backup og meta

ကလေးတွေအတွက် အရေးကြီးတဲ့ အာဟာရပြည့်ဝမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေအတွက် အရေးကြီးတဲ့ အာဟာရပြည့်ဝမှု

    အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ ကလေးတွေကို ငယ်ရွယ်စဉ်ကနေ ကြီးလာတဲ့အချိန်ထိ အကျိုးသက်ရောက်မှု များစွာ ပေးစွမ်းနိုင်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို စုံလင်စွာ စားသောက်မယ်၊ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံကို မိဘတွေက သေချာလေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် ကလေးတွေအတွက် သာယာပျော်ရွှင်ပြီး ကျန်းမာလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရစေမှာ အသေအချာပါပဲ။

    ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ကလေးတွေဟာ အာဟာရဖြစ်စေတဲ့ အစားအစာထက် အချိုများတဲ့ အစားအစာတွေ၊ အဆီအဆိမ့်များတဲ့ အသင့်စား အစားအစာတွေကို ပိုမိုစားလာကြပါတယ်။ ခန္ဓါကိုယ်က လိုအပ်တဲ့ အာဟာရဓါတ်တွေ မရရှိတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှု နည်းလာကြတဲ့အခါမှာ အဝလွန်လာတယ်။ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်တယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အလုံအလောက် မရတဲ့အပြင် ကလေးတွေမှာ လေးလံထိုင်းမှိုင်းပြီး စာတွေကို ကောင်းကောင်းမလိုက်နိုင်တော့ပါဘူး။ ဒါကြောင့် ကလေးတွေရဲ့ သာယာလှပတဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

    အာဟာရဖြစ်စေမယ့် အစားအစာတွေက ဘာတွေလဲ။

    ကလေးကို မွေးပြီး ၆လအရွယ်အထိ မိခင်နို့တစ်မျိုးထဲသာ တိုက်ကျွေးပေးသင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ကလေးကို ကျန်းမာကြံ့ခိုင်စေပြီး ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ ၆လ နောက်ပိုင်းမှာ ကလေးရဲ့ ဉာဏ်ရည်ကို ထက်မြက်စေတဲ့ DHA, Omega-3, Omega-6 ပါဝင်တဲ့ အစားအစာတွေကို စတင်ကျွေးပေးသင့်ပါတယ်။

    ကလေးကြီးလာတာနဲ့ အမျှ တစ်နေ့တာအတွက် အစားအစာကို သေချာပြင်ဆင်ပြီး ချက်ပြုတ်ဖို့ လိုအပ်လာပါပြီ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း အစရှိသဖြင့် ပမာဏနည်းနည်းနဲ့ အာဟာရပြည့်ဝစုံလင်အောင် ကျွေးမွေးပေးရပါမယ်။

    အစကောင်းမှ အနှောင်းသေချာ ဆိုသလို ငယ်စဉ်ကတည်းက အာဟာရပြည့်ဝတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ကိုယ်ခံအားကောင်းတယ်၊ အဖျား၊ ရောဂါကူးစက်ခံရနှုန်း အလွန်နည်းတယ်။ ဉာဏ်ရည်ထက်မြက်စေလို့ အတန်းထဲမှာ စာကို ကောင်းကောင်းလိုက်နိုင်စေတယ်၊ အာရုံစူးစိုက်နိုင်စွမ်းကောင်းတယ်။ ရောဂါတွေကိုလည်း အလွယ်တကူ ဝင်မလာနိုင်အောင် ခန္ဓါကိုယ်က တားဆီးပေးနိုင်ပါတယ်။

    အစားအစာအပြင် တခြားဘာတွေ လုပ်ပေးဖို့ လိုအပ်လဲ။

    အသက်ကြီးလာတာနဲ့အမျှ ခန္ဓါကိုယ်က ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပိုမိုလိုအပ်လာတဲ့အတွက် အာဟာရမျှတတဲ့ စားသောက်နေထိုင်မှုပုံစံအပြင် ဖြည့်စွက်စာအားဆေးတွေ၊ ဗီတာမင်ဆေးဝါးတွေပါ မှီဝဲဖို့ လိုအပ်လာပါတယ်။ ဒီလိုဖြည့်စွက်အားဆေးတွေကို မသောက်သုံးခင် ကိုယ်ပြသနေတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ ခန္ဓါကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေတယ်။ အရိုးသန်မာစေတယ်၊ ကြံ့ခိုင်သန်စွမ်းစေတယ်၊ သွေးလည်ပတ်မှု ကောင်းစေတယ်။ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း၊ အားကစား မှန်မှန်လိုက်စားတဲ့ ကလေးတွေဟာ အတန်းထဲမှာ စာကောင်းကောင်းလိုက်နိုင်တာ၊ ဉာဏ်ရည်ထက်မြက်တာ၊ လေးလံထိုင်းမှိုင်းခြင်းမရှိပဲ အမြဲ တက်ကြွတာကို တွေ့ရပါတယ်။

    ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက အာဟာရမျှတစွာ စားသောက်နိုင်စေဖို့နဲ့ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေဖို့ လူကြီးတွေအနေနဲ့ အလေ့အကျင့်လုပ်ပေးထားဖို့ လိုအပ်ပါတယ်။ အာဟာရပြည့်ဝစွာ ကြီးပြင်းလာတဲ့ ကလေးတွေမှာ ရောဂါကူးစက်နိုင်ခြေရော ဖြစ်ပွားနိုင်ခြေပါ နည်းတာကြောင့် ကိုယ့်ရဲ့ သားသား၊ မီးမီးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းစေလိုတဲ့ ဆန္ဒရှိတဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်ပေးဖို့ အကြံပေးလိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement