ဥပမာ ပြောရရင် ဗိုက်ဆာရင် ငိုတဲ့အသံက တအိအိနဲ့ ငိုတာပါ။ အကောင် တစ်ကောင်ကောင် ကိုက်လိုက်လို့၊ နေမကောင်းလို့ ဆိုရင်တော့ ရုတ်တရက် စူးခနဲ အော်ငိုတတ်ပါတယ်။ နောက်ပိုင်း ထိန်းရင်းနဲ့ ကိုယ့်ကလေးရဲ့ အထာကို သိလာမှာပါ။ အစပိုင်းမှာတော့ ကလေးငိုရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေဦးမှာပါပဲ။
ကလေးငိုတာကို တုံ့ပြန်တဲ့ မိဘ နှစ်မျိုး ရှိပါတယ်။ တစ်ယောက်က ကလေးက အင့်ခနဲဆိုတာနဲ့ ပြေးချီပြီးသား မိဘပါ။ နောက်တစ်ယောက်က ကလေး ဘယ်လောက်ငိုငို မချီတဲ့ မိဘပါ။ လက်ကြိုက်သွားမှာ စိုးလို့ပါတဲ့။ ဒီနှစ်ယောက်လုံးက အစွန်းနှစ်ဖက်ကို ရောက်နေတာပါ။ တကယ်တော့ ကလေး ဘာကြောင့် ငိုလဲဆိုတာကို ရှာနိုင်ရင် ကလေးလည်း အငိုတိတ် မေမေလည်း မပင်ပန်းတော့ပါဘူး။ ကလေးငိုရတဲ့ အကြောင်းရင်း များများစားစား မရှိပါဘူး။ ဒါတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ကြည့်ရအောင်။
ကလေး ငို ရတဲ့ အကြောင်းအရင်း
ကလေးငိုပြီဆိုရင် အရင်ဆုံး အရေးကြီးတဲ့ အကြောင်းရင်းကို အရင်ရှာပါ။ ကလေးက နေမကောင်း ဖြစ်နေလား။ ကိုယ်ပူနေတာလား။ အကောင်တစ်ကောင်ကောင် ကိုက်သွားတာလား စသဖြင့်ပေါ့။ အကောင်ကိုက်တယ်လို့ ယူဆရင် အနှီးထုပ်ကို ဖြည်ပြီး ကြားတွေ ကြားတွေမှာ သေချာ လိုက်ရှာပါ။ အကောင်ကိုက်သွားတဲ့ အဖုအပိမ့် ရှိသလားဆိုတာလည်း ရှာပါ။ ကလေးက အကောင်းကြီးကနေ ရုတ်တရက် စူးခနဲငိုတဲ့အခါ ပိုပြီး ဂရုစိုက်သင့်ပါတယ်။
တခြား အကြောင်းရင်းတွေကတော့
- ဗိုက်ဆာလို့ – မွေးစကလေးတွေက နာရီခြားလောက် ဗိုက်ဆာတတ်ကြပါတယ်။ ငိုတယ်ဆိုတာ သူတော်တော်ဆာနေလို့ပါ။ သင်က သူဗိုက်ဆာတဲ့ သင်္ကေတတွေ ဖြစ်တဲ့ လက်စုပ်တာ၊ နှုတ်ခမ်းသပ်တာတွေကို သတိမထားမိလိုက်လို့ပါ။
- တစ်ခုခုကို စုပ်ချင်တာ – ပါးစပ်ထဲမှာ တစ်ခုခုကို စုပ်နေတာက သူတို့အတွက် သက်သောင့်သက်သာ ဖြစ်စေပါတယ်။ လက်စုပ်တာဖြစ်ဖြစ်၊ ချိုလိမ်စုပ်တာဖြစ်ဖြစ် ပေးလုပ်လိုက်ပါ။ ဘာမှမရှိရင် နို့တိုက်လိုက်ပါ။
- အထီးကျန်လို့ပါ – ကလေးက တစ်ခါတစ်လေ သူ့ကို ဘယ်သူမှ လာမချီရင်လည်း ငိုတတ်ပါသေးတယ်။ ဗိုက်ပေါ်တင်ပြီး ကျောလေးသပ်ပေးလိုက်ရင် အငိုတိတ်သွားပြန်ရော။
- အိပ်ချင်လို့ – ကလေးတွေက တစ်နေ့ကို ၁၆နာရီလောက် အိပ်ပါတယ်။ အိပ်ရေးမဝရင်လည်း ဂျီကျတတ်ပါတယ်။
- ရှူးရှူးပေါက် အီးအီးပါထားတာ – အနှီးတွေ ဒိုင်ပါတွေ စိုနေလည်း သူတို့မနေတတ်ပါဘူး။ ကလေးငိုပြီဆိုရင် အနှီးတို့ ဒိုင်ပါတို့ကို ပြေးစမ်းတတ်ပါစေ။
- လှုပ်နေချင်လို့ – တချို့ကလေးတွေဆို လမ်းလျှောက်နေမှ အငိုတိတ်တာပါ။ ရပ်သွားရင် အော်နေရော။ ဒါကြောင့် သူတို့ကို ချီပြီး လမ်းလျှောက်တာ၊ ပုခက်ထဲထည့်လွှဲတာ လုပ်ပေးလိုက်ပါ။
- ပွေ့ဖက်ခံလို့တာ – တစ်ခါတစ်လေ ဘာမှမဟုတ်ဘူး။ လာပွေ့လိုက်တာနဲ့ အငိုတိတ်သွားတာမျိုးလည်း ရှိပါတယ်။ တစ်ယောက်ယောက် သူတို့ကို ပွေ့ပိုက်ထားရင် စိတ်လုံခြုံမှု ရလို့ပါ။
- ပူလွန်းအေးလွန်းတာ – ကလေးကို ထုပ်ထားတဲ့ အဝတ်တွေ များနေလို့ ပူတာဖြစ်ဖြစ်၊ နည်းနေလို့ အေးတာ ဖြစ်ဖြစ် ငိုတတ်ပါတယ်။
- ဆူညံသံ – သူ့နားမှာ ဆူဆူညံညံ လုပ်တာ၊ မီးတွေ အများကြီး ဖွင့်ထားရင်လည်း ငိုနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။