မိခင်တွေ နို့ထွက်များစေဖို့ ဘာတွေစားဖို့လိုအပ်လဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကိုမွေးပြီးခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးတာအကောင်းဆုံးပါလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုကြပါတယ်။ မိခင်နို့တိုက်ကျွေးနေပြီဆိုရင် ကလေးကိုကြီးထွားဖွံဖြိုးစေပြီးကျန်းမာစေမယ့်အာဟာရဓါတ်တွေကို နို့ရည်ကတဆင့်ပေးနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အစားအသောက်တွေက သင့်အတွက်ကောင်းသလဲ၊ကိုယ်စားလိုက်တဲ့အရာတွေက နို့ရည်နဲ့ သင့်ကလေး အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာ သိထားသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန်ကာလအတွင်းမှာ မိခင်ရဲ့ခန္ဓါကိုယ်မှာ အာဟာရတွေ အမြဲမပြတ်လိုအပ်နေတတ်ပါတယ်။ လူသားတစ်ယောက်ဖြစ်တည်လာဖို့ မိခင်ကအားဖြည့်ပေးနေရတာဖြစ်လို့ အရင်ကလို ပုံမှန်အတိုင်းစားလို့၊နေလို့မရတော့ပါဘူး။

    ဒါဆို နို့တိုက်ကျွေးချိန်အတွင်း အစားပိုစားဖို့လိုသလား

    ဟုတ်ပါတယ်။ နည်းနည်းတော့ပိုစားပေးရပါမယ်။ အားပြည့်နေစေဖို့အတွက် တစ်နေ့ကို ကယ်လိုရီ ၄၀၀ ကနေ ၅၀၀လောက်အထိ ပိုစားပေးဖို့လိုပါလိမ့်မယ်။

    ဒီလိုစားသုံးတဲ့နေရာမှာ စိတ်ထင်ရာလျှောက်စားလို့မဖြစ်ပါဘူးနော်။ ကွေကာ၊ သစ်သီး၊ နွားနို့ တို့လို အာဟာရဖြစ်စေမယ့် အစားအစာတွေကိုပဲရွေးချယ်ရမှာပါ။

    နို့ထွက်များအောင် ဘာတွေစားရမလဲ

    နို့တိုက်မိခင်တွေအတွက် နို့ထွက်များစေ၊ နို့ရည်လိုက်စေမယ့် အစားအစာတွေရှိပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ခန္ဓါကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အတွက် အရေးကြီးတဲ့အာဟာရဓါတ်တွေအားလုံး မိခင်နို့မှာပါရှိပါတယ်။ ကလေးပြုစုစောင့်ရှောက်ရေးမှာ ဒီလို အရေးပါတဲ့ မိခင်နို့ရည်မှာ အာဟာရပြည့်စေဖို့၊ နို့ရည်လိုက်စေဖု့ိ ဒီအစားအစာတွေကိုရွေးချယ်နိုင်ပါတယ် –

    အဆီနည်းတဲ့ နို့ထွက်ပစ္စည်းများ

    နွားနို့ပဲဖြစ်ဖြစ်၊ ဒိန်ချဉ်ပဲဖြစ်ဖြစ်၊ ချိစ်ပဲဖြစ်ဖြစ် နို့ထွက်ပစ္စည်းတိုင်းက ကလေးနို့တိုက်ကျွေးခြင်းအတွက် အရေးပါတဲ့နေရာက အထောက်အကူပြုပါတယ်။ ကလေးရဲ့အရိုးဖွံ့ဖြိုးစေမယ့်ကယ်လ်စီယမ်ဓါတ်ကို မိခင်နို့ကတဆင့် အပြည့်အဝထုတ်ပေးနေရတာဖြစ်တဲ့အတွက် မိခင်ရဲ့ခန္ဓါကိုယ်မှာလည်း ကယ်လ်စီယမ်လုံလောက်စွာရှိနေမှဖြစ်မှာပါ။ ဒါ့ကြောင့် ကယ်လ်စီယမ်ပြည့်ဝအောင်စားသုံးပေးဖို့အရေးကြီးပါတယ်။

    အဆီမပါတဲ့ အသား

    နို့တိုက်မိခင်တစ်ယောက်အနေနဲ့ အားရှိစေဖို့ အဆီလွတ်အမဲသားလိုမျိုး သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးသင့်ပါတယ်။ ပရိုတင်းဓါတ်နဲ့ ဗီတာမင် B-12 ပါတဲ့အစားအစာတွေလည်းပိုစားပေးဖို့လိုပါတယ်။

    အုတ်ဂျုံ

    အုတ်ဂျုံက အာဟာရပြည့်တဲ့အပြင် စားသုံးဖို့လည်းလွယ်ပါတယ်။ ကိုယ်ဝန်ဆောင်၊ကလေးမီးဖွားပြီးနောက်ပိုင်း ဆီးချိုဖြစ်မလာအောင် ထိန်းပေးနိုင်ပါတယ်။ ခွန်အားပြည့်စေတဲ့အပြင် အမျှင်ဓါတ်ကြွယ်ဝပြီး အစာချေစနစ်အတွက်ကောင်းပါတယ်။

    ပဲအမျိုးမျိုး

    သံဓါတ်ကြွယ်ဝတဲ့ပဲတွေ၊ အထူးသဖြင့်black beans နဲ့ kidney beans လို အရောင်ရင့်ရင့်အမျိုးအစားတွေက နို့ထွက်ကောင်းစေတဲ့ ဓါတ်စာတွေဖြစ်ပါတယ်။ အသားမပါဘဲ သက်သက်လွတ်အာဟာရအနေနဲ့ရရှိနိုင်တဲ့ ပရိုတင်းဓါတ်အရင်းအမြစ်လည်းဖြစ်ပါတယ်။

    စမုန်နက်စေ့

    စမုန်နက်စေ့က နို့ထွက်များစေပါတယ်။ အစာကြေစေပြီး ကလေးငယ်တွေမှာဖြစ်တဲ့လေထိုးလေအောင့်တာကို သက်သာစေနိုင်ပါတယ်။ စမုန်နက်စေ့ကို ဟင်းခတ်မှုန့်တွေနဲ့အတူထည့်သုံးလို့ရသလိုရေနွေးကြမ်းထဲ ဒါမှမဟုတ် နွားနို့ထဲ သုံးစေ့လောက် ထည့်ခတ်သောက်လို့ ရပါတယ်။ ထမင်းစားတဲ့အခါ နှစ်စေ့လောက်ထည့်စားပေးရင် ခံတွင်းရှင်းပါတယ်။

    ပဲနံ့သာစေ့

    ပဲနံ့သာစေ့ကဖြစ်လာတဲ့ ပဲပင်ပေါက်က နို့ထွက်များစေနိုင်တဲ့အစွမ်းအာနိသင်ရှိပါတယ်။ ဒီပဲပင်ပေါက်ကို ဝါးစားပြီး နွားနို့တစ်ခွက်နဲ့ အတူသောက်ရင်လည်း မီးဖွားပြီးနောက်ပိုင်း ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။

    ဟင်းနုနွယ်ရွက်

    ဟင်းနုနွယ်ရွက်မှာ သံဓါတ်၊ ကယ်လ်စီယမ်နဲ့ဖောလစ်အက်စစ်ဓါတ်တွေပါဝင်ပါတယ်။သွေးအားနည်းနေတဲ့ နို့တိုက်မိခင်တွေအတွက် အားပြန်ဖြည့်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်မှာ အဆိပ်အတောက်ဖယ်ရှားတဲ့ဓါတ်တွေအပြင် ရင်သားကင်ဆာကိုကာကွယ်နိုင်တဲ့ အပင်ထွက်ဓါတ်ပစ္စည်းတွေပါရှိပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့ ထိုက်သင့်သလောက် စားသုံးရင် အကျိုးရှိစေပေမယ့် များလွန်းရင်တော့ ကလေးဝမ်းပျက်စေနိုင်ပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူက နို့ထွက်ကောင်းစေတဲ့အကောင်းဆုံးဆေးတစ်လက်ဖြစ်တယ်လို့ယူဆကြပါတယ်။ သူ့မှာ နို့ရည်လိုက်စေတဲ့ဒြပ်ပေါင်းတွေပါရှိုပြီး ကင်ဆာလည်းကာကွယ်ပေးပါတယ်။ တို့စရာအဖြစ်လည်း စားနိုင်သလို ဟင်းထဲမှာများများထည့်ချက်တာမျိုး၊ မီးဖုတ်စားတာ မျိုးလည်းရပါတယ်။

    နှမ်းနက်စေ့

    နှမ်းနက်စေ့ဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့အရင်းအမြစ်တစ်ခုဖြစ်ပြီး နို့ထွက်လည်းကောင်းစေပါတယ်။ နှမ်းနက်စေ့ကို နွားနို့၊သကြား၊ ဗာဒ့စေ့တို့နဲ့ရောကြိတ်စားနိုင်ပါတယ်။ ဒါပေမယ့်လည်း ထိုက်သင့်သလောက်ပဲစားပါ။

    မုန်လာဥနီ

    မနက်စာ သို့မဟုတ်နေ့လယ်စာမှာ မုန်လာဥနီဖျော်ရည်တစ်ခွက်သောက်ပေးရင် နို့ရည်လိုက်စေပါလိမ့်မယ်။ ဟင်းနုနွယ်လိုပဲ မုန်လာဥနီ ဟာလည်း အလားတူအာနိသင်ရှိပါတယ်။ နို့ရည်လိုက်စေပြီးနို့ရည်ကိုအာဟာရပြည့်စေတဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ အစိမ်းဖြစ်ဖြစ်၊ ချက်ပြုတ်ပြီးဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

    အစေ့အဆံများ

    အစေ့အဆံတွေမှာ ပရိုတင်းနဲ့fatty acidsတွေပါဝင်မှုမြင့်မားပါတယ်။ အစေ့အဆံတွေထဲမှာ နို့ထွက်များဖို့ အကောင်းဆုံးက ဗာဒံစေ့ ပါ။

    ခြုံပြောရရင် သံဓါတ်၊ပရိုတင်းနဲ့ကယ်လ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေကို စားပါ။ ပဲနီလေး၊ အားဖြည့်ကွေကာ၊ ဂျုံပြောင်းနှံများ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊သစ်သီးခြောက်များမှာ သံဓါတ်များပါတယ်။ ကြက်ဥနဲ့နို့ထွက်ပစ္စည်း၊ပဲပိစပ်နဲ့ထုတ်တဲ့ စားသောက်ကုန်များလည်းစားနိုင်ပါတယ်။

    ရေကိုမကြာခဏသောက်ပေးပါ။ လိုအပ်လာရင် သောက်ဖို့ ကလေးနို့တိုက်တဲ့အချိန်ဘေးမှာရေတစ်ခွက် အမြဲထားထားပါ။ အရည်ဓါတ် ရစေဖို့ အချိုရည်၊ နွားနို့၊ဖြည့်စွက်အာဟာရ တစ်ခုခုလည်းသောက်နိုင်ပါတယ်။

    ဘာတွေရှောင်သင့်သလဲ

    နို့တိုက်ကျွေးချိန်မှာ အရက်၊ကဖင်းပါတဲ့သောက်စရာတွေ၊ အာလူး၊သရက်သီးစိမ်းတို့လိုလေထစေတဲ့ အစားအစာတွေကိုရှောင်ပါ။ပြဒါးဓါတ်ပါဝင်မှုများတဲ့ ငါးတွေကို သတိထားစားပါ။ တရုတ်နံနံ၊ ပက်ပါမင့်၊ဂေါ်ဖီရွက်တို့ကလည်း နို့ထွက်ခြင်းကို သက်ရောက်မှုမကောင်း ဘူးလို့သိရပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement