backup og meta

ကလေးအငိုတိတ်စေနိုင်မယ့် နည်းလမ်း ၁၈ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအငိုတိတ်စေနိုင်မယ့် နည်းလမ်း ၁၈ သွယ်

    ကလေးတွေကငယ်သေးတဲ့အချိန်မှာ စကားမပြောနိုင်တာကြောင့်သူတို့ရဲ့ဆန္ဒကိုဖော်ပြဖို့သုံးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ငိုတာပါ။ မအီမသာဖြစ်တဲ့အခါမျိုးမှာလည်း ကလေးတွေက ငိုတတ်ကြပါသေးတယ်။ ဒါပေမယ့် ကလေးတွေငိုတဲ့အခါ မိဘတွေကဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ ထူပူစိုးရိမ်နေတတ်ကြပါတယ်။ ဒီတစ်ခါတော့ဘေဘီလေးတွေက ဘာကြောင့်ငိုတတ်လဲဆိုတာနဲ့ ကလေးတွေငိုရင် အငိုတိတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

    ကလေးတွေဘာကြောင့်ငိုတာလဲ

    ကလေးငယ်တွေငိုရတဲ့အကြောင်းတွေအများကြီးရှိပါတယ်။ ငိုတာက ကလေးတွေရဲ့တစ်ခုတည်းသော လူမှုဆက်ဆံရေးနည်းလမ်းပါ။ ဒီနည်းနဲ့ လူကြီးတွေရဲ့ အာရုံစိုက်မှုကိုရယူတာဖြစ်သလို သူတို့ရဲ့လိုအပ်ချက်ကိုတောင်းဆိုတာလည်းဖြစ်ပါတယ်။ ကလေးငယ်လေးတွေမှာ ငိုပုံငိုနည်းကအမျိုးမျိုးကွာခြားပါတယ်။ အစပိုင်းမှာတော့ ကလေးတွေရဲ့ ငိုသံကို နားလည်နိုင်ဖို့တော်တော်လေးခက်ပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကလေးငယ်တွေရဲ့ ငိုသံတစ်ခုချင်းစီကိုနားလည်လာပါလိမ့်မယ်။ ကလေးတွေက စိတ်ကျဉ်းကျပ်တဲ့အခါမျိုးနဲ့ စိတ်ရှုပ်ထွေးတဲ့အခါမျိုးတွေမှာလည်း ငိုတတ်ကြပါသေးတယ်။

    ကလေးငယ်တွေငိုရတဲ့ အကြောင်းအရင်းတွေ

    • ဗိုက်ဆာတဲ့အခါ
    • ပင်ပန်းတဲ့အခါ
    • ပူလွန်း အေးလွန်းတဲ့အခါ
    • သေးခံက စိုနေတာ၊ ညစ်ပေနေတာကြောင့် လဲပေးစေချင်တဲ့အခါ
    • လေထုတ်ပေးဖို့လိုတဲ့အခါ
    • ချီစေချင်တဲ့အခါ
    • ဗိုက်ထဲမှာလေပွနေတဲ့အခါ
    • နို့ဆာတဲ့အခါမျိုး
    • သူ့ကိုယ်သူ မလုံခြုံဘူးလို့ထင်တဲ့အခါမျိုး
    • အလင်းရောင် အရမ်းစူးတာ ဒါမှမဟုတ် အသံတွေအရမ်းဆူတဲ့အခါ
    • တစ်ခုခုကိုအရမ်းငြီးငွေ့လာတဲ့အခါ
    • စိတ်တိုင်းမကျတဲ့အခါ
    • အဝတ်အစားတွေကအရမ်းကျပ်လွန်းတဲ့အခါ ဒါမှမဟုတ် သက်တောင့်သက်သာမဖြစ်တဲ့အခါ
    • အဝတ်အစားတွေက သန့်ပြန့်မှုမရှိတာ၊ စိုထိုင်းနေတာ

    ကလေးတွေငိုတဲ့ အခြားအကြောင်းအရင်း

    • အဖျားတက်တာ
    • ဖျားနာနေတာ
    • နားတွင်း ပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ
    • စားချဉ့်ပြန်တာ
    • အစားအစာဓာတ်မတည့်တာကြောင့်
    • သွားပေါက်တဲ့အခါ
    • သွေးအားနည်းတာ
    • ဝမ်းချုပ်တာ
    • ခြေချောင်း၊လက်ချောင်းလေးတွေမှာ ဆံပင်ချည် (သို့မဟုတ်) အပ်ချည်ကြိုးပတ်နေတာ
    • ကာကွယ်ဆေးတစ်မျိုးမျိုးထိုးထားတာကြောင့် မအီမသာဖြစ်နေတာ
    • အိမ်ထဲမှာ လူကြီးတစ်ဦးဦးကဆေးလိပ်သောက်တာကြောင့်
    • နို့တိုက်မိခင်က ကဖင်း၊အယ်လ်ကိုဟောနဲ့ တရားမဝင်ဆေးဝါးတွေသုံးစွဲနေတာတွေကြောင့်လည်း ကလေးတွေကမအီမသာဖြစ်ပြီး ငိုတတ်ကြပါတယ်။

    ငိုနေတဲ့ကလေးကို ဘယ်လိုချော့မလဲ

    ကလေးတစ်ယောက်နဲ့တစ်ယောက်ရဲ့ လိုအင်ဆန္ဒချင်းက မတူညီကြပါဘူး။ ဒါကြောင့်ကလေးတစ်ယောက်နဲ့တစ်ယောက်ကိုချော့ရတဲ့ ပုံစံခြင်းလည်းမတူပါဘူး။ တကယ်လို့ တစ်နည်းအလုပ်မဖြစ်ရင် တစ်နည်းပြောင်းလုပ်ကြည့်ရပါမယ်။ ကလေးလေးတွေငိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ကလေးအချို့ကသူတို့ငိုတဲ့အခါ သားချော့တေးဆိုပြီးချော့တာကိုကြိုက်ကြသလို အချို့ကလည်း သူတို့ကိုချီလိုက်တာ၊ ဂရုတစိုက်ထွေးပွေ့ပေးတာကိုကြိုက်နှစ်သက်တတ်ကြပါတယ်။

    (၁) ကလေးက အိပ်ချင်တဲ့အခါမျိုးမှာလည်းငိုတတ်ပါတယ်

    ကလေးက မျက်လုံးလေးတွေကို ပွတ်ပြီး ငိုနေမယ်ဆိုရင်တော့အိပ်ငိုက်တာကြောင့် ငိုနေတာလည်းဖြစ်နိုင်ပါတယ်။ အဲ့လိုအခါမျိုးမှာ ကလေးကို သက်သောင့်သက်သာအိပ်နိုင်အောင်လုပ်ပေးလိုက်ပါ။

    (၂) ကလေးက ဗိုက်ဆာနေရင်လည်းငိုတတ်ပါတယ်

    ကလေးကို အစားကျွေးချိန်ကျော်နေလားဆိုတာကို သတိထားပါ။ ကလေးငယ်လေးတွေက ဘာမှမပြောတတ်သေးတာမို့ မိဘတွေက အချိန်သတ်မှတ်ပြီး ဂရုတစိုက်ကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကငိုနေတဲ့အခါ မုန့်လေးတစ်ခုခုကျွေးကြည့်တာမျိုး စားနေကျစားစရာတစ်ခုခုကျွေးကြည့်တာမျိုးလုပ်ကြည့်လိုက်ပါ။

    (၃) သေးခံတွေ ညစ်ပတ်နေလားစစ်ဆေးကြည့်ပါ

    ကလေးလေးတွေကသေးခံတွေညစ်ပေနေတဲ့အခါသေးစိုနေတဲ့အခါမျိုးမှာနေထိုင်ရသက်တောင့်သက်သာမရှိတာကြောင့်လည်း ငိုတတ်ကြပါတယ်။ ကလေးကငိုနေတဲ့အခါ သူတို့လေးတွေရဲ့သေးခံကညစ်ပတ်နေလားဆိုတာကိုလည်း စစ်ဆေးကြည့်ပါ။

    (၄) ကလေးက အထိတ်တလန့်ဖြစ်တဲ့အခါမျိုးမှာလည်း ငိုတတ်ကြပါတယ်

    ကလေးကိုကောက်မချီခင်၊ မထိခင်မှာ အရင်ဆုံး ညင်ညင်သာသာလေးပြောပေးပါ။ ဒါမှကလေးက ရုတ်တရက် ထိတ်လန့်တာမျိုးမဖြစ်မှာပဲဖြစ်ပါတယ်။

    (၅) ကလေးကို စိတ်ပျော်အောင်ထားပေးပါ

    ကလေးလေးတွေ ငိုနေတဲ့အခါ သူတို့လေးတွေနဲ့ တူဝါးကစားပေးတာ၊ ချော့မြူပေးတာ၊ သီချင်းလေးတွေဆိုပြီး ချော့ပေးတာမျိုးလုပ်ပေးပါ။ သီချင်းလေးတွေဆိုတဲ့အခါမှာလည်း သီချင်းအေးအေးလေးတွေဆိုပေးပါ။

    (၆) ကလေးရဲ့ လက်မောင်းတွေ ခြေထောက်တွေကို ညင်ညင်သာသာနှိပ်နယ်ပေးပါ

    ကလေးလေးတွေကို လက်မောင်းနဲ့ခြေထောက်လေးတွေကို ညင်ညင်သာသာနှိပ်ပေးတာကလည်း ကလေးတွေကိုစိတ်သက်သာရာရစေပါတယ်။ ဒါကြောင့်ကလေးလေးတွေကို အရေပြားမှာ baby oilလေးတစ်ခုခုလိမ်းပေးပြီး နှိပ်နယ်ပေးပါ။

    (၇) ကလေးကိုပွေ့ထားပါ

    ကလေးက အရမ်းငိုနေတဲ့အခါမျိုးမှာ အနီးကပ်ဆုံးအနေအထားနဲ့ နွေးနွေးထွေးထွေး ပွေ့ချီပေးလိုက်ပါ။ ကလေးကို ရင်ဘတ်ပေါ်မှာ တင်ထားတာမျိုးဖြစ်ဖြစ်ပေါ့။ ကလေးကို ဒီလိုပွေ့ချီပေးလိုက်မယ်ဆိုရင် ကလေးက လုံခြုံမှုရှိတယ်လို့ခံစားရပြီး အငိုတိတ်သွားပါလိမ့်မယ်။ ကလေးကို နွေးနွေးထွေးထွေးပွေ့ချီပေးတာကလည်း အငိုတိတ်စေနိုင်မယ့် နည်းလမ်းတစ်ခုပါ။

    ၈) ကလေးကို နွေးနွေးထွေးထွေးလေး ထားလိုက်ပါ

    အရမ်းအေးတဲ့အခါမျိုးမှာလည်း ကလေးတွေက ငိုတတ်ကြပါတယ်။ ဒီလိုအနေအထားမျိုးမှာဆိုရင် ကလေးကိုစောင်ခပ်ပါးပါးလေးတဲ့ထွေးပေးတာမျိုး၊ အင်္ကျီခပ်ထူထူလေး ထပ်ဝတ်ပေးလိုက်တာမျိုးဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။

    ၉) အလင်းကိုလျှော့ပေးပြီး ဆူညံသံတွေကို တိတ်ဆိတ်အောင်လုပ်ပေးလိုက်ပါ

    အလင်းတွေ အရမ်းစူးနေရင်လည်း ကလေးလေးတွေက ငိုတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အခန်းတွင်းအလင်းရောင်ကို လျှော့ပေးတာမျိုးလုပ်ကြည့်ပါ။ ပတ်ဝန်းကျင်က အရမ်းဆူညံနေရင်လည်း ကလေးငယ်လေးတွေက ငိုတတ်ကြပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က အရမ်းဆူနေတဲ့အခါမျိုးမှာလည်း ကလေးတွေကို တိတ်ဆိတ်တဲ့နေရာကို ခဏခေါ်သွားတာမျိုးဖြစ်ဖြစ်၊ အသံလျှော့လို့ရမယ်ဆိုရင်လျှော့ခိုင်းတာမျိုးဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။

    ၁၀) အဝတ်အစားတွေ အရမ်းကျပ်နေလား ကြည့်ပါ

    ကလေးကို ဝတ်ပေးထားတဲ့ အဝတ်အစားတွေက အရမ်းကျပ်နေတဲ့အခါမျိုးမှာ နေရထိုင်ရကျပ်လွန်းတာကြောင့် ငိုတတ်ကြပါတယ်။ ဒါကြောင့် ကလေးငိုတဲ့အခါ ကလေးကို ဝတ်ပေးထားတဲ့အဝတ်တွေက အရမ်းကျပ်နေလားဆိုတာကို သေချာကြည့်ကြည့်လိုက်ပါ။ အင်္ကျီက အရမ်းကျပ်နေရင် ချောင်ချောင်ချိချိဖြစ်မယ့် အဝတ်မျိုးဝတ်ပေးပါ။ ကလေးကိုချောင်ချောင်ချိချိဖြစ်ပြီး သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားမျိုးကို ဝတ်ပေးပါ။

    ၁၁) အိမ်အပြင်ထွက်လမ်းလျှောက်ပေးပါ

    ကလေးက ငိုနေတဲ့အခါ အပြောင်းအလဲဖြစ်သွားအောင် ကလေးကိုချီပြီး အိမ်အပြင်ဘက်ကို လမ်းလျှောက်ခေါ်သွားတာမျိုးဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။ တစ်ခါတစ်လေ ကလေးငယ်လေးတွေက အိမ်တွင်းက ပတ်ဝန်းကျင်အနေအထားကိုမကြိုက်တဲ့အခါမျိုးမှာလည်း ငိုတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ကို အာရုံပြောင်းတဲ့အနေနဲ့ အိမ်အပြင်ကိုခေါ်သွားပေးလိုက်ပါ။

    ၁၂) ကလေးကို မှန်ကြည့်ခိုင်းပေးပါ

    ကလေးကအရမ်းငိုနေတဲ့အခါ မှန်ရှေ့ကိုချီခေါ်သွားပြီး မှန်ထဲမှာဘယ်သူလေးလဲလို့ ပြကြည့်လိုက်ပါ။ ကလေးကမှန်ထဲမှာ သူ့ကိုယ်သူပြန်မြင်ရတဲ့အခါအံ့သြသွားပါလိမ့်မယ်။ စိတ်ဝင်စားတာတစ်ခုခုကိုတွေ့သွားရင် ကလေးတွေကအငိုတိတ်သွားတတ်ပါတယ်။

    ၁၃) ကလေးကို ပုံပြောပြပါ

    ကလေးက ငိုနေတဲ့အခါ ရုပ်ပုံလေးတွေပြပြီး ပုံပြောပြတာမျိုးလည်း လုပ်ပေးလို့ရပါသေးတယ်။ ကလေးငယ်လေးတွေက ပုံပြောပြတာကိုလည်း နှစ်သက်ကြပါတယ်။ ကလေးတွေကို ပုံပြောပေးတာက ကလေးငယ်ကို ဉာဏ်ကောင်းစေပါတယ်။

    ၁၄) ကလေးနဖူးလေးနဲ့ နားထင်လေးတွေကို လက်ကလေးနဲ့ ညင်ညင်သာသာပွတ်ပေးပါ

    ကလေးကချော့မရအောင်ငိုနေတဲ့အခါမျိုးမှာ ကလေးရဲ့နဖူးပြင်လေး ဒါမှမဟုတ် နားထင်လေးကို လက်ကလေးနဲ့ညင်ညင်သာသာလေး ပွတ်ပေးလိုက်ပါ။ ကလေးကိုစိတ်သက်သာရာရစေပြီး သက်တောင့်သက်သာဖြစ်ပါစေလိမ့်မယ်။

    ၁၅) ကလေးကိုအေးမြနေအောင်ထားပေးပါ

    ကလေးတွေက အရမ်းပူတဲ့အခါမျိုးမှာလည်း ငိုတတ်ကြပါတယ်။ ဒါကြောင့် ရာသီဥတုအရမ်းပူလာတဲ့အခါ၊ ကလေးကချွေးတွေထွက်နေတဲ့အခါမျိုးမှာ ကလေးကိုအေးမြအောင်လုပ်ပေးပါ။

    ၁၆) အသံမြည်တဲ့ ကစားစရာလေးတွေနဲ့ပေးဆော့လိုက်ပါ

    ကလေးငိုနေတဲ့အခါ အသံမြည်တဲ့ဂျောက်ဂျက်လိုမျိုးဆော့စရာ၊ အသံမြည်တဲ့ လက်ညှစ်ရုပ်လေးတွေနဲ့ပေးဆော့တာမျိုးဆော့ပြတာမျိုးလုပ်လိုက်ပါ။ ကလေးကိုအာရုံပြောင်းသွားစေပါလိမ့်မယ်။

    ၁၇) တိရစ္ဆာန်လေးတွေရဲ့ အသံတုတွေလုပ်ပြပေးပါ

    ကလေးတွေငိုနေတဲ့အခါ အာရုံပြောင်းစေအောင် ကျားကြီးကဝေါင်းလို့အော်တယ်။ခွေးလေးက ဝုတ်ဝုတ်အော်တယ်။ ကြက်ကလေးက ပိကျိပိကျိအော်တယ်။ ဘဲလေးက ဂတ်ဂတ်အော်တယ်လို့အော်ပြတာမျိုးဖြစ်ဖြစ်လုပ်ပေးကြည့်ပါ။

    ၁၈) အခြားကလေးတွေဆော့နေတာကိုပြပေးပါ

    ကလေးတွေက ငိုနေတဲ့အခါ ကြည့်ပါဦး၊ သူတို့တွေကစားနေကြတယ်လို့ပြောပေးရင်း အခြားကလေးတွေဆော့နေတဲ့ဆီကို အာရုံရောက်အောင်ပြပေးလိုက်ပါ။ ကလေးက ကစားချင်စိတ်ပေါက်သွားနိုင်သလို အာရုံလည်းပြောင်းသွားပါလိမ့်မယ်။

    ကလေးက ငိုနေတဲ့အခါ လှုပ်ရမ်းတာ၊ ပစ်မြှောက်ပြီးချော့မြူတာမျိုးတွေမလုပ်ပါနဲ့။ ကလေးငယ်တွေရဲ့ လည်ပင်းကြွက်သားတွေက သန်မာမှုအားနည်းနေတာကြောင့်ခေါင်းကိုကောင်းကောင်းမထောက်ပံ့နိုင်ပါဘူး။ ဒါကြောင့် အမြင်အာရုံဆုံးရှုံးတာ၊ ဦးနှောက်ပျက်စီးတာ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းတာမျိုးတွေကိုဖြစ်စေနိုင်သလို အရမ်းပြင်းထန်ခဲ့မယ်ဆိုရင် အသက်သေဆုံးတာမျိုးအထိတောင်ဖြစ်နိုင်ပါတယ်။

    အခုလောက်ဆိုဖေဖေမေမေတွေတင်မဟုတ်ဘဲ ဦးဦးတီတီတွေပါ ချစ်စဖွယ်ဘေဘီလေးတွေ ငိုနေတဲ့အခါ အငိုတိတ်အောင်ဘယ်လိုလုပ်ပေးရမလဲသိလောက်မယ်ထင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement