backup og meta

ကလေးကို လေ့လာသင်ယူချင်စိတ် တိုးလာအောင် ဘယ်လိုလုပ်ဆောင်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို လေ့လာသင်ယူချင်စိတ် တိုးလာအောင် ဘယ်လိုလုပ်ဆောင်ပေးမလဲ

    ကလေးတစ်ယောက် အဆင်းရော အချင်းပါ ပြည့်စုံသူ တစ်ဦးအဖြစ် ကြီးပြင်းလာစေဖို့ တာဝန် အရှိဆုံးသူတွေက မိဘတွေပါ။ မိဘတွေက သားသမီးတွေရဲ့ လက်ဦးဆရာတွေပေါ့။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက လူမှုဆက်ဆံရေး၊ သင်ယူမှုစွမ်းရည် နဲ့ လိမ္မာရေးခြားရှိဖို့ သင်ပေးကြရပါတယ်။ ဒီတစ်ခေါက်တော့ ပညာရေးမှာ ထူးချွန်တဲ့ သားသားမီမီးတွေ ဖြစ်စေဖို့အတွက် ကလေးကို သင်ယူလိုစိတ်တွေ ဖြစ်ပေါ်လာအောင် ဘယ်လို သင်ကြားပေးရမလဲ ဆိုတာကိုပြောပြပေးမယ်နော်။

    ကလေးကို လေ့လာသင်ယူချင်စိတ် တိုးလာအောင် ဘယ်လိုလုပ်ဆောင်ပေးမလဲ

    ဒီအချက်လေးတွေက ကလေးကို လေ့လာသင်ယူချင်စိတ် တိုးလာအောင် အထောက်အပံ့ ဖြစ်စေမှာပါ။ ကလေးတစ်ယောက် သင်ယူချင်စိတ်တွေ ဖြစ်လာစေဖို့ဆိုရင် ဖေဖေမေမေတို့ကလည်း ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပေးပါနော်။

    ကလေးကို ယုံကြည်ပေးပါ

    ယုံကြည်မှုကတစ်ခုခုကိုအောင်မြင်ဖို့အတွက်တော်တော်လေးအရေးပါပါတယ်။ ဒါကြောင့်ကလေးကို မကြာခဏ ကိုယ်တွေအနေနဲ့ သူ့အပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုတဲ့အကြောင်းကို သူသိအောင်ပြောပြပေးတာဖြစ်ဖြစ် အမူအရာနဲ့ပြသပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ ဒီအလေ့အထကို ကလေးငယ်စဉ်ကတည်းက ပုံမှန်လုပ်ပေးပါ။

    ကလေးနဲ့အတူ စကားပြောပါ၊ သီချင်းဆိုပါစာအုပ်ဖတ်ပါ

    အမြဲတမ်းမဟုတ်ရင်တောင် တစ်ပတ်မှာ အနည်းဆုံး ၃ ကြိမ်လောက် ကလေးကို အချိန်ပေးပြီး စကားပြောပေးတာ၊ ကလေးနဲ့အတူတူသီချင်းဆိုပေးတာ၊ စာအုပ်တူတူဖတ်တာမျိုးလုပ်ပေးပါ။

    ဒီလိုလုပ်ပေးတာက ကလေးကိုစိတ်ပျော်ရွှင်စေသလို သင်ယူနိုင်စွမ်းကို တိုးစေမှာ အသေအချာပါ။ ကလေးနဲ့အတူတူဒီလိုလုပ်ပေးတာက ကလေးရဲ့ ဘာသာစကားစွမ်းရည်တိုးလာစေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။

    ကလေးကို တစ်ချိန်လုံး တီဗွီ ပေးမကြည့်ပါနဲ့

    ကလေးကိုတစ်ချိန်လုံးငြိမ်နေရင်ပြီးရောဆိုပြီး တီဗွီပေးကြည့်ထားတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက ကလေးကို အမြင်အာရုံထိခိုက်စေနိုင်သလို အဝလွန်တာမျိုးထိတောင်ဖြစ်စေနိုင်ပါတယ်။

    ကလေးကို တီဗွီပေးကြည့်မယ့်အစား ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင် ရွယ်တူကလေးငယ်တွေနဲ့ပေးကစားတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို သင်ယူနိုင်စွမ်းတိုးတက်စေမှာပါ။

    ကလေးရဲ့ သင်ယူမှုအပေါ်မှာ အကောင်းမြင်စိတ်လေးထားပေးပါ

    ကလေးရဲ့ ကျောင်းစာတွေ လုပ်ဆောင်မှုနဲ့ သင်ယူမှုတွေမှာ အနည်းငယ် အတိမ်းအစောင်း ဖြစ်ခဲ့ရင်တောင် ဆူတာမျိုး မလုပ်ပါနဲ့။ ကလေးကသူ့ရဲ့ အိမ်စာတွေကျောင်းက သင်လိုက်တဲ့ စာတွေနဲ့ ပတ်သက်လို့ လာမေးတဲ့အခါမှာလည်းအော်ငေါက်တာမျိုး မလုပ်ပါနဲ့ သေချာနားလည်အောင် ရှင်းပြပေးပါ။ ကလေးနားလည်လွယ်မယ့် နည်းလမ်းလေးတွေ ရှာပြီး သေချာ ပြောပြပေးပါ။ သင်ယူမှု ကောင်းမွန်ဖို့က အရေးပါတယ် ဆိုတာကို ကလေးနားလည်အောင် ပြောပြပေးပါ။

    ကလေး အိမ်စာတွေ လုပ်ရဲ့လား စစ်ဆေးပါ

    ကျောင်းနေပျော်မှ စာတော်မယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ ကလေးကျောင်းနေပျော်ဖို့ ဆိုတာက နေ့စဉ် ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေပြီးအောင် လုပ်ဖို့လည်း လိုပါမယ်။

    ဒါကြောင့် ကလေးကို ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်အောင် အိမ်စာတွေ ပုံမှန် လုပ်ရဲ့လားဆိုတာကို သေချာလေး ဂရုစိုက်ပေးပါနော်။ ကလေးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိမ်စာ လုပ်နိုင်မယ့် နေရာလေး တစ်ခု ဖန်တီးပေးပါ။ ကိုယ်ပိုင် စာကြည့်စားပွဲလေး ဖြစ်ဖြစ်ပေါ့။

    ကလေး ဝါသနာ ပါတာကို လုပ်ခွင့်ပေးပါ

    ကလေးတွေက သူတို့ ဝါသနာပါတာကို လုပ်ရတဲ့အခါ ဉာဏ်ပိုကောင်းတတ်ကြပါတယ်။ သင့်အနေနဲ့ ကလေးကို သင်ယူမှု ကောင်းတဲ့ သူတစ်ဦး ဖြစ်စေချင်တယ်ဆိုရင်တော့ ကလေးကို သူဝါသနာပါတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်အောင် ကူညီပေးလိုက်ပါ။

    သူတို့ဝါသနာပါတဲ့ အကြောင်းကို တိုင်ပင်ဆွေးနွေးပေးပါ။ ဥပမာ ကလေးက စာအုပ်ဖတ်ရတာ ကြိုက်တယ်ဆိုရင် ဘယ်လို စာအုပ်မျိုးကို ပိုကြိုက်လဲဆိုတာနဲ့ ဘာကြောင့် အဲ့လို စာအုပ်မျိုးကို ကြိုက်ရတာလဲ ဆိုတာကိုပြောပြခိုင်းပါ။

    အောင်မြင်မှု သေးသေးလေး ဖြစ်ပါစေ၊ ချီးမွမ်းပေးပါ

    လူတိုင်း ချီးမွမ်းတာကို ကြိုက်ပါတယ်။ ကလေးတွေဆို ပိုလို့တောင် ကြိုက်ပါတယ်။ ကလေးဆိုတဲ့ အမျိုးက အချော့ကြိုက်တဲ့ အမျိုးပါ။ ဒါကြောင့် ကလေးက စာတွေလုပ်လို့ ပြီးသွားတဲ့အခါဖြစ်ဖြစ် သင်္ချာပုစ္ဆာတွေကို မှန်အောင်တွက်နိုင်တဲ့ အခါမှာဖြစ်ဖြစ် ကလေးကို တော်လိုက်တာလို့ ချီးမွမ်းဖို့မမေ့ပါနဲ့။

    နေ့ရက်တိုင်းမှာ ကလေးကို သင်ယူနိုင်ခွင့် ဖန်တီးပေးပါ

    ကလေးကို သူနေ့စဉ်ကြုံတွေ့နေရတဲ့ အရာတွေ၊ ထိတွေ့နေကျဖြစ်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ရှင်းပြပေးပြီး သင်ယူနိုင်စွမ်း တိုးအောင် လုပ်ပေးပါ။ အသစ်အဆန်းတွေကို ဖော်ထုတ်သိရှိနိုင်အောင် ကူညီပေးပြီး တွေ့ကြုံလိုက်ရတဲ့ အဖြစ်အပျက်ပေါ်မှာ ကလေးရဲ့ သဘောထားကို မေးမြန်းခြင်းဖြင့် ကလေးကို သင်ယူလိုစိတ်တိုးလာအောင် လှုံ့ဆော်ပေးလိုက်ပါ။

    အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေအပြင် ကလေးကို အာဟာရပြည့်ဝအောင်ကျွေးမွေးတာကလည်း ကလေးရဲ့ သင်ယူနိုင်စွမ်းကို တိုးစေနိုင်ပါတယ်။ ကလေးရဲ့နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဦးနှောက်နဲ့အမြင်အာရုံကို ဖွံ့ဖြိုးစေတဲ့ DHA, Omega 3 နဲ့ Omega 6 တို့ပါဝင်အောင် ဂရုစိုက် ကျွေးမွေးပေးပါ။ ကလေးကို အသား၊ငါး၊ အသီးအရွက်နဲ့ အခြားအာဟာရ ဖြစ်စေမယ့် အစားအသောက်တွေကို အရသာရှိရှိလေး ပြင်ဆင်ပေးပြီး လက်ဦးဆရာတွေရဲ့ တာဝန်ကိုကျေပွန်လိုက်ပါနော် ဖေဖေမေမေတို့ရေ…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement