backup og meta

သွေးမြင် ရင် မူးလဲတတ်တာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးမြင် ရင် မူးလဲတတ်တာ ဘာကြောင့်လဲ

    လူတိုင်းကတော့ သွေးမြင် ရင် မူးတတ်ကြတာ မဟုတ်ပါဘူး။ တချို့သူတွေကတော့ သွေးမြင်ရင် ခေါင်းထဲမှာ ချက်ချင်းဆိုသလို မူးလာပြီး ချွေးစေးတွေပြန် မူးလဲတော့မလို ဖြစ်တတ်ကြပါတယ်။ တချို့ကျတော့လည်း ဆေးထိုးအပ်မြင်လို့ကို မရ။ မြင်တာနဲ့ သတိလစ်ချင်သလို ဖြစ်ကြတဲ့သူတွေ ရှိပါတယ်။ ဒီလိုမျိုး သူများတွေနဲ့ မတူဘဲ အလွန်အကျွံတုံ့ပြန်နေတာ ဘာကြောင့်ပါလဲ။

    သွေးမြင် တာနဲ့ မူးလဲချင်ရတဲ့ အကြောင်းရင်း

    ခန္ဓာကိုယ်မှာ သူမနှစ်မျို့တဲ့ အနေအထားတစ်ခုခုကို ကြုံရတဲ့အခါ ကိုယ်တွင်းလုပ်ငန်းစဉ်တွေကို နှေးချလိုက်တာမျိုး ရှိပါတယ်။ သွေးခုန်နှုန်းကို နှေးချလိုက်တာ၊ သွေးဖိအားကို ချလိုက်တာမျိုးပါ။ ဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ခန္ဓာကိုယ်မှာရှိနေတဲ့ Vagus nerveလို့ ခေါ်တဲ့ အာရုံကြောကို လှုံ့ဆော်ရပါတယ်။ ဒါက လူတိုင်းမှာ ရှိပါတယ်။ ဒီအာရုံကြောရော ဒီစနစ်ရောက လူတိုင်းမှာ ရှိပြီးသားပါ။ ဒါပေမယ့် တချို့လူတွေမှာ လွန်လွန်ကဲကဲ တုံ့ပြန်ပါတယ်။ ဒါကြောင့် မူးလဲတတ်တဲ့ Vasovagal syncope လို့ ခေါ်ပါတယ်။

    သွေးမြင် တာနဲ့ မူးလဲတာပဲလား။

    သွေးမြင်တာနဲ့ တန်းပြီး မူးလဲတတ်တဲ့သူရှိသလို မမူးလဲသည့်တိုင် နေလို့ မကောင်းဘဲ လဲပြိုတော့မတတ် ဖြစ်ကြတဲ့သူတွေ ရှိပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Vagus အာရုံကြောကို လှုံ့ဆော်တဲ့အခါ အောက်ပါ အချက်၂ချက် ဖြစ်လာပါတယ်။

    • ခန္ဓာကိုယ်မှာ ရှိတဲ့ parasympathetic အာရုံကြောစနစ် စပြီး အလုပ်လုပ်လာပါတယ်။ ဒါကြောင့် နှလုံးမှာ သွေးခုန်နှုန်းတွေ နှေးပြီး နှလုံးညှစ်အား ကျလာပါတယ်။
    • သွေးကြောတွေ ကျယ်လာပါတယ်။ Vaso ဆိုတာ သွေးကြောကို ခေါ်တာပါ။ သွေးကြောတွေကျယ်လာပြီး သွေးပေါင်တွေ ကျလာပါတယ်။

    ဒါကြောင့် ဦးနှောက်ကို သွေးကောင်းကောင်း မရောက်တော့ဘဲ သတိလစ်ချင်သလို ဖြစ်လာတာပဲဖြစ်ပါတယ်။

    တချို့ကျတော့လည်း ဒီလောက်မဆိုးပေမယ့်

    • ဖျော့တော့လာတာ
    • မူးလာတာ
    • အမြင်တွေ မကောင်းဘဲ အရှေ့ကိုပဲ မြင်ရတော့တာ
    • ပျို့လာတာ
    • ရှိန်းတိန်း ဖိန်းတိန်း ဖြစ်လာတာ
    • ခြေလက်တွေ အေးပြီး ချွေးစေးပြန်လာတာတွေ ဖြစ်တတ်ပါတယ်။

    ဒါက အန္တရာယ် ရှိသလား။

    Vasovagal syncopeကတော့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု ဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။ မူးမေ့မလို ဖြစ်တတ်ပေမယ့် ကိုယ်မနှစ်မျို့တာကနေ ဝေးဝေး ရှောင်လိုက်ရင်တော့ ခဏနေရင် သက်သာသွားပါတယ်။ ဒါပေမယ့် မူးလဲခဲ့မယ်ဆိုရင်တော့ မတော်တဆ ထိခိုက်ဒဏ်ရာတွေ ရနိုင်သလိုအသက်အန္တရာယ်ထိခိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ လှေကားပေါ်က ပြုတ်ကျတာ၊ ကားမောင်းနေရင်းနဲ့ မတော်တဆဖြစ်တာမျိုးပါ။

    သွေးမြင်တဲ့အခါ မမူးလဲအောင် ဘယ်လိုထိန်းကြမလဲ။

    အများစုကတော့ ၁မိနစ်လောက်ပဲ ခံစားရပြီး သက်သာလာကြပါတယ်။ ဒါပေမယ့် သက်သာလာပြီဆိုပြီး ချက်ချင်းထ၊ ပုံမှန်လှုပ်ရှားလို့ မဖြစ်သေးပါဘူး။ အနည်းဆုံး ၁၅မိနစ်၊ နာရီဝက်လောက် နားပြီးမှ ပြန်ထစေချင်ပါတယ်။

    သွေးမြင် တဲ့အခါ မမူးလဲအောင် လုပ်နိုင်တာတွေကတော့ ရင်ထဲမှာ နေလို့ မကောင်းဘူးဆိုတာနဲ့

    -မတ်တပ်ရပ်နေတယ်ဆိုရင် အန္တရာယ်ကင်းတဲ့ နေရာမှာ ထိုင်ချလိုက်ပါ။

    -တတ်နိုင်ရင် လှဲပြီး ခြေထောက်ကို အနည်းငယ် မြှင့်ထားပါ။

    -လှဲဖို့ အဆင်မပြေဘူးဆိုရင် ဒူးထောင်ပြီး ဒူးနှစ်လုံးကြားထဲကို ခေါင်းထည့်ထားပါ။

    -ခြေလက်က ကြွက်သားတွေကို တောင့်ထားပါ။ သွေးပေါင်ပြန်တက်လာအောင်ပါ။

    သွေးမြင် တာနဲ့ မမူးလဲအောင် ဘယ်လိုကာကွယ်ကြမလဲ။

    ဒီလိုမျိုး မမူးလဲအောင်တော့ ကြိုတင်ကာကွယ်လို့ မရပါဘူး။ ကိုယ်က သွေးမြင် တာနဲ့ လန့်တတ်တယ်။ မူးတတ်တယ်ဆိုရင် သွေးမမြင်အောင် နေတာက အကောင်းဆုံးပါပဲ။ ဥပမာ ဆေးခန်းသွားလို့ သွေးဖောက်ရမယ်ဆိုရင်တောင် ဆရာဝန်၊ ဆရာမကို ကြိုပြောပြီး တတ်နိုင်သမျှ မမြင်ရအောင် ဖောက်တာ၊ မူးမလဲအောင် လှဲပြီး ဖောက်တာမျိုး လုပ်သင့်ပါတယ်။

    Vasovagal syncopeက ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု တစ်ခုဖြစ်လို့ လုံးဝမဖြစ်အောင် ကာကွယ်ဖို့ ခက်ပါတယ်။ ကိုယ်မနှစ်မျို့တာကို ရှောင်ကြဉ်ဖို့ရယ်၊ မရှောင်နိုင်လို့ မူးလာပြီဆိုရင် လဲမသွားအောင် ထိန်းထားဖို့ရယ်ပဲ တတ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement