backup og meta

အသက်ရှည်ကျန်းမာချင်ရင် နွားနို့ပုံမှန်သောက်ပါ


Ye Myo Myat မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှည်ကျန်းမာချင်ရင် နွားနို့ပုံမှန်သောက်ပါ

    သဘာဝကရတဲ့ နွားနို့ဟာ ကျွန်တော်တို့လူတွေရဲ့ ခန္ဓါကိုယ်အတွက် တော်တော်လည်း အကျိုးဖြစ်စေပြီး အာဟာရရှိတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် နေ့စဉ်မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရတွေထဲမှာ နွားနို့ကိုလည်း ထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ နွားနို့ဆိုတဲ့နေရာမှာ နွားကရတဲ့ နို့တစ်မျိုးတည်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဆိတ်နို့၊ သိုးနို့၊ ပဲနို့၊ ဒိန်ချဉ် စတာတွေလည်း ပါဝင်ပါတယ်။ ဒီတော့ နွားနို့ကနေ ရနိုင်တဲ့ အာဟာရတန်ဖိုးနဲ့ ဘာကြောင့် တစ်နေ့ကို နွားနို့တစ်ခွက် အနည်းဆုံး သောက်ပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ၁။ နွားနို့မှာ အာဟာရဓါတ်ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

    နွားနို့တစ်ခွက်မှာ အဓိက ပရိုတင်းဓါတ်၊ အဆီဓါတ်နဲ့ ကယ်လိုရီ အများဆုံးပါဝင်ကြပီး ကယ်လ်စီယမ်ဓါတ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဇင့်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ အိုမီဂါ-၃ ငါးကြီးဆီ၊ ပိုတက်စီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်၊ ဆယ်လီနီယမ်ဓါတ်တွေလည်း ပါဝင်ပါတယ်။

    ၂။ နွားနို့ရဲ့ ပရိုတင်းဓါတ်ဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကျိုးပြုတယ်။

    ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓါရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး ကြီးထွားဖွံ့ဖြိုးကာ အရပ်ရှည်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ကိုယ်တွင်းအင်္ဂါများ ပုံမှန်အလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ အနာကျက်မြန်စေတယ်။ ကြွက်သားထုကို တည်ဆောက်ပေးပြီး အရိုးအဆစ်တွေကို သန်မာစေဖို့ ကူညီပေးပါတယ်။ နွားနို့တစ်ခွက်မှာ အရည်အသွေးမြင့် ပရိုတင်းဓါတ် ၈ ဂရမ် ပါဝင်တာကြောင့် တစ်ခွက်သောက်ပေးရုံနဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓါတ် တော်တော်များများကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

    ၃။ အရိုးနဲ့ သွားတွေကို ကျန်းမာစေတယ်။

    အရည်ဖြစ်တာကြောင့် နွားနို့ကနေ ရတဲ့ ကယ်စီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်တွေကို ကိုယ်ခန္ဓါက ကောင်းစွာ စုပ်ယူနိုင်စေတယ်။ ဒီအာဟာရဓါတ်တွေကို အရိုးနဲ့ သွားမှာ သိုလှောင်ထားပြီး ကျန်းမာကြံ့ခိုင်စေတယ်။ တစ်နေ့ နွားနို့တစ်ခွက် သောက်ပေးမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရိုးပါးရောဂါတွေ၊ အရိုးအဆစ် အလွယ်တကူ မထိခိုက်၊ မကျိုးပဲ့စေဖို့ ကာကွယ်ပေးတယ်။ အမာစာတွေ စားလို့လည်း သွားကြွေလွှာပျက်စီးတာ၊ သွားကျိုးပဲ့တာ မဖြစ်စေပါဘူး။

    ၄။ ကိုယ်အလေးချိန်ကို ဟန်ချက်ညီစေတယ်။

    လူတိုင်းမှာ အသက်အရွယ်နဲ့ လိုက်တဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ပိန်တဲ့သူဆိုရင် ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်စေဖို့၊ ဝတဲ့သူတွေဆိုရင်လည်း ကိုယ်ခန္ဓါသွယ်လျစေဖို့ နွားနို့ပုံမှန်သောက်သင့်ပါတယ်။ နွားနို့သောက်ပြီးသွားတဲ့အခါ ဗိုက်ကို လုံးဝပြည့်သွားစေပြီး အစာထပ်စားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ နွားနို့သောက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ခွန်အားပြည့်စေပြီး ပိုအားစိုက်ထုတ်နိုင်စေတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ ကြွက်သားတွေကို အလျင်အမြန်ပြန်လည်တည်ဆောက်ပေးပြီး ကိုယ်ခန္ဓါမှာ အဆီတွေကို ဖယ်ရှားပေးကာ ကြွက်သားတွေနဲ့ ပြည့်နှက်စေပါတယ်။

    နွားနို့ဟာ နှလုံးကို ကျန်းမာစေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေပြီး အာရုံစူးစိုက်မှုအားကောင်းစေတယ်။ စိတ်ဖိစီးမှုကို ကျစေပြီး ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းတာကို သက်သာစေတယ်နော်။ ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတာကြောင့် နွားနို့ကို တစ်နေ့တစ်ခွက်လောက်သာ သောက်သင့်ပါတယ်။ အထူးသဖြင့် ဗိုက်အောင့်ဗိုက်နာတာမျိုး မဖြစ်စေဖို့ သဘာဝနွားနို့စစ်စစ်ကိုသာ သေချာကျိုချက်ပြီး သောက်ဖို့ အကြံပေးလိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement