ကိုယ်ပြင်ပေးတဲ့အစားအစာကို ကလေးက အားရပါးရစားရင် မေမေတွေအနေနဲ့ ပီတိဖြစ်တယ်ဟုတ်။ ဒီဆန္ဒကလည်း အမြဲပြည့်တယ်တော့မဟုတ်ဘူးလေ။ ဒီဆန္ဒပြည့်ဖို့ဆိုရင် မေမေတို့က အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကလေးအကြိုက်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုမျိုးကလေးကို အာဟာရပြည့်ဝတဲ့အစားအစာတွေကို သူတို့စိတ်ကြိုက်ဖြစ်အောင်ပြင်ဆင်ပေးဖို့ဆိုရင် မေမေတို့သိထားသင့်တဲ့လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ ဒီလျှို့ဝှက်ချက်လေးတွေကို ဒီဆောင်းပါးထဲကနေပြောပြပေးမယ်နော်။
ကလေးတစ်ယောက်အာဟာရပြည့်ဝစေဖို့လိုအပ်မယ့်အာဟာရဓာတ်တွေကဘာတွေဖြစ်မလဲ……….
ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ကလေးတစ်ယောက် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင်
- ပရိုတင်း
- ကာဗိုဟိုက်ဒရိတ်
- ဗီတာမင် C
- ဗီတာမင် D
- ဖောလိတ်
- အမျှင်ဓာတ်
- ကယ်လ်ဆီယမ်
- Omega-3 fatty acid
- အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics)
- သံဓာတ် တို့ပြည့်စုံစွာပါဝင်နေဖို့လိုပါမယ်။
စားချင်စဖွယ် ပြင်ဆင်ကွယ်
ကလေးက အစားအစာတွေကိုနှစ်ခြိုက်စွာစားသုံးဖို့ဆိုရင် အရသာအပြင် အပြင်အဆင်ကလည်း တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ ဒါကြောင့် ကလေးအကြိုက်တွေ့စေဖို့ အရသာကောင်းဖို့ရော၊ အပြင်အဆင်လေးကပါစားချင်စဖွယ်ဖြစ်နေအောင်လုပ်ဆောင်ဖို့လိုပါမယ်။ ဒီတော့
ထမင်းကို အရုပ်ပုံလေးတွေလိုမျိုးပုံဖော်ပေးပါ – အခုနောက်ပိုင်းဆိုရင် ပုံဖော်တဲ့ ပုံစံခွက်လေးတွေကိုလည်း အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ထမင်းကို ကလေးကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံမျိုးလေးလုပ်ပေးတာက ကလေးကို ထမင်းစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်မှာပါ။
အသားကို ကြော်ကျွေးတာ – အသားကို စားရလွယ်တဲ့အတုံးလေးတွေတုံးပြီး ကြော်ပေးတာ၊ ဒါမှမဟုတ် ကလေးကြိုက်တဲ့နို့ခဲလိုအရာမျိုးနဲ့ တွဲစပ်ပြီးကြော်ပေးတာ၊ မရိုးနိစ်နဲ့တွဲစားစေတာမျိုးကလည်း ကလေးကို အစားစားစေမယ့်နည်းလမ်းလေးတွေထဲကတစ်ခုပေါ့။
ကြက်ဥကိုပြုတ်ပေးပါ – ကြက်ဥကို ပြုတ်ပြီးရင်လည်း ဒီအတိုင်းပြင်ပေးတာမျိုးထက် အရုပ်ပုံလေးတွေပုံဖော်ပြီး လှီးပေးပြင်ဆင်ပေးတာက ကလေးကို စားချင်စိတ်ပိုဖြစ်စေမှာပါ။
ဟင်းရည်ကို အရောင်အသွေးစုံစုံလင်လင်လေးချက်ပေးပါ – ကလေးအတွက် စွပ်ပြုတ်ပြုတ်ပေးတဲ့အခါ အသားစွပ်ပြုတ်ထဲကို ဟင်းရည်ဆူလာမှ အရွက်လေးကို ထည့်ပြုတ်ပေးပြီး စိမ်းစိမ်းလေးဖြစ်နေအောင်လုပ်ပေးပါ။ မုန်လာဥနီကို ပုံလှလှလေးဖော်ပြီး ထည့်ပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုလည်း စားချင်စဖွယ်ဖြစ်စေမှာဖြစ်သလို အာဟာရလည်း ပြည့်ဝစေမှာပါ။
အရွက်ကြော်ပေးတဲ့အခါမှာလည်း လှပနေဖို့ ဂရုစိုက်ပါ – အသီးအရွက်တွေကြော်ပေးတဲ့အခါမှာလည်း ပဲသီးလေးတွေကို လှလှလေးလှီးတာ၊ မုန်လာဥနီကို ပန်းပွင့်ပုံလေးတွေပုံဖော်တာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အမျှင်ဓာတ်ကြွယ်ဝစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
သစ်သီးလေးတွေကို လှလှလေးပြင်ဆင်ပေးပါ – သစ်သီးလေးတွေကိုလည်း စားရလွယ်အောင် အရွယ်တော်အတုံးလေးတွေတုံးပေးတာ၊ လှလှပပလေးပုံဖော်လှီးပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို သစ်သီးစားချင်စိတ်ဖြစ်စေမှာ အသေအချာပါ။ သစ်သီးတွေမျာလည်း ကလေးတစ်ယောက်ကို ကျန်းမာဖွ့ထွားစေဖို့ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။
ဒိန်ချဉ် – ဒိန်ချဉ်ကို အသီးလေးတွေနဲ့ရောပြီး ပြင်ဆင်ပေးတာက အမြင်လှသလို စားရတာလည်း အရသာရှိပါတယ်။ ကလေးအရိုးနဲ့သွားတွေသန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်ကြွယ်ဝစေနိုင်သလို ပရိုတင်းနဲ့ အကျိုးပြုဘက်တီးရီးယားတွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။
ငါး – ကလေးကို ငယ်စဉ်ကတည်းက ငါးစားတတ်တဲ့အကျင့်ကိုမွေးမြူပေးပါ။ ဒါက ကလေးကိုဉာဏ်ရည်ထက်မြက်စေနိုင်သလို ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အရိုးသေချာနွှင်ပြီး ငါးကျွေးပေးပါ။
သစ်သီးဖျော်ရည် – ကလေးကို အသင့်သောက်အချိုရည်ဘူးတွေပေးသောက်တာက ကလေးကျန်းမာရေးကိုရော ဉာဏ်ရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို သဘာဝသစ်သီးတွေကိုကြိတ်ပြီး အိမ်မှာကိုယ်တိုင်ဖျော်ထားတဲ့ အသီးဖျော်ရည်လေးကိုပြင်ဆင်ပေးပါ။ ဒါကကလေးကို ခန္ဓာကိုယ်ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်ကိုပြည့်ဝစေမှာဖြစ်သလို ကလေးကိုလည်း ရေဓာတ်လည်းပြည့်ဝစေမှာပါ။
[embed-health-tool-vaccination-tool]