖို့၊ ကစားစရာအရုပ်လေးတွေကို သင်ထားပေးဖို့တော့လိုပါမယ်။ ကစားစရာတွေကိုရောထားပြီး အဝါလေးက ဘယ်မှာလဲ၊ ဝက်ကလေးကဘယ်မှာလဲ ၊ ကားလေးရွေးပြပါဦးသားသားရေ စသည်ဖြင့်မေးပါ။ရွေးခိုင်းပါ။ အရုပ်ပုံလေးတွေဆွဲထားတဲ့ ကတ်ပြားတွေကိုပေးပြီးရွေးထုတ်ခိုင်းပါ။ အမေပြောတဲ့ အသံကို နားလည်နိုင်စွမ်း၊ အရောင်၊ပုံသဏ္ဍာန်ခွဲခြားနိုင်စွမ်းတွေ တိုးတက်လာပါလိမ့်မယ်။

(၇)ဆေးရောင်ခြယ်ခိုင်းပါ

ဆေးရောင်ခြယ်စာအုပ်ဝယ်ပေးထားတာက ရိုးရှင်းပေမယ့် အသုံးဝင်တဲ့နည်းပါ။ အရောင်ခွဲခြားသိနိုင်ဖို့၊ ရုပ်ပုံလေးတွေ မှတ်သားနိုင်ဖို့နဲ့ ကလေးရဲ့ကြွက်သားလှုပ်ရှားနိုင်စွမ်းတွေကို ပိုကောင်းစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.babycenter.com/0_fun-activities-to-promote-listening-skills_64504.bc

Accessed Mar 5, 2019.

https://www.webmd.com/eye-health/protecting-child-eye-sight#1

Accessed Mar 5, 2019.

https://www.healthyhearing.com/report/51181-Boost-your-hearing-with-these-power-foods

Accessed Mar 5, 2019.

https://kidshealth.org/en/parents/hear.html

Accessed Mar 5, 2019.

https://www.aoa.org/patients-and-public/good-vision-throughout-life/childrens-vision/infant-vision-birth-to-24-months-of-age/ways-to-help-infant-vision-development

Accessed Mar 5, 2019.

https://www.myopiainstitute.com/eye-care/5-tips-to-maintain-your-childrens-eyesight/

Accessed Mar 5, 2019.

ယခုပုံစံ

19/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေး နှာခေါင်းထဲ တစ်ခုခုဝင်သွားတဲ့အခါ ။ ။

ကလေးများ အကြားအာရုံချို့ယွင်းခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement