backup og meta

ဖျားနေတဲ့ ရင်သွေးလေးကိုဘယ်လိုဂရုစိုက်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖျားနေတဲ့ ရင်သွေးလေးကိုဘယ်လိုဂရုစိုက်မလဲ

    သားသားမီးမီးလေးတွေကျန်းမာနေတာကမေမေ့အတွက်ပျော်စရာတစ်ခုပါ။ သားသမီးလေးတွေ ကျန်းကျန်းမာမာနဲ့သောင်းကျန်းဆော့ကစားနေတာက ထိန်းရသိမ်းရပင်ပန်းတယ်ဆိုပေမယ့် ဖျားနေတာထက် ပိုကောင်းတယ်ဆိုတာကို လက်ခံတယ်မှတ်လားမေမေတို့။ ဒီခံစားချက်ကိုမေမေတွေပဲပိုနားလည်မှာပါ။ ကလေးနေမကောင်းဖြစ်တာကတော်တော်လေးစိတ်ဖိစီးရသလို ပင်ပန်းခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ။ မိခင်ဘဝရဲ့ ခက်ခဲတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း အမှန်ပဲပေါ့။

    မေမေတို့အတွက် အသုံးတည့်စေမယ့် ကလေးတွေဖျားနာတဲ့အခါ ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးလိုပါတယ်။ ကလေးကအရမ်းငယ်နေသေးတဲ့အရွယ်ဖြစ်မယ်ဆိုရင် မိဘတွေက ကလေးရဲ့ အမူအရာလေးတွေကို ကြည့်ပြီး ဘယ်နေရာမှာနေမကောင်းဖြစ်နေလဲဆိုတာကို စဉ်းစားရတာကလည်း မိခင်ဘဝရဲ့တာဝန်တစ်ရပ်ပါ။ ကိုယ်ရဲ့ ရင်သွေးလေးတွေကို ခံစားနေရတဲ့ဝေဒနာတွေ သက်သာအောင်လုပ်ပေးချင်တာကတော့ မိဘတိုင်းလိုလိုမှာရှိနေမယ့်မေတ္တာတရားပေါ့။ဘေဘီလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါဘယ်လိုများပြုစုပေးမလဲ ဆက်ကြည့်လိုက်ရအောင်ပါ။

    ကလေးတွေနေထိုင်မကောင်းတဲ့အခါ အခုလိုပြုစုပေးပါ

    (၁) ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ

    ကလေးကဖျားနေတဲ့အခါမျိုးမှာ ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာလာစေဖို့အတွက်လည်း အားပေးစကားလေးတွေပြောပေးပါ။ အရင်ကထက်ပိုဂရုစိုက်ပေးပါ။

    • ကလေးအနားမှာထိုင်ပါ၊
    • ပုံပြင်စာအုပ်ဖတ်ပြပေးပါ၊
    • သီချင်းဆိုပြပေးပါ၊
    • ကလေးရဲ့ လက်ကလေးတွေကို ကိုင်ထားပေးပါ၊
    • ကလေးကအရမ်းငယ်သေးရင်ပွေ့ချီထားပေးပါ။ ဒီအပြုအမူလေးတွေက ကလေးကိုမြန်မြန်နေကောင်းလာစေဖို့ အထောက်အကူရပါတယ်။

    (၂) အိပ်ရေးဝဝအိပ်ပါစေ

    ကလေးတွေကိုပြည့်ပြည့်ဝဝအနားယူခွင့်ပေးတာက ကလေးတွေကို ကျန်းမာလာစေမယ့်နည်းလမ်းတစ်ခုပါ။ ကလေးကဖျားနေတဲ့အခါကျောင်းသွားခိုင်းတာမျိုး၊ ပုံမှန်လုပ်နေကျတာဝန်တွေကို လုပ်ခိုင်းတာမျိုးမလုပ်စေဘဲနေအိမ်မှာ သက်တောင့်သက်သာနဲ့နားနေနိုင်အောင်လုပ်ပေးပါ။ အိပ်ရေးဝဝ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်အောင်လုပ်ပေးပါ။

    (၃) ကလေးရဲ့ ဦးခေါင်းကို ခပ်မြင့်မြင့်လေးထားပေးပါ

    ကလေးကို ဦးခေါင်းခပ်မြင့်မြင့်မထားပေးဘဲ လှဲလျောင်းနေစေမယ်ဆိုရင်ချောင်းဆိုးတာကိုပိုဆိုးလာစေနိုင်တာကြောင့် ကလေးကိုခေါင်းအုံးခပ်မြင့်မြင့်လေးပေးအုံးလိုက်ပါ။

    (၄) အစိုဓါတ်ထိန်းကိရိယာဖွင့်ထားပေးပါ

    ခြောက်သွေ့တဲ့လေထုက လည်ချောင်းနာတာနဲ့ချောင်းဆိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်ကလေးရဲ့ အခန်းထဲမှာ ဒါမှမဟုတ် ကလေးရဲ့ အနီးအနားမှာ အစိုဓါတ်ထိန်းကိရိယာကိုဖွင့်ထားပေးပါ။ ဒီလိုလုပ်ပေးတာကချောင်းဆိုးတာ၊ နှာခေါင်းပိတ်တာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

    (၅) ရေများများတိုက်ပေးပါ

    နေမကောင်းတဲ့အခါဖြစ်နိုင်တဲ့ အကြီးမားဆုံးပြဿနာက ခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက်တာပါ။ ဒါကြောင့် ကလေးကိုအဖျားမြန်မြန်ကျပြီး ခန္ဓါကိုယ်လုပ်ငန်းစဉ်တွေ ပုံမှန်လုပ်ဆောင်စေနိုင်ဖို့အတွက်ရေများများတိုက်ပေးပါ။

    (၆) တိတ်ဆိတ်နေပါစေ

    ကလေးကဖျားနာနေတဲ့အခါ ကလေးအနားယူနေတဲ့နေရာအနီးအနားမှာ ဆူညံသံတွေမဖြစ်အောင်လုပ်ပေးပါ။ တိတ်ဆိတ်မှုက ကလေးငယ်ကို အနားရစေနိုင်ပြီးကောင်းကောင်းအိပ်ပျော်စေနိုင်တာကြောင့် ကလေးရဲ့ခန္ဓါကိုယ်အတွက် အင်အားဖြစ်စေပါတယ်။

    (၇) အစာကြေလွယ်မယ့်အစားအသေက်တွေကျွေးပေးပါ

    ကလေးကနေမကောင်းတဲ့အခါ အာဟာရပြည့်ဝနေဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အစားအသောက်တွေကျွေးတဲ့အခါ ကလေးအတွက် အာဟာရဖြစ်စေပြီး အစာကြေလွယ်စေမယ့် အစားအသောက်တွေကိုရွေးချယ်ကျွေးဖို့တော့လိုပါမယ်။နေမကောင်းတဲ့ဘေဘီလေးတွေအတွက် အကောင်းဆုံးဖြစ်မယ့်အစားအစာတွေက –

    • အချိုဓါတ်နည်းတဲ့ ဘီစကစ်
    • ငှက်ပျောသီး
    • ပန်းသီးဆော့စ်
    • ပေါင်မုန့်မီးကင်
    • ကွေကာအုတ်
    • ဆန်ပြုတ်
    • ခေါက်ဆွဲပြုတ်

    ဒီလိုအခြေအနေမျိုးတွေဖြစ်ရင် ဆရာဝန်နဲ့ပြသကြည့်ပါ

    ကလေးငယ်မှာ အခုလိုမျိုးလက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောချင်ပါတယ်။

    • ကလေးက အအေးမိထားတာ၊ တုပ်ကွေးဖြစ်နေတာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်နေတာက ရက်အတော်ကြာတဲ့အထိဖြစ်နေမယ်
    • လည်ချောင်းနာတာ နဲ့ ဗိုက်အောင့်တာက ၂ ရက်ကျော်တဲ့အထိတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်နေမယ်ဆိုရင်
    • အဖျားထပ်ဝင်ပြီးချောင်းဆိုးတာက ပိုဆိုးလာမယ်ဆိုရင်
    • အော့အန်တာ၊ ဝမ်းသွားတာတွေဖြစ်ပြီးရေဓါတ်ကုန်ခမ်းတာမျိုးဖြစ်လာမယ်ဆိုရင်
    • ကလေးက ဆီးသွားတိုင်းနာကျင်သလိုခံစားနေရတယ်ဆိုရင်
    • ကလေးအရေပြားမှာ အနာစက်လေးတွေဖြစ်နေမယ် ဆိုရင်တော့ တတ်သိနားလည်တဲ့သူတွေနဲ့ပြသပြီး အကြံဉာဏ်ရယူသင့်ပါတယ်။

    တကယ်လို့များကလေးငယ်က –

    • အသက်ရှုရခက်နေမယ်
    • မှိန်းနေမယ်
    • နှုတ်ခမ်းတွေ အသားအရေတွေပြာနှမ်းလာမယ်
    • သတိလစ်တာ
    • တက်တာတွေဖြစ်လာမယ်ဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့်နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသဖို့ လိုပါလိမ့်မယ်။

    အခုပြောပြခဲ့တဲ့အကြောင်းအရာတွေကဘေဘီရှိတဲ့ မိဘတွေအတွက် အဆင်ပြေအသုံးတည့်မယ်လို့မျှော်လင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement