backup og meta

ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ

    ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်က အစားအစာလိုအပ်နေပြီလို့ အချက်ပြတဲ့သဘောပါပဲ။ ဗိုက်ဆာလာတာကို မစားဘဲ နေလိုက်ရင် ဗိုက်နာမယ်၊ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ နုံးချိချိဖြစ်လာမယ်၊ အာရုံကောင်းကောင်း မစူးစိုက်နိုင်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဗိုက်ဆာတာကို လျစ်လျူမရှုသင့်ပါဘူး။ ဒါပေမဲ့ ပုံမှန်စားနေလျက်နဲ့ ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ ။

    ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ

    ဗိုက်ဆာလို့အပြင် ခဏခဏ စားချင်သောက်ချင်စိတ် ဖြစ်ရတဲ့ တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့

  • ကျန်းမာရေးကြောင့်လား
  • ခဏခဏဗိုက်ဆာတယ်ဆိုတာ ဆီးချိုရောဂါရဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ပုံမှန်ဆိုစားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ပြောင်းလဲသုံးစွဲပစ်ပါတယ်။ ဆီးချိုရောဂါရှိနေရင်တော့ ကိုယ်တွင်းဆဲလ်တွေက သကြားဓာတ်တွေ ရယူမသုံးစွဲနိုင်တော့တဲ့အတွက် ခဏခဏစားသောက်ဖို့ အားပေးသလိုဖြစ်နေပါတယ်။

    Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက်များတဲ့ အခြေအနေမှာလည်း ခဏခဏဗိုက်ဆာ တတ်ပါတယ်။ ပိုလျှံနေတဲ့ သိုင်းရွိုက်ဟော်မုန်းတွေက စားချင်စိတ်ကို ပိုအားကောင်းစေလို့ပါ။

    လူတိုင်းမဟုတ်ပေမဲ့ တချို့တွေက စိတ်ဓာတ်ကျတဲ့အချိန် (ဒါမှမဟုတ်) အရမ်းစိတ်လှုပ်ရှားတဲ့အချိန်တွေ မှာဗိုက်ဆာတတ်ကြပါတယ်။ စားသောက်တာက ရောဂါတစ်ခုမဟုတ်ပေမဲ့ နင်းကန်စားပြီး အဝလွန်လာရင်တော့  နောက်ဆက်တွဲပြဿနာတွေ တပြုံကြီး ပါလာတော့မှာပါ။

    ဒါ့ကြောင့် ကိုယ်ခဏခဏဗိုက်ဆာရတာ ဒီလိုရောဂါတွေကြောင့်လို့ သံသယရှိရင် သက်ဆိုင်ရာဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

    • အစားအစာနဲ့ စားသောက်ပုံကြောင့်လား

    အစားအစာတိုင်းက စားလိုက်တိုင်း ဗိုက်မပြည့်စေပါဘူး။ အသားငါး၊ နို့ထွက်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေဖြစ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ ပဲအမျိုးမျိုး စတာတွေက ဗိုက်ပြည့်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

    ဖြူဆွတ်နူးညံ့နေတဲ့ ပေါင်မုန့်၊ ကိတ်မုန့်တွေ၊ အသင့်စား အစားအစာတွေ၊ သရေစာတွေကတော့ အဆီပါဝင်မှုများပြီး စားလိုက်တဲ့အချိန်ပဲ ဗိုက်ပြည့်စေပါတယ်။ ဒါတွေ အစားများရင် ခဏခဏ ဗိုက်ပြန်ဆာနေမှာ ဖြစ်သလို ရေရှည်မှာလည်းကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

    ရေသောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးအလွန်များပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ဦးနှောက်နဲ့ နှလုံး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အထောက်အကူဖြစ်စေပြီး အရေပြားနဲ့ အစာခြေစနစ်အတွက်လည်း အကျိုးရှိပါတယ်။

    ရေဓာတ်ပြည့်ဝနေဖို့အတွက် ဖရဲသီး၊ သခွားသီးလို ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံတွေလည်း မကြာခဏ စားသုံးပေးသင့်ပါတယ်။ အစာမစားခင် ရေသောက်လိုက်ရင် အစာစားချင်စိတ်ကို လျော့သွားစေတာကြောင့် အလွန်အကျွံမစားမိအောင် အထောက်အကူဖြစ်စေပါတယ်။

    အရက်ကတော့ ရေနဲ့ ပြောင်းပြန်ပါပဲ။ အရက်က အစာစားချင်စိတ် လျော့နည်းစေတဲ့ ဟော်မုန်းကို တားဆီးနိုင်တဲ့ အတွက် အစာမစားခင် (ဒါမှမဟုတ်) စားရင်းသောက်ရင်း အရက်သောက်မိရင် ပုံမှန်ထက် ပိုစားမိစေပါတယ်။

    အရက်အလွန်အကျွံသောက်မိရင် အစားပိုစားမိရုံတင်မဟုတ်ဘဲ နှလုံးနဲ့သွေးကြောကျန်းမာရေးကိုပါ ထိခိုက်စေတာမို့ ဘယ်အချိန်ဖြစ်ဖြစ် အရက်ကိုချင့်ချိန်ပြီး သောက်သုံးဖို့ အရမ်းအရေးကြီးပါတယ်။

    ကိုယ်စားသောက်တဲ့ပုံစံကလည်း ဗိုက်ပြည့်မပြည့်ဆိုတဲ့ အချက်ပေါ်သက်ရောက်ပါသေးတယ်။ အစားကို ဖြည်းဖြည်းနဲ့ မှန်မှန်စားတာက အစာကြေညက်ဖို့လွယ်သလို ဗိုက်ပြည့်လွယ်စေတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဖြည်းဖြည်းချင်း စားသောက်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းက ဗိုက်ပြည့်တာကိုအချက်ပြတဲ့ဟော်မုန်းတွေ ပိုထွက်လာစေတာကြောင့် တစ်ခါစားပြီးရင် တော်တော်နဲ့ ဗိုက်ပြန်မဆာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

    တီဗီကြည့်ရင်း (ဒါမှမဟုတ်) တစ်ခုခုလုပ်ရင်း အစားကို အမြန်စားသောက်ရင်တော့ စားစရာကို သေချာကြေညက်အောင် မဝါးမိတော့သလို ဗိုက်ပြည့်တာကိုလည်း သတိမထားမိဘဲ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အစားကို အမြန်စားသောက်တတ်သူတွေက ရေရှည်မှာ အဝလွန်တဲ့ပြဿနာနဲ့ ကြုံရတတ်ပါတယ်။

  • လူနေမှုပုံစံကြောင့်လား
  • အိပ်ရေးမဝရင် ကိုယ်တွင်းက ဟော်မုန်းလည်ပတ်မှုဖြစ်စဉ်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့်အိပ်ရေးပျက်သူ အများစုက ခဏခဏဗိုက်ဆာတတ်ပြီး စားပြီးရင်လည်း ဗိုက်ပြည့်တယ်လို့ သိပ်မခံစားရတတ်ပါဘူး။ နောက်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေကို ပိုစားသောက်တတ်ကြတာလည်း တွေ့ရပါတယ်။

    ကျန်းမာရေးလိုက်စားပြီး အထူးသဖြင့် အပြင်းအထန်လှုပ်ရှားရတဲ့ အားကစားတွေလုပ်ရင် ကယ်လိုရီ ပိုလောင်ကျွမ်းပါတယ်။ ဒီလိုအားကစားလိုက်စားတဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုများပြီး ကိုယ်တွင်းဇီဝဖြစ်စဉ်လည်းပိုမြန်တာကြောင့် ခဏခဏအစာစားချိန်စိတ်ဖြစ်ပေါ်တတ်ပါတယ်။

    နိဂုံးအနေနဲ့ ပြန်ပြောရရင် ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်အတွက် စွမ်းအင်လိုအပ်နေကြောင်း အချက်ပြတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ခဏခဏဗိုက်ဆာနေပြီဆိုရင်တော့ အခုပြောခဲ့တဲ့အချက်တွေနဲ့ ကိုယ့်ဘာသာပြန်ဆန်းစစ်ကြည့်ပါ။ ဒါမှသာ အလွန်အကျွံစားသောက်မိပြီး အဝလွန်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာတွေ မကြုံအောင် ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

    ရေးသားသူ – Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement