ကိုယ့်ကလေးက တစ်ခြားကလေးတွေနဲ့ ယှဉ်ရင် ပိုပြီးညှက်နေတဲ့ အဖြစ်မျိုးတွေ ကြုံဖူးကြမှာပါ။ အထူးသဖြင့် ကျောင်းတက်တဲ့အချိန်မှာဆို ပိုပြီးသိသာပါတယ်။ မိဘတွေဘက်ကလည်း ကိုယ့်ကလေးက ဘာကြောင့် တစ်ခြားကလေးတွေထက် ညှက်နေရတာလဲဆိုတာ သိချင်ကြမယ်လို့ထင်ပါတယ်။
ကလေးတစ်ယောက်ရဲ့ အသက်အလိုက် ကြီးထွားမှု စံနှုန်းတွေက ဘာတွေလဲ။ ။
အသက် ၁၀ နှစ်အောက် ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုကို ပျှမ်းမျှ အနေနဲ့ ပြောရမယ်ဆိုရင်
အသက် | အလေးချိန် | အရပ်အမြင့် |
၁ နှစ် နဲ့ ၁ နှစ်အောက် | < ၂၀ ပေါင် | ၂ပေကျော်ကျော် |
၂ နှစ် နဲ့ ၃ နှစ်ကြား | < ၃၀ ပေါင် | ၃ ပေကျော် |
၅ နှစ် | >၄၀ပေါင် | ၄ပေကျော် |
၁၀ နှစ် | >၇၀ ပေါင် | ၅ပေအောက် |
သင့်ကလေးရဲ့ ကြီးထွားမှုနှုန်းကို ခုပြောပြထားတွေနဲ့ အကြမ်းအားဖြင့် ယှဉ်ကြည့်လို့ရပါတယ်။ ပုံမှန်ဆို ကလေးတစ်ယောက်ရဲ့ကြီးထွားမှုက တစ်နှစ်ထက်တစ်နှစ် ပိုပိုများလာရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်ကလေးကြီးထွားမှုကို နှောင့်ယှက်တဲ့ အရာတွေ ရှိနေပါပြီ။
ကလေးကြီးထွားမှုနှုန်းကို နှေးစေတဲ့ အချက်တွေကဘာတွေလဲ။ ။
ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုကို နှေးစေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ တစ်ချို့တွေအချက်တွေက ပြင်လို့ရပေမယ့် တစ်ချို့ အချက်တွေကတော့ မွေးရာပါဖြစ်နေတတ်ပါတယ်။ ဒါဆို ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုကို ဟန့်တားနေတဲ့ အချက်က ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ ။
၁။ ရောဂါအခံရှိကြသူများ။ ။
ငယ်ငယ်ကတည်းက ရောဂါအခံတစ်ခုခုရှိနေတဲ့ ကလေးတစ်ယောက်က တစ်ခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် အကောင်ပိုသေးနေတတ်ပါတယ်။ ဒါဟာ ရောဂါကပေးတဲ့ဒဏ်တွေ၊ ဆေးက ပေးတဲ့ ဒဏ်တွေကြောင့် ဖြစ်ရတာပါ။ ရောဂါတွေထဲမှာဆို
- နှလုံးရောဂါ –
- အဆုတ်ရောဂါ ( ပန်းနာ၊ရင်ကြပ်)
- ကျောက်ကပ်ရောဂါ ( ကျောက်ကပ်ရောင်ေရာဂါ)
- အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါ
- ဆီးချို အမျိုးအစား၁ ေရာဂါ
- သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ ရောဂါ
- အရိုးရောဂါ တွေရှိနေတဲ့ ကလေးတစ်ယောက်က သူများတွေထက် အကောင်သေးနေတတ်ပါတယ်။
၂။ အာဟာရချို့တဲ့ကြသူများ။
အစာအာဟာရဟာ ကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါကြီးထွားဖို့နဲ့ ညဏ်ရည် ဖွံ့ဖြိုးဖို့အတွက် အရေးအပါဆုံးပါ။ ဒါကြောင့် ကလေးစားတဲ့ အစားအသောက်တွေမှာ ပြည့်ဝမျှတတဲ့ အာဟာရတွေပါဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ အာဟာရချို့တဲ့နေတဲ့ ကလေးတစ်ယောက်ဟာ တစ်ခြားကလေးတွေနဲ့ ကြီးထွားမှုအပိုင်းမှာရော၊ ညဏ်ရည်အပိုင်းမှာရော ဘယ်လိုမှတန်းတူ မဖြစ်နိုင်ပါဘူး။
၃။ မျိုးရိုးဗီဇ ချွတ်ယွင်းတာကြောင့်လည်း ကြီးထွားမှုနှုန်းနှေးနိုင်ပါတယ်။
မျိုးရိုးဗီဇ ချွတ်ယွင်း ရောဂါတွေဖြစ်တဲ့
- Cushing’s syndrome,
- Turner syndrome,
- Down syndrome,
- Noonan syndrome,
- Russell-Silver syndrome နဲ့
- Prader-Willi syndrome တို့ဟာ ကြီးထွားမှုကို ဟန့်တားတဲ့ ရောဂါတွေဖြစ်ပါတယ်။ Down syndrome ရောဂါဖြစ်နေတဲ့ ကလေးတွေကို ကြည့်ကြည့်ပါ။ ကိုယ်ခန္ဓါရော၊ ညဏ်ရည်ပိုင်းမှာရော တစ်ခြားကလေးတွေထက် ဖွံ့ဖြိုးမှု နှေးကွေးနေတတ်ပါတယ်။
၄။ ကြီးထွားမှုဟော်မုန်း နည်းနေရင်လည်း ကလေးတစ်ယောက်က ပုံမှန်ထက်ညှက်နေတတ်ပါတယ်။
ကိုယ်ခန္ဓါရဲ့ ကြီးထွားမှုကို Growth Hormone လို့ခေါ်တဲ့ ကြီးထွားမှုဟော်မုန်းက အဓိက ထိန်းချုပ်နေတာပါ။ ဟော်မုန်းရှိသင့်တဲ့ ပမာဏအောက်နည်းနေတဲ့ ကလေးတစ်ယောက်ဟာ ကြီးထွားမှု အပိုင်းမှာ တစ်ခြားကလေးတွေထက် နှေးနေတတ်ပါတယ်။ ဒါကို ဟော်မုန်းအစားထိုး ကုသတဲ့နည်းနဲ့ ဖြေရှင်းလို့ရပါတယ်။
၅ ။ သန္ဓေသားဘဝတည်းက ဖွံဖြိုးမှုနှေးတဲ့ သူတွေ။
အမေဗိုက်ထဲမှာတည်းက ညှက်တဲ့ကလေးတစ်ယောက်ဟာ ကြီးလာတဲ့ အခါကျရင်လည်း ဆက်ပြီး ညှက်သွားတတ်တဲ့ သဘောရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် နေမကောင်းလို့ သောက်ရတဲ့ဆေးတွေက သန္ဓေသားဖွံဖြိုးမှုကိုထိခိုက်စေပါတယ်။
၆။ အရွယ်မတိုင်ခင် ကြီးကောင်စောဝင်တဲ့သူတွေ။
အရွယ်ရောက်စောတာကလည်း ကြီးထွားမှု နှေးစေတဲ့အချက်တွေထဲက တစ်ခုပါ။ ကြီးကောင်ဝင်တာစောတဲ့ ကလေးတစ်ယောက်ရဲ့ အရိုးကြီးထွားမှုတွေက အချိန်မတိုင်ခင် မြန်ဆန်နေတတ်ပြီး တကယ်ကြီးရမယ့် အချိန်လည်းရောက်ရော ဆက်မကြီးတော့ဘဲ ကြီးထွားမှု ရပ်သွားတတ်ပါတယ်။
၇။ ကြီးထွားမှုနှေးခြင်းဟာ မျိုးရိုးလိုက်တတ်ပါတယ်။
မျိုးရိုးကြောင့်လည်း ကြီးထွားမှု နှေးတတ်ပါတယ်။ ကိုယ့်မိဘတွေက အရပ်ပုနေတဲ့သူတွေဆိုရင် ကိုယ့်ကျမှထူးပြီး ရှည်လာစရာတော့ မရှိပါဘူး။ မူရင်းကောင်းမှ မိတ္တူကောင်းမှာကိုး။
၈။ စိတ်ဖိစီးမှုများတဲ့ ကလေးတွေ။
၁၀ နှစ်အောက်ဆိုတာ အပူအပင်ကင်းပြီး ပျော်ရွှင်နေတဲ့အရွယ်ပါ။ ဒီ်လိုအရွယ်ကလေးတစ်ယောက်ကို စိတ်ဖိစီးအောင် လုပ်တဲ့အရာတွေက ဘာတွေလဲလို့ မေးစရာရှိပါတယ်။ ဒါတွေကတော့ မိဘတွေပါပဲ။ မိဘအချင်းချင်းရန်ဖြစ်ကြတဲ့အခါ၊ ကလေးကို ဂရုမစိုက်ဘဲ ပစ်ထားမိတဲ့ အခါမှာ ကလေးက စိတ်ဒဏ်ရာရတတ်ပါတယ်။
ဒါတွေက ကလေးတစ်ယောက်ရဲ့ကြီးထွားမှုကို ဟန့်တားနေတဲ့ အချက်တွေဖြစ်ပါတယ်။ ကိုယ့်ရင်သွေးလေးတွေ သူများကလေးတွေနဲ့ယှဉ်ရင် ဘာကြောင့် အကောင်သေးနေရတာလဲ၊ ဘာလို့ အရပ်ပုနေရတာလဲ၊ ခုလိုကြီးထွားမှုနှေးတာက စိတ်ပူရလား ဆိုတဲ့ မေးခွန်းတွေအတွက် ခုပြောခဲ့တာတွေက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။
[embed-health-tool-baby-poop-tool]