ကိုယ့်ဘာသာစားတတ်အောင်လေ့ကျင့်ပေးပါ
ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေကို ကိုယ်တိုင်စားနိုင်အောင်ပြင်ဆင်ပေးပြီး လွတ်လွတ်လပ်လပ်စားခွင့်ပေးလိုက်ပါ။(တစ်ဆို့စေမယ့်၊အစာနင်စေမယ့် အစားအစာမျိုးမဖြစ်အောင် သတိထားပြင်ဆင်ရပါမယ်) ကိုယ်တိုင်လုပ်ခွင့်ရမှကျေနပ်တဲ့အရွယ်မို့ သူ့ဘာသာအလုပ်ရှုပ်နေတာနဲ့တင် ထမင်းစားချိန် လျှောက်ပြေးမဆော့အားတော့ပါဘူး။
ထမင်းစားချိန်တွေကို ပျော်စရာကောင်းအောင်ဖန်တီးပေးပါ
ပျော်အောင်လုပ်ပေးရမယ်ဆိုတာနဲ့ တီဗီဖွင့်၊ ကာတွန်းကား၊ သီချင်းမြူးမြူးတွေဖွင့်ပေးထားဖို့မဟုတ်ဘူးနော်။ အဲဒါတွေက အာရုံပြောင်းထားတာဖြစ်ပေမယ့် ကလေးက တီဗီကိုအာရုံစိုက်နေတုန်း ထမင်းထိုးခွံ့ရတာ နည်းလမ်းကောင်းမဟုတ်ပါဘူး။ အာရုံသေချာမရှိဘဲ မျိုချနေတဲ့အတွက် အစာခြေစနစ်အတွက်မကောင်းသလို ဘယ်အစားအစာကိုစားမိမှန်း၊ ဘာကိုကြိုက်မှန်းမကြိုက်မှန်းမသိတော့တဲ့အတွက် အစာစားခြင်းနဲ့ပတ်သက်တဲ့ ကလေးရဲ့လေ့လာဖွံ့ဖြိုးမှုအပိုင်းမှာ အကျိုးမရှိဖြစ်စေပါလိမ့်မယ်။
အိုးပုတ်လေးတွေ၊ စားစရာအသီးအနှံအတုတွေ၊ အရုပ်လေးတွေနဲ့ပေးကစားထားတာမျိုးမှ အစားအသောက်ကို အာရုံပိုရှိစေနိုင်တယ်။ စားချင်စိတ်ပိုဖြစ်စေနိုင်ပါတယ်။ အစားအသောက်အကြောင်း၊ အခုစားနေတဲ့ဟင်းရဲ့ပါဝင်ပစ္စည်းတွေအကြောင်းရှင်းပြတာတွေ နဲ့ကလေးရဲ့အာရုံကို ဖမ်းဆုပ်နိုင်ပါတယ်။(ဥပမာ- ထမင်းခွံ့နေရင်း….သားရေ..ငါးငါး စားကြည့်ပါဦး၊ ဟောဟိုရှေ့ကရေကန်ထဲက ငါးတွေသိတယ်မလား၊ ငါးလေးတွေရေဘယ်လိုကူးလဲသိလား၊ စသည်ဖြင့် ဆက်စပ်ပြီး ကလေးနဲ့စကားပြောကြည့်လို့ရပါတယ်)
ကလေးက စားချင်စိတ်ရှိမရှိ ကိုသတိပြုကြည့်ပါ
ကလေးက မဆာဘူးဆိုရင် အတင်းမကျွေးပါနဲ့။ ဒါလေးကုန်အောင်စားနော်၊ အကုန်စားရင်ရေခဲမုန့်ကျွေးမယ်တို့ ဘာတို့ တခြားစားစရာတခုခုနဲ့ မက်လုံးမပေးသင့်ပါဘူး။ ဆုချခံရမယ့် စားစရာအတွက် စိတ်လောပြီး လက်ရှိ ဆာလောင်တာတွေ ပြည့်အောင်မစားတော့တာ၊ ဗိုက်ပြည့်တာလည်း မသိတော့တာတွေ ဖြစ်လာနိုင်ပါတယ်။
ပုံမှန်အချိန်ဇယား သတ်မှတ်ထားပါ
ဒီနေ့ ဒီအချိန်ကျွေးရင်နောက်နေ့လည်း ဒီအချိန်ပဲကျွေးပါ။ ထမင်းကျွေးချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။ ထမင်းစားနည်းတဲ့နေ့ဆိုရင် အာဟာပြည့်တဲ့သရေစာတစ်ခုခုလုပ်ကျွေးပါ။ ဥပမာ ကြက်ဥပူတင်း ကိုယ်တိုင်လုပ်ကျွေးတာမျိုး။ အတတ်နိုင်ဆုံး အပြင်စာ မုန့်တွေမကျွေးတာကောင်းပါတယ်။ အချိုရည်တွေ၊ အသင့်စားသရေစာမုန့်တွေ ခဏခဏ မကျွေးပါနဲ့။ ထမင်းစားချင်စိတ်လျော့သွားနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။