home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ်

ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ်

ကလေးက ထမင်းခွံနေချိန်မှာ ထမင်းမစားဘူးဘဲလုပ်နေတယ်၊ သိပ်နေတာကိုတော်တော်နဲ့မအိပ်ဘူး။ အရမ်းမဆော့ပါနဲ့ဆိုတာကိုတောက်တောက်နဲ့လျှောက်ပြေး နေတယ်။ ကလေးကလည်းပြောရခက်လိုက်တာ စိတ်မရှည်တော့ဘူး။ ဘယ်လိုပြောပြောမရပါလားဆိုပြီးဖြစ်နေချိန်မှာ ဘာလုပ်တတ်ကြလဲမေမေဖေဖေတို့………ကြောက်အောင်ခြောက်တယ်ဟုတ်………

ကလေးတွေကို လိုသလိုပုံစံကျစေဖို့ မိဘတွေထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခု

ကလေးက ပြောရဆိုရခက်တဲ့အချိန်မှာ မိဘအများစုထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခုရှိတယ်လေ။ ဒါကတော့ ကလေးကိုကြောက်အောင်ခြောက်ပြီး ဖြစ်စေချင်တဲ့ပုံစံအတိုင်း လုပ်ခိုင်းတာ၊ နေခိုင်းတာပါ။ ဘာတွေနဲ့ အများဆုံး ခြောက်လှန့်တတ်ကြလဲ သိလား။ ငယ်စဉ်ကတည်းက ကိုယ်တွေကိုယ်တိုင်တောင် ခြောက်ခံခဲ့ရသေးတယ်လေ။ဒေဝေါကြီးရေ လာပါ။ ထမင်းမစားဘူးလုပ်နေတယ်၊ မအိပ်သေးဘူးလား ဒေဝေါကြီးကို ခေါ်လိုက်မှာနော်ဆိုတာမျိုးလေ။ ဒီတစ်ခုတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ဂေါ်ဇီလာကြီးဆိုတာမျိုး ရုပ်ရှင်ထဲကကြောက်စရာသတ္တဝါကြီးတွေ၊ ပင့်ကူကြီး၊ အိမ်မြှောင်ကြီး၊ ကလေးဖမ်းတဲ့လူကြီးဆိုတာမျိုးတွေလေ။ ကိုယ်တိုင်တောင် အခြောက်ခံခဲ့ရဖူးတယ်ဟုတ်။

ဒီလို ခြောက်လှန့်လိုက်လို့ ကလေးကဖြစ်စေချင်တဲ့အတိုင်း ငြိမ်ငြိမ်လေးလိုက်လုပ်ပေးတာက စိတ်ကျေနပ်စရာဖြစ်ပေမယ့်ရေရှည်မှာ ကလေးအတွက် မကောင်းပါဘူး။ အကြောက်တရား ကြီးစိုးခံလိုက်ရပါတယ်နော်။ အကြောက်တရားနဲ့ ကြီးပြင်းစေမှုက ကလေးအရွယ်မှာတင်ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ အသက်ကြီးတဲ့အထိ စိတ်ထဲမှာ တစ်ချိန်လုံးစွဲနေမယ်ဆိုတာကို သတိရစေချင်ပါတယ်။

ခြောက်လှန့်မှုနည်းလမ်းကိုအများဆုံးခံကြရတဲ့ အသက်အရွယ်အပိုင်းအခြား

ဒီလိုခြောက်လှန့်မှုတွေက ပက်လက်ကလေးနေရတဲ့မွေးစအရွယ်နဲ့မှောက်တတ်၊လေးဖက်ထောက်သွားတတ်တဲ့ အရွယ်တွေမှာ မကြုံရပါဘူး။ လမ်းလျှောက်တတ်စစကားပြောတတ်စအရွယ် ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာအများဆုံးခြောက်လှန့်ခံရတာပါ။ မိဘတွေသတိမထားမိတာက ဒီအရွယ်မှာ ကလေးတွေက မှတ်ဉာဏ်ကို စတင်တည်ဆောက်နေတဲ့အရွယ်လည်းဖြစ်ပါတယ်။ ဒီမှတ်ဉာဏ်က အသက်ကြီးတဲ့အထိတောက်လျောက်ပါသွားတာပါ။ ကလေးရဲ့မှတ်ဉာဏ်က ၁ နှစ် ကနေ ၃ နှစ်အတွင်းမှာ စတင်ဖွံ့ဖြိုးတာဖြစ်ပြီး ဒီအချိန်က အဓိကသတိထားရမယ့်အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ကလေးကိုမခြောက်ပါနဲ့။ အတတ်နိုင်ဆုံး စိတ်ရှည်ရှည်နဲ့ နားလည်အောင်ရှင်းပြပေးပါ။ တစ်သက်တာအတွက် မှတ်ဉာဏ်တည်ဆောက်တဲ့အရွယ်မှာ ကလေးကို အကြောက်တရားမကြီးစိုးစေဖို့ အထူးဂရုပြုပေးပါနော်။

ကလေးကိုခြောက်လှန့်တော့ဘာတွေဖြစ်လာမလဲ

ကလေးကအရွယ်လေးရောက်လာတဲ့အခါ တစ်ယောက်တည်းဘယ်မှမသွားရဲဘူး။ရေချိုးခန်း၊ အိမ်သာသွားဖို့လည်းကြောက်တယ်။ တစ်ယောက်တည်းမအိပ်ရဲဘူး။ အိပ်နေရင်း အမေအင်္ကျီစကိုဆွဲထားတာမျိုးကြုံရတယ်။ ဒီအခါကျ မိဘတွေပြောမိတာက မရှိတာကို ဘာတွေများတွေးကြောက်နေတာလဲပေါ့။ပြန်တွေးကြည့်လိုက်နော်။ ဒါက ကိုယ်တွေလုပ်ခဲ့မိတာကြောင့် ကလေးကအကြောက်တရားနဲ့ကြီးပြင်းလာခဲ့လို့ပါ။နေလေးနည်းနည်းဝင်သွားတာနဲ့ အိမ်နောက်ဖေးမသွားရဲတော့ဘူး။ အိမ်သာထဲမဝင်ရဲဘူး။ရေချိုးခန်းထဲမသွားရဲဘူးဆိုတာတွေဖြစ်လာပြီလေ။ မရှိတာကိုတွေးကြောက်တတ်ပြီလေ။ မီးပျက်တဲ့အချိန်တွေဆိုနောက်ကနေ တကောက်ကောက်လိုက်နေရောပဲနော်။ သူ့ခမျာကြောက်တာကိုး။

ကလေးကခြောက်လှန့်မှုတွေနဲ့ကြီးပြင်းလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ကြီးထွားဖွံ့ဖြိုးမှုတွေဖြစ်လာပါတယ်နော်။

ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းမယ် -ခြောက်လှန့်မှုတွေနဲ့ ကြီးပြင်းခဲ့ရမှုက ကလေးကိုယုံကြည်မှု ကျဆင်းစေနိုင်ပါတယ်။ ကလေးက မလိုအပ်ဘဲ အရာရာကိုတွေးကြောက်နေတတ်တဲ့ အကျင့်စွဲသွားနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုခံစားရနေပါမယ် – ကလေးက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းပြီး ဘယ်သူ့ကိုမှ မယုံကြည်တော့တာမျိုးဖြစ်လာနိုင်ပါ။ ဒီအခြေအနေက ကလေးကို စိုးရိမ်စိတ်များစေပြီးရေရှည်မှာ စိတ်ဓာတ်ကျတာမျိုးခံစားရစေနိုင်ပါတယ်နော်။ ကလေးက အရာရာကို အဆိုးမြင်တတ်လာတာမျိုးလည်းဖြစ်စေနိုင်ပါတယ်နော်။

စိုးရိမ်စိတ်ကဲစေမယ် – ကလေးကအရာရာကိုစိုးရိမ်နေတတ်ပြီးကောင်းကောင်းမအိပ်တာ၊ အစားကောင်းကောင်းမစားတာမျိုးတွေရှိလာနိုင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေနည်းပြီး တစ်ယောက်တည်းနေရင်းက အထီးကျန်ဆန်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ အားနည်းသွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

အဆိုးမြင်တတ်လာမယ် – ကလေးတွေက အရမ်းငယ်သေးတဲ့အရွယ်မှာ ရိုက်သွင်းခံလိုက်ရတဲ့ အတွေးကို သက်ဆုံးတိုင်သယ်သွားတတ်ကြပါတယ်။ သူတို့အတွေးမှာ ပတ်ဝန်းကျင်ကကြောက်စရာတွေနဲ့ပြည့်နေတယ်လို့တွေးမိရင် ဘယ်အရာကို အကောင်းတွေးတော့မလဲနော်။ စိတ်ပိုင်းဆိုင်ရာအရခြောက်လှန့်ခံရတဲ့ ကလေးတွေက အခြားကလေးတွေထက် အဆိုးပိုမြင်တတ်ကြပါသတဲ့။

ငယ်စဉ်အရွယ်မှာ ခြောက်လုံးလှန့်လုံးတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေက အရွယ်ရောက်လာတဲ့အခါ စိတ်ဓာတ်ကျတာ၊ စိတ်ကစဉ့်ကလျားဖြစ်တာတွေကို အခြားသူတွေထက် ခံစားရနိုင်ခြေပိုများနေပါတယ်။ ဒါကြောင့် ကလေးကို ချစ်ရင်ခြောက်လှန့်နေတာတွေကို အခုချက်ချင်းရပ်ပါလို့ပြောပါရစေနော်။ ကလေးကိုခြောက်လှန့်ခံရမှုကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေမခံစားရစေဖို့အတွက်ခြောက်လှန့်တာမဟုတ်ဘဲ ဆန်းသစ်တဲ့နည်းလမ်းလေးတွေနဲ့ပြဿနာကိုဖြေရှင်းပါနော်။ နားလည်အောင်ရှင်းပြပေးတာ အကျိုးသင့်အကြောင်းသင့်လေးပြောပြပေးတာမျိုးပေါ့။

မှတ်ဉာဏ်တည်ဆောက်စအရွယ်မှာ စိတ်ဒဏ်ရာမရစေဖို့ ကလေးကိုခြောက်လှန့်နေတာတွေ……. အခု…….ရပ်……………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Reasons You Should Not Scare A Babyhttps://www.boldsky.com/pregnancy-parenting/baby/2014/why-you-should-not-scare-a-baby-043985.htmlAccessed Date 5 March 2019

Scaring kids with ghosts and monsters can have psychological effectshttps://lifestyle.inquirer.net/269082/scaring-kids-ghosts-monsters-can-psychological-effects/#ixzz5hGaZylzM Accessed Date 5 March 2019

Is it good to make kids afraid?https://www.psychologytoday.com/us/blog/moral-landscapes/201010/is-it-good-make-kids-afraid Accessed Date 5 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 08/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။