backup og meta

ဝှေးစေ့အရွယ်အစား က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝှေးစေ့အရွယ်အစား က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

    ဝှေးစေ့သည် သုက်ရည်များသိုလှောင် သိမ်းဆည်းထားခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အမျိုးသား မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ ၂ဘက် ရှိပါတယ်။ ဝှေးစေ့ဟာ ဥ ပုံသဏ္ဍာန်အရွယ်အစားရှိပြီး ပျမ်းမျှ အရှည်ကတော့ ၁.၈ လက်မမှ ၂လက်မအဖြစ် သတ်မှတ်ထားပါတယ်။ ၁.၄ လက်မအောက် ငယ်တဲ့ ဝှေးစေ့အရွယ်အစား ကိုတော့ အရွယ်အစား သေးငယ်တယ်လို့ ယူဆနိုင်ပါတယ်။

    ဝှေးစေ့အရွယ်အစား ကို ဘယ်လိုတိုင်းတာမလဲ။

    လိင်တံအရွယ်အစားလို မဟုတ်ဘဲ ကပ္ပာယ်အိတ်အတွင်းမှာ တည်ရှိနေတာဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တိုင်းတာဖို့တော့ နည်းနည်းခက်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လိင်အင်္ဂါကို အာထရာဆောင်း ရိုက်ကြည့်တာပါပဲ။ အာထရာဆောင်းနဲ့ ရိုက်ကြည့်လိုက်တဲ့အခါ ကပ္ပာယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ရဲ့ အရွယ်အစားသာမက တခြားပုံမှန်မဟုတ်တဲ့ ပြဿနာတွေ၊ သွေးကြောထုံးနေခြင်း၊ ရောင်နေခြင်း ရှိမရှိကို စစ်ဆေးနိုင်ပါတယ်။

    Orchidometer လို့ခေါ်တဲ့ ကိရိယာနဲ့လည်း ဝှေးစေ့အရွယ်အစားကို တိုင်းလို့ရပါတယ်။ အရွယ်အစားအလိုက် ဥပုံသဏ္ဍာန်ရှိတဲ့ ပုတီးလုံး အသေးမှ အကြီးထိ စီထားပြီး ကိုယ့်ရဲ့ ဝှေးစေ့နဲ့ တိုင်းထွာစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။

    ဝှေးစေ့အရွယ်အစားနဲ့ ကျန်းမာရေး ဆက်စပ်နေပုံ

    ၁။ ဝှေးစေ့သည် ကျားဟော်မုန်း ထုတ်လုပ်ခြင်း၊ သုက်ရည်တွေကို သိမ်းဆည်းခြင်းတာဝန်ကို ထမ်းဆောင်ပေးပါတယ်။ အရွယ်အစားသေးတဲ့ ဝှေးစေ့ရှိတဲ့ အမျိုးသားတွေဟာ ပုံမှန်အမျိုးသားတွေထက် သုက်ရည်ထုတ်တာ ပိုနည်းနေနိုင်ပါတယ်။

    ၂။ မျိုးအောင်ခြင်းအပေါ်မှာတော့ ဝှေးစေ့အရွယ်အစားက သက်ရောက်မှုမရှိပါဘူး။ ပြောရမယ်ဆိုရင် ဝှေးစေ့အရွယ်အစားသေးတဲ့ အမျိုးသားတွေမှာလည်း ပုံမှန်အမျိုးသားတွေလိုပဲ မျိုးအောင်နိုင်စွမ်း မြင့်ပါတယ်။ မျိုးအောင်နိုင်ခြင်းအပေါ် သက်ရောက်မှုရှိစေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ အစာအာဟာရမပြည့်ဝခြင်း၊ အရက်သေစာသောက်စားခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။

    ၃။ လေ့လာတွေ့ရှိချက်အရ ဝှေးစေ့အရွယ်အစားသေးတဲ့ အမျိုးသားတွေမှာ နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုထားပါတယ်။

    ၄။ ဝှေးစေ့အရွယ်အစား သေးတဲ့ အမျိုးသားတွေဟာ ညဘက်မှာ ကောင်းစွာအိပ်မပျော်နိုင်တဲ့ရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။ တိုက်ရိုက်သက်ရောက်မှုရှိတာမျိုး မဟုတ်ဘဲ ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဝှေးစေ့အရွယ်အစား သေးငယ်သွားသလို ညအိပ်ချိန်ကိုလည်း အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကျန်းမာရေးပိုဆိုးလာတာဖြစ်ပါတယ်။

    ဝှေးစေ့ အရွယ်အစား သေးသွားစေတဲ့ တရားခံ

    ၁။ ကျားဟော်မုန်း ထုတ်လုပ်ခြင်းနည်းတဲ့ အမျိုးသားတွေဟာ ကြွက်သားထု၊ လိင်တံနဲ့ ဝှေးစေ့အရွယ်အစားတွေ သေးငယ်နေတတ်ပါတယ်။

    ၂။ ကပ္ပာယ်အိတ်အတွင်းမှာ ရှိတဲ့ သုက်ပို့ပြွန်ရောင်ရမ်းခြင်း (Varicocele) ရောဂါကြောင့်လည်း ဝှေးစေ့အရွယ်အစား သေးနေတတ်ပါတယ်။ အဓိက သုက်ပို့ပြွန်များ ရောင်ရမ်းခြင်းကြောင့် ဝှေးစေ့အတွက် နေရာမကျန်တော့ဘဲ အရွယ်အစား ကျုံ့သွားပြီး ပိုပျော့လာတာပါ။

    ၃။ ဝှေးစေ့က ကပ္ပာယ်အိတ်အတွင်းသို့ မကျလာခြင်း (Undescended Testes) ဟာ မွေးကတည်းက ပါလာတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခွဲစိတ်ကုသခြင်းဖြင့် ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းလို့ရပါတယ်။ မကုသဘဲ ဒီအတိုင်းထားထားရင်တော့ ဝှေးစေ့အရွယ်အစားက ပိုကျုံ့သွားတတ်ပါတယ်။

    ၄။ အသက်အရွယ် ကြီးရင့်လာခြင်းကြောင့်လည်း ဝှေးစေ့အရွယ်အစား သေးငယ်သွားတတ်ပါတယ်။

    ဝှေးစေ့အရွယ်အစားသေးတာက သာမန်အားဖြင့်တော့ ပြဿနာမရှိပါဘူး။ လိင်မှုဘဝကိုရော မျိုးအောင်နိုင်စွမ်းကိုရောပေါ့။ ဒါပေမယ့် နဂိုအရွယ်ကနေ ရုတ်တရက် ကျုံ့သွားတယ်၊ သေးသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းရင်းကို ရှာကြည့်ဖို့လိုပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement