backup og meta

ကလေးမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရစေဖို့

    မိဘဆိုတာ ကိုယ်ချစ်တဲ့သားသမီးအတွက်ဆိုရင် အရာရာကို အကောင်းဆုံး ဖြစ်စေချင်ကြတာပါပဲ။ အဲ့တော့ ကလေးနဲ့ပတ်သက်သမျှ ကိစ္စတိုင်းအတွက် အမြဲတမ်းလိုလို တွေးပူနေရတာတော့ပေါ့။ အထူးသဖြင့် ကလေးရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအပိုင်းမှာ မိဘတွေအနေနဲ့ ဘာလုပ်သင့်လဲ၊ ဘာကျွေးသင့်လဲ၊ ကိုယ်လုပ်နေတာ၊ ကျွေးနေတာတွေက ကိုယ့်ကလေးအတွက်ရော မှန်ကန်နေရဲ့လား။ ကိုယ့်ကလေးက ပိန်လွန်းနေလား ဒါမှမဟုတ် ဝလွန်းနေလား အစရှိသဖြင့် အမေးများနေတတ်ကြပါတယ်။ ဒါဆို ကလေးမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရစေဖို့ ဘာတွေ လုပ်ပေးရမလဲဆိုတာ သိဖို့ လိုလာပါပြီ။

    ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘာတွေက သက်ရောက်မှုရှိစေလဲ။

    ကြီးထွားဖွံ့ဖြိုးခြင်းဆိုတဲ့နေရာမှာ ကလေးတစ်ယောက်ရဲ့ အသက်နဲ့ ရှိသင့်ရှိထိုက်တဲ့ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးစတာတွေ အဓိကပါဝင်ပါတယ်။ ဒီအရာတွေကို

    • မိဘမျိုးရိုးဗီဇ
    • တစ်နေ့တာ ဘာတွေစားသုံးလဲ
    • အာဟာရပြည့်ဝမှုရှိခြင်း မရှိခြင်း
    • အိပ်ချိန်အပြည့်အဝ ရရဲ့လား
    • ကလေးက အထိုင်များနေလား။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရဲ့လား
    • အားကစားလိုက်စားလား
    • မကြာခဏ ဖျားနာနေတတ်လား
    • ရောဂါအခံ သို့မဟုတ် ကျန်းမာရေးပြဿနာ တစ်ခုခု စတဲ့အချက်တွေက သက်ရောက်မှု ရှိစေနိုင်ပါတယ်။

    ကလေးမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရစေဖို့ မိဘတွေ ဘယ်လိုဂရုစိုက်ကြမလဲ။

    မိဘတွေအများစုက ကလေးဝနေရင် ကျန်းမာတာပဲ၊ အစာကောင်းကောင်းစားနိုင်တာပဲဆိုပြီး ထင်တတ်ကြပါတယ်။ တကယ်တော့ ဝလွန်းရင်လည်း ကလေးအတွက် မကောင်းသလို ပိန်လွန်းနေရင်လည်း ကလေးမှာ တစ်ခုခု ချို့ယွင်းချက်ရှိနေလားဆိုပြီး ထင်ချင်စရာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အလေးထားတဲ့ မိဘတွေအနေနဲ့ ဒီအချက်တွေကို လုပ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

    ၁။ ကိုယ်အလေးချိန်အတွက် ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို အဓိကကျွေးပါ။ ပရိုတင်းဓာတ် အနီရောင်ရှိတဲ့ အသားတွေ၊ ကြက်သား၊ ပဲအမျိုးမျိုး၊ ပဲပြား၊ နွားနို့ စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ် ကျွေးဖို့ လိုပါတယ်။

    ၂။ ကလေးတစ်ယောက် အရပ်ရှည်ထွက်လာနိုင်ဖို့ အရိုးအဆစ်တွေက ကျန်းမာသန်စွမ်းနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့ နွားနို့ကို တစ်နေ့တစ်ခွက်လောက်တော့ ကလေးတွေကို ပုံမှန်တိုက်သင့်ပါတယ်။ တခြားဖြည့်စွက်အစားအစာအနေနဲ့ ဟင်းသီးဟင်းရွက်၊ အရိုးပါ ဝါးစားလို့ရတဲ့ငါး၊ ပဲအမျိုးမျိုးတွေကို စုံလင်စွာ ကျွေးနိုင်ပါတယ်။

    ၃။ အဆီများတဲ့အစားအစာ၊ အချိုတွေ၊ ဆိုဒါ၊ ကဖင်းဓာတ်များတဲ့ အအေးတွေ၊ အသင့်စား အစားအစာတွေ၊ လမ်းဘေးစာ၊ အကင်တွေကို တတ်နိုင်သလောက် မကျွေးပါနဲ့။

    ၄။ အစားကြေးများတဲ့ ကလေးတွေဆိုရင် တတ်နိုင်သလောက် ချော့ကျွေးပါ။ ဒါမှမဟုတ် သူတို့ကြိုက်တဲ့ဟင်းတွေထဲကို ရောချက်ပြီး ကျွေးကြည့်ပါ။ ကိုယ့်ကလေး အာဟာရဓာတ်ချို့တဲ့နေတယ်လို့ သံသယရှိတယ်ဆိုရင် (ဥပမာ – ပိန်လွန်းနေတာ၊ ဝလွန်းနေတာ၊ ကျန်းမာရေး ချူချာတာ) ဆရာဝန်နဲ့ သေချာပြကြည့်ပြီး လိုအပ်တဲ့ အားဆေးတွေကို တိုက်လို့ရပါတယ်။

    ၅။ အိပ်ချိန်ကို တစ်နေ့ ၈နာရီ အနည်းဆုံး ရအောင်အိပ်ခိုင်းပါ။ ကိုယ့်ကလေးက ညကို ၁၀ နာရီထက်နောက်ကျပြီး အိပ်တာမျိုး လုံးဝမလုပ်ခိုင်းသင့်ပါဘူး။ ပိတ်ရက်တွေမှာ အိပ်ချိန်ပိုရအောင် အိပ်ပါ။

    ၆။ ကလေး ချော်လိမ့်ကျပြီး ပွန်းပဲ့ဒဏ်ရာ ရမှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အပြင်ထွက်ပေးမဆော့တာမျိုး လုံးဝမလုပ်ပါနဲ့။ စက်ဘီးစီးတတ်တဲ့သူတိုင်းက စသင်တဲ့အချိန်မှာ ထိခိုက်ဒဏ်ရာ အနည်းဆုံး တစ်ကြိမ်လောက်ဖြစ်ဖြစ် ရပြီးတော့မှ စီးတတ်သွားကြတာချည်းပါပဲ။ ဒါကြောင့် ကလေးထိခိုက်မှာ မကြောက်ပါနဲ့။ အပေါင်းအဖော်နဲ့ဖြစ်ဖြစ် အပြင်မှာ ပြေးလွှားကစားနေတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေသလို ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်ပါတယ်။

    ၇။ ထိုင်ခုံမှာ အကြာကြီး မထိုင်ခိုင်းပါနဲ့။ ဒီဘက်ခေတ်မှာ ကလေးအများစုက အပြင်ထွက်ကစားဖို့ထက် ထိုင်ခုံမှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး စာလုပ်တာ၊ တီဗီကြည့်တာ၊ ကွန်ပျူတာ၊ ဖုန်းအသုံးပြုတာကို ပိုအားသန်လာကြပါတယ်။ ဒီလို ကြာကြာထိုင်နေခြင်းဟာ ကလေးတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သလို အဝလွန်ခြင်းကို ဖြစ်စေပြီး အရိုးတွေ ကြီးထွားမှုနှေးကွေးစေနိုင်ပါတယ်။ ကလေးအရွယ်မှာ လှုပ်လှုပ်ရှားရှား ရှိနေဖို့ မိဘတွေကိုယ်တိုင်လည်း တွန်းအားပေးနေဖို့ လိုတယ်ဆိုတာ မမေ့လိုက်ပါနဲ့နော်။

    ၈။ ကလေးကို ငယ်ငယ်ကတည်းက ရေကူးသင်ပေးပါ။ ရေကူးခြင်းဟာ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးသလို အရပ်ရှည်ထွက်လာစေဖို့လည်း အထောက်အကူပေးနိုင်ပါတယ်။

    ဒါဆို မိဘတွေလည်း ကိုယ့်ကလေး ကျန်းကျန်းမာမာ၊ အရပ်ရှည်ရှည်၊ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကြီးပြင်းလာနိုင်စေဖို့ ဘာတွေလုပ်ပေးသင့်လဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်နော်။ အနာဂတ်မှာ သန်စွမ်းပြီး ကျန်းမာတဲ့ လူကြီးတစ်ယောက်ဖြစ်လာစေဖို့ဆိုတာ ကလေးအရွယ်မှာကတည်းက နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ပေးဖို့ လိုအပ်တဲ့အကြောင်းကို ထပ်ပြီး အသိပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement