backup og meta

ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

    ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ …… ကလေးအရွယ် ငိုတယ်ဆိုတာတော့ သဘာဝပဲ ဆိုပေမယ့် မရပ်မနား ငိုနေမယ်ဆိုရင်တော့ ကလေးလည်း ပင်ပန်းပြီး မောဟိုက်သွားသလို လူကြီးတွေလည်း နားပူရတာပေါ့။ ကလေးတွေဆိုတာ အကြောင်းရင်း တစ်ခုခု ရှိလို့ ဥပမာ – နို့ဆာတာ၊ မေမေ့ကို လွမ်းတာ၊ အီအီးပါထားလို့ သေးခံအဝတ်လဲဖို့ လိုအပ်တဲ့ အခါမျိုးဆို ငိုနိုင်သလို တစ်ခါတလေ ကျတော့လည်း ဂျီကျချင်လို့ ငိုတတ်တာတွေ ရှိတာပေါ့။ ဒါကြောင့် ဘေဘီလေးတွေ ဘာကြောင့်ငိုတာလဲဆိုတာ အရင် လေ့လာပြီးတော့ နို့တိုက်တာ၊ စကားပြောပေးတာ၊ ရင်ဘတ်၊ ကျောလေးကို ပုတ်ပေးတာ၊ သေးခံဝတ် လဲပေးတာ လုပ်ပေးလို့ ရပါတယ်။

    အဲ့လိုမဟုတ်ဘဲ ဂျီကျပြီး ငိုတာဆိုရင်တော့ စိတ်မညစ်ဘဲ ခုပြောပြမယ့်နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ အသစ်စက်စက် မေမေတွေအတွက်လည်း အဆင်ပြေစေမယ်လို့ မျှော်လင့်မိပါတယ်။

    ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ ……

    ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

    ၁။ ကလေးကို စောင်ပါးပါးလေးတစ်ထည်နဲ့ ပတ်ပေးပါ။ တအားကြီးကျပ်နေဖို့ မလိုပါဘူး။ ဘေဘီလေးတို့ နေရတာ သက်တောင့်သက်သာဖြစ်ပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ပဲ အဓိကပါ။ ခြေထောက်ကနေ လည်ပင်းထိ ပတ်ပေးပြီးတော့ လက်နှစ်ဖက်ကို အပြင်ထုတ်လို့ရော၊ အထဲထည့်ထားလို့ရော ရပါတယ်။

    ၂။ နို့ဆာနေတာ မဟုတ်ဘူးဆိုရင် နို့သီးခေါင်းပုံစံအစွပ်လေးကို ကလေးပါးစပ်ထဲ ထည့်ပေးပြီး စုပ်ခိုင်းထားရင်လည်း အငိုရပ်သွားနိုင်ပါတယ်။ အကယ်လို့ ဒီလိုအစွပ်မျိုးမရှိရင်လည်း မေမေ့ လက်မ သို့မဟုတ် လက်ချောင်းလေးတွေကို စုပ်ခိုင်းထားလို့ရပါတယ်။

    ၃။ တချို့ကလေးတွေဆိုရင် ဘယ်လောက်ငိုငို လူကြီးက ချီလိုက်တာနဲ့ အငိုတိတ်ပြီး ရယ်သံလေးတွေ ထွက်လာတတ်တာ သတိထားမိတယ်မလား။ ဒီလိုမျိုး ဘေဘီလေးတွေကို ချီရင်း စကားပြောပေးတာ၊ သီချင်းဆိုပေးတာ၊ ကျောကုန်းလေးကို ပွတ်သပ်ပေးတာနဲ့လည်း ဘေဘီလေး စိတ်ပြေသွားအောင် ချော့ပေးလို့ရပါတယ်။

    ၄။ ပုခက်လေးထဲ ထည့်လွှဲပေးပါ။ ပုခက်လွှဲတဲ့အခါ အားနဲ့မလွှဲပါနဲ့။ ဖြည်းဖြည်းလေးနဲ့ ကလေးကို ငြိမ့်ငြိမ့်လေးဖြစ်စေဖို့ လွှဲပေးပါ။ အဲ့အချိန်မှာ သီချင်းသံ တိုးတိုးလေး ဖွင့်ပေးတာ၊ သီချင်းဆိုပြတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။ ပုခက်မဟုတ်ဘဲ ကလေးအိပ်တဲ့ကုတင်လေးမှာ ချပေးရင်း ဖြည်းဖြည်းချင်းလှုပ်ပေးရင်လည်း အဆင်ပြေပါတယ်။

    ၅။ ချီနေတဲ့အချိန် ဘေဘီလေးကို ပုခုံးပေါ်မှာ ခေါင်းလေးမှေးတင်ရင်း သီချင်းလေး ညည်းပေးတာလည်း ဘေဘီလည်း အငိုရပ်စေတဲ့ နည်းလမ်းတစ်ခုပဲနော်။ အဲ့လိုလုပ်ပေးခြင်းဟာ ကလေးကို မေမေ့အသံ စောစောစီးစီး နားလည်မှတ်မိနေစေဖို့ ကူညီပေးရာလည်း ရောက်ပါတယ်။

    ၆။ ရေချိုးပေးနေတဲ့အချိန် ဂျီကျပြီး ငိုတာဆိုရင်တော့ ကလေးစိတ်ထဲ နည်းနည်းစိမ်းနေလို့ ဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် ကလေးမျက်ရည်တွေကို လက်ရေဆွတ်ပြီး ဖြည်းဖြည်းချင်းသုတ်ပေးပါ။ ရေချိုးနေတဲ့အချိန် ဘေးနားမှာ ကစားစရာ ရေပေါ်အရုပ်လေးတွေ ထားထားပေးလို့ရသလို၊ ရေနဲ့ပက်လိုက်၊ ကစားလိုက် လုပ်ပေးလို့လည်း ရပါတယ်။

    ၇။ တစ်ခါတလေ ဘေဘီလေးရဲ့ ဗိုက်ထဲမှာ လေတွေရှိနေတာကြောင့်လည်း ငိုနိုင်တယ်နော်။ ဒါကြောင့် ကလေးကို လက်နှစ်ဖက်ပေါ်မှာ ဝမ်းလျားမှောက်အိပ်ပြီး သိပ်ပေးခြင်းဖြင့် ကလေးရဲ့ ဗိုက်ကလေးကို ဖိအားအနည်းငယ်ဖြစ်စေကာ အထဲက လေတွေထွက်လာစေဖို့ ကူညီပေးပါတယ်။ ဒီနည်းလမ်းအတွက် လက်နှစ်ဖက်က ကလေးရဲ့ ကိုယ်အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းပေးရတာဖြစ်တဲ့အတွက် ဖေဖေတို့ကိုယ်တိုင် လုပ်ပေးတာ ပိုအဆင်ပြေပါလိမ့်မယ်။

    ၈။ ကလေးကို ပွေ့ချီပြီး အပြင်အိမ်နားပတ်ဝန်းကျင်က အရာတွေကို ပြပေးရင်လည်း ကလေးငိုတာ ရပ်သွားစေနိုင်ပါတယ်။ ဘေဘီလေးအသက် ၆လ မပြည့်သေးဘူးဆိုရင်တော့ အပြင်ပေးမထွက်သင့်ပါဘူး။

    ၉။ ဘေဘီလေးကြိုက်တဲ့ အရုပ်တွေနဲ့ မေမေ၊ ဖေဖေတို့ကိုယ်တိုင် ကစားပြတာ၊ ဟာသတွေ လုပ်ပြီးနောက်တာ၊ ဖြည်းဖြည်းချင်း ကလိထိုးပေးတာမျိုး လုပ်ပေးလို့ရပါတယ်။

    မေမေတို့ဆိုတာလည်း ကိုယ့်ရင်သွေးလေးငိုပြီဆိုတာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ထိတ်လန့်တတ်ကြတာဆိုတော့ ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ပြီး အမြဲလိုလိုငိုနေတဲ့ ကလေးကို ချော့သိပ်လိုက်ကြရအောင်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement