backup og meta

အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ

    အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။ စားလိုက်တဲ့ အစားအစာတိုင်း သန့်ရှင်းဖို့ဘာကြောင့်အရေးပါတာလဲ။ အစားအစာသန့်ရှင်းဘေးကင်းရေးက ယနေ့ခေတ်ကာလမှာ လူတွေအကြား အများဆုံးပြောဖြစ်နေကြတဲ့ ကိစ္စရပ်တစ်ခုပါ။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ရောဂါပိုးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် အစာအာဟာရက တော်တော်လေးအရေးပါပါတယ်။ ဒီအရေးပါတဲ့ အစာအာဟာရကို ဘေးကင်းစိတ်ချရအောင် ဂရုစိုက်ဖို့လိုအပ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ လူတိုင်းအတွက် အရေးပါတဲ့ အစားအစာဘေးကင်းရေးက အစာခြေစနစ်ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက်ဆို နှစ်ဆတိုးပြီးတောင် ပိုအရေးကြီးပါသေးတယ်။

    ကိုယ်တိုင်အတွက်ရော ကလေးအတွက်ပါ အစားမစားခင်မှာ ဒီအချက်လေးတွေ သတိထားပေးပါ

    ယနေ့ခေတ်လိုမျိုး မအားမလပ်နိုင်အောင် အလုပ်များလှတဲ့ ခေတ်ကာလထဲမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ကျန်းမာရေးကောင်းဖို့ဆိုတာက ကျန်းမာတဲ့အစားအသောက်တွေကို စားသုံးဖို့နဲ့ ဘေးကင်းတဲ့ အစားအသောက်တွေကို စားသုံးမိဖို့ လိုပါတယ်။ ဒီတော့ အစားအစာစားတဲ့အခါ ဒီအချက်လေးတွေကို သတိထားဖို့ မမေ့ပါနဲ့။

    • စားသုံးမယ့် အစားအစာက တည့်ရဲ့လား
    • အစားအသောက်ပြင်ဆင်ပုံက သန့်ရှင်းရဲ့လား
    • အစားအစာထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေပါနေလား
    • အရောင်ပြောင်းနေလား။ မဖြစ်သင့်တဲ့အရောင်ဖြစ်နေလား။
    • အနံ့ပြောင်းလဲနေတာမျိုးရှိလား
    • အရသာတစ်ခုခုထူးခြားနေလား (ပုံမှန်မဟုတ်တဲ့အရသာ)
    • မှိုတွေဖြစ်နေလား
    • ရက်လွန်နေလားဆိုတာတွေကိုသေချာစစ်ဆေးပါ။

    အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ

    အစာအာဟာရက စားသုံးလိုက်တိုင်း အာဟာရဖြစ်စေတာမဟုတ်ပါဘူး။ အာဟာရမျှတပြီး သန့်ရှင်းမှ ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်မှာပါ။ တကယ်လို့ စားလိုက်တဲ့အစားအစာတွေက သန့်ရှင်းမှုအားနည်းမယ်ဆိုရင်တော့ –

    အစားအစာသန့်ရှင်းမှုအားနည်းတဲ့အခါ ကူးစက်ခံရနိုင်တဲ့ရောဂါပိုးတွေအကြောင်း တစေ့တစောင်း

    သန့်ရှင်းမှုအားနည်းတဲ့ အစားအစာကိုစားသုံးမိတဲ့အခါ စားသုံးမိပြီး ၄၈ နာရီအတွင်းမှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ အချိန်က ဒီထက်လည်းပိုမြန်နိုင်ပါတယ်။ အစားအစာသန့်ရှင်းမှု အားနည်းတဲ့အခါ အခုလိုရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။

    Campylobacter ဘက်တီးရီးယား

    အစာအစာတွေကနေ အများဆုံးကူးစက်နိုင်တဲ့ ရောဂါပိုးတစ်မျိုးပေါ့။ အသားစိမ်း၊ ငါးစိမ်းတွေ၊ သေချာချက်ပြုတ်မထားတဲ့ အသားတွေ၊ ပိုးသတ်မထားတဲ့ နို့တွေနဲ့ သန့်ရှင်းမှုအားနည်းတဲ့ သောက်သုံးရေတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်တာတော့ သိပ်မရှိပါဘူး။ မဖြစ်နိုင်တာတော့ မဟုတ်ဘူးပေါ့။ ကြောင်တွေ၊ ခွေးတွေရဲ့ မစင်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ

    • ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်၊
    • ဝမ်းသွားရင်သွေးပါမယ်၊
    • အော့အန်မယ်၊
    • ဗိုက်နာမယ်၊
    • အဖျားတက်မယ် စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

    Salmonella ဘက်တီးရီးယား

    ကြက်ဥ၊ ဘဲဥ အစိမ်းတွေ၊ သေချာချက်ပြုတ်မထားတဲ့ ဥအမျိုးမျိုး၊ နွားနို့အစိမ်းတွေ၊ နို့ထွက်ပစ္စည်းတွေ နဲ့ ပင်လယ်စာတွေမှာ ပေါက်ဖွားရှင်သန်နေနိုင်ပါတယ်။ အစားအသောက်တွေကို ကိုယ်တွယ်မှုကနေတဆင့်လည်း ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူစက်ခံရတဲ့အခါ

    • အဖျားတက်မယ်
    • ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်
    • ဗိုက်အောင့်မယ်
    • အရေပြားမှာ အနီရောင်အစက်ကလေးတွေဖြစ်နေတာမျိုးတွေ ခံစားရနိုင်ပါတယ်။

    တစ်ခါတလေမှာ ဒီရောဂါပိုးက ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိပြင်းထန်တာမျိုးဖြစ်နိုင်ပါတယ်။

    E coli ဘက်တီးရီးယား

    သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေ၊ သောက်သုံးရေတွေကနေတဆင့် ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ နွားရဲ့ မစင်ကနေ ကူးစက်နိုင်သလို တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ ရေအိမ်အသုံးပြုပြီးချိန်မှာ လက်မဆေးတာတွေကြောင့် ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။ ဒီရောဂါပိုးကူးစက်ခံရတဲ့အခါ

    • သွေးဝမ်းသွားတာ
    • ဗိုက်ထဲက မခံမရပ်နိုင်အောင်အောင့်တာလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။

    Norovirus

    ဒီရောဂါပိုးကိုNorwalk-like virus (NLVs) ဒါမှမဟုတ် calicivirus လို့လည်းခေါ်ကြပါတယ်။ သန့်ရှင်းမှုမရှိတဲ့အစားအစာ၊ အသုံးအဆောင်တွေ နဲ့သန့်ရှင်းမှုအားနည်းတဲ့ ပတ်ဝန်းကျင်အခြေအနေတို့ကြောင့်ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးကူးစက်ခံရတဲ့အခါ ခဏခဏအော့အန်တာမျိုးဖြစ်နိုင်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ရေဓာတ်ဆုံးရှုံးတာမျိုးမဖြစ်စေဖို့ ဂရုစိုက်ပေးရပါမယ်။

    ဒီရောဂါတွေဟာ အဖြစ်များပြီး မသန့်ရှင်းတဲ့အစားအသောက်တွေကို စားသုံးမိတာနဲ့ အလွယ်တကူ ကူးစက်နိုင်တာကြောင့် အစားအသောက်ပြင်ဆင်တာပဲဖြစ်ဖြစ်၊ ရွေးချယ်ဝယ်ယူတာပဲဖြစ်ဖြစ်မှာ သန့်ရှင်းမှုကို အထူးဦးစားပေးရပါမယ်။ သန့်ရှင်းမှုစံနှုန်းတွေကို လိုက်နာပြီး အဆင့်ဆင့် ဖြတ်သန်းကျော်ဖြတ်ရတဲ့ အစားအသောက်တံဆိပ်တွေ၊ အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရပါမယ်။

    အစာအစာသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေ ကင်းဝေးစေဖို့ ဒီအချက်လေးတွေကို လိုက်နာပါ

    သန့်ရှင်းရေးဂရုစိုက် – တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ အစားအစာမပြင်ဆင်ခင် လက်ကို သေချာဆေးကြောပေးပါ။ အစားအစာပြင်ဆင်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို သေချာသန့်ရှင်းအောင်ထားပါ။ လိုအပ်ရင် ရေနွေးနဲ့ ဆပ်ပြာအသုံးပြုပြီး ဆေးကြောသန့်စင်ပါ။

    သီးခြားခွဲထားပါ – အသီးအနှံတွေ၊ အရွက်တွေကို အသား၊ ငါးတွေနဲ့ရောမထားပါနဲ့။ ရောဆေးတာမျိုးမလုပ်ပါနဲ့။ သီးသန့်ခွဲထားပါ။

    သေချာကျက်အောင်ချက်ပြုတ်ပါ – အစားအစာတွေချက်တဲ့အခါ သေချာကျက်အောင် ချက်ပြုတ်ပေးပါ။ ရောဂါပိုးတွေ ကူးစက်မှုကနေ ကာကွယ်နိုင်စေဖို့ပါ။

    ရေခဲသေတ္တာထဲထည့်ပါ – အချို့အစားအသောက်တွေက အခန်းအပူချိန်မှာထားရင် ရောဂါပိုးတွေ ပေါက်ဖွားနိုင်တာကြောင့်ရေခဲသေတ္တာထဲမှာ သေချာထုတ်ပိုးပြီး ထည့်ထားပါ။

    စားဖို့ မသင့်တော်တဲ့အခါ လွှင့်ပစ်ဖို့ မနှမြောပါနဲ့ – အစားအစာတွေက သိုးသွားရင်ဖြစ်ဖြစ်၊ ရက်လွန်နေရင်၊ အရောင် ဒါမှမဟုတ် အနံ့ပြောင်းနေရင်၊ စားသုံးဖို့မသင့်တော်တဲ့ အနေအထားတစ်ရပ်ရပ်ဖြစ်နေမယ်ဆိုရင် လွှင့်ပစ်လိုက်ပါ။ မနှမြောပါနဲ့။

    အစားအစာဘေးကင်းစိတ်ချရမှု စံနှုန်းသတ်မှတ်ချက်ကို ကြည့်ရှုစစ်ဆေးပါ – အစားအသောက်မှာဆိုရင် အစားအစာ ဘေးကင်းစိတ်ချရမှုစံနှုန်းသတ်မှတ်ချက်နဲ့ စစ်ဆေးမှုအဆင့်တွေ ပါဝင်တတ်ပါတယ်။ အဲဒါတွေကို သေချာစစ်ဆေးဝယ်ယူပါ။ ဘေးကင်းစိတ်ချရမှုစံနှုန်းမြင့်မားတဲ့ တံဆိပ်တွေကို ရွေးချယ်ဝယ်ယူပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement