backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မိခင်နို့နဲ့ နို့မှုန့် အတူတူ တွဲတိုက်လို့ရလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိခင်နို့နဲ့ နို့မှုန့် အတူတူ တွဲတိုက်လို့ရလား ။  ။

ကလေးအသက် ၆လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတဲ့ စကားလေးကိုဆရာဝန်တွေ ဆီက မကြာခဏ ကြားဖူးကြမှာပါ။ ဆရာဝန်တွေသာ တိုက်တွန်းကြပေမယ့် ကာယကံရှင်ဖြစ်တဲ့ မိခင်တွေထဲမှာ ဒီအဆိုကို လိုက်နာတဲ့သူရှားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က မိခင်တွေကိုကြည့်ရုံနဲ့ သိသာပါတယ်။ ကလေး ၃ လ ၄လ လောက်ရောက်ပြီဆိုတာနဲ့ မိခင်နို့အပြင် အပြင်က နို့မှုန့်တွေကိုပါ ဖျော်တိုက်ကြတယ်လေ။ ဒါကလည်း ကလေးကို အာဟာရပိုပြည့်စေချင်တဲ့ စေတနာဖြစ်တာကြောင့် ၆ လပြည့်တဲ့အထိ မစောင့်နိုင်တဲ့ မိခင်တွေကိုလည်း အပြစ်တင်လို့မရပါဘူး။

မိခင်နို့ရော နို့မှုန့်တိုက်သာတိုက်နေရပေမယ့် တစ်ဘက်မှာလည်း ဆရာဝန်တွေ ပြောထားတဲ့ ကလေးအသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတဲ့ စကားကလည်းရှိသေးတော့ မေမေတို့ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေတဲ့ မေးခွန်းတစ်ခုရှိမယ်လို့ထင်ပါတယ်။ ဘာလဲဆိုတော့ မိခင်နို့နဲ့ နို့မှုန့်ကရောတိုက်ရင် ကလေးအတွက် တကယ်ပဲ စိတ်ချရလား။ ဘေးရောကင်းရဲ့လားပေါ့။

မိခင်နို့နဲ့ နို့မှုန့် တွဲတိုက်လို့ရလား။ ကလေးကို ထိခိုက်နိုင်တာတွေရှိလား ။ ။

ကလေးကို မိခင်နို့အပြင် နို့မှုန်ပါတွဲတိုက်တာကို supplementing ( ထပ်ပေါင်းဖြည့်စွက်အာဟာရ ) လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံက မိသားစုတော်တော်များများက မွေးကင်းစကလေးတွေကို ဒီလို ထပ်ပေါင်းဖြည့်စွက်အာဟာရ ပုံစံနဲ့ ကျွေးမွေးကြတာများပါတယ်။ ဒီလို မိခင်နို့ရော နို့မှုန့်ရော တွဲတိုက်တဲ့ ပေါင်းစပ်အာဟာရ ပုံစံက ကလေးတွေ အတွက် တကယ်ရော ဘေးကင်းရဲ့လား။

ကလေးကို မိခင်နို့အပြင် နို့မှုန့်ပါ တွဲတိုက်တာဟာ  စိတ်ချရပြီး ကလေးအတွက် ဘေးကင်းပါတယ်။ ဒါဆို ကလေးတိုင်းကို ဒီလို ပေါင်းစပ်အာဟာရပုံစံ ကျွေးရင် အာဟာရတွေပိုရပြီး ပိုမကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး။ ဒီပေါင်းစပ်အာဟာရက ကလေးအတွက် စိတ်ချရတယ်ဆိုပေမယ့် ကလေးအသက် ၆ လ မပြည့်ခင်အထိ မိခင်နို့တစ်မျိုးတည်းတိုက်တာက ပေါင်းစပ်အာဟာရထက် အဆပေါင်းများစွာ ပိုပြီး စိတ်ချရပါတယ်။ မိခင်နို့ထဲမှာ ကလေးတစ်ယောက်အတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရတွေ ပါပြီးသားဖြစ်တာကြောင့် ဖြစ်နိုင်ရင် ကလေး အသက်၆လအထိ မိခင်နို့တစ်မျိုးတည်း တိုက်တာကသာ အကောင်းဆုံးပါ။

ဘယ်လိုကလေးတွေဆိုရင် မိခင်နို့ရော နို့မှုန့်ရော ပေါင်းပြီးတိုက်မှ အာဟာရ ပြည့်မှာလဲ ။

မွေးလာတဲ့ကလေးတိုင်းကို မိခင်နို့တစ်မျိုးတည်း တိုက်စေချင်တယ်ဆိုပေမယ့် တချို့ မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တဲ့ကလေးတွေရှိပါတယ်။ သူတို့ကိုတော့ မိခင်နို့နဲ့နို့မှုန့် ပေါင်းစပ်ထားတဲ့ အာဟာရကို တိုက်မှ ရမှာပါ။ ဒါဆို ဘယ်လို အခြေအနေတွေမှာ ကလေးတွေကို ပေါင်းစပ် အာဟာရပေးရမလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ ဆရာဝန်တွေဘက်ကတော့ မိခင်နို့တစ်မျိုးတည်းတိုက်စေချင်ပေမယ့် ပေါင်းစပ်အာဟာရတိုက်ဖို့ ညွန်ကြားတဲ့အချိန်တွေလည်းရှိပါတယ်။ ဒါတွေကတော့

  • နေ့မစေ့ လမစေ့ မွေးတဲ့ကလေးတွေ
  • ကလေးရက်သားလေးအရွယ်လောက်မှာပဲ မွေးကာစထက် ကိုယ်အလေးချိန်ကျသွားတဲ့ အခါမျိုး
  • ၂၄ နာရီအတွင်းမှာ ကလေးသေးခံကို ၆ခုလောက်ပဲ လဲရတဲ့အခါမျိုး
  • ကလေးက နို့တိုက်ပြီးတာတောင် ဆာလောင်နေတဲ့ ပုံပေါ်ပြီး ဂျီကျနေတဲ့အချိန်မျိုး
  • မိခင်နို့ လုံလောက်အောင် မထွက်လို့ ကလေးနို့မဝတဲ့အခါမျိုးတွေ
  • ကလေးတစ်ဖက် အလုပ်တစ်ဖက်ဖြစ်နေတော့ အလုပ်သွားနေတဲ့အချိန် ကလေးကို နို့မတိုက်နိုင်တဲ့ အခါမျိုးနဲ့
  • အမြွှာကလေးဖြစ်နေတော့ နို့တိုက်တာ မနိုင်တော့တဲ့ အချိန်မျိုးဆို မိခင်နို့ရော နို့မှုန့်ကိုရောရောတိုက်မှ ကလေး အာဟာရ လုံလောက်စွာ ရမှာ ဖြစ်ပါတယ်။

ဒါဆို ဘယ်လို နို့မှုန့်တွေကို ရွေးချယ်ရမလဲ ။

ဖြည့်စွက် နို့မှုန့်တိုင်းကတော့ အာဟာရနဲ့ ပြည့်စုံအောင်ထုတ်ထားချည်းပါပဲ။ ကလေးအတွက် အသင့်တော်ဆုံးနို့မှုန့်ကို အကြံပေးနိုင်တာ ဆရာဝန်တွေက လွဲလို့ မရှိတဲ့အတွက် အာဟာရဆရာဝန်နဲ့သာ တိုင်ပင်စေချင်ပါတယ်။ နို့မှုန့်တိုက်လိုက်တဲ့အချိန်ကျမှကလေးက ပျို့အန်တာ၊ ဝမ်းလျှောတာ၊ အနီကွက်တွေထလာတာမျိုးရှိခဲ့ရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပြီးနောက်နို့မှုန့် တစ်ခုကို ပြောင်းစေချင်ပါတယ်။

ပေါင်းစပ် အာဟာရကိုကလေးကို ဘယ်လိုတိုက်ရမလဲ ။ ။

ကလေးကျန်းမာရေး တစ်စုံတစ်ရာ ချို့ယွင်းချက်ကြောင့် မဟုတ်ဘဲ မေမေတို့ ဘက်က အဆင်မပြေလို့၊ နို့မထွက်လို့ဆိုတဲ့အခါမျိုးတွေရှိရင်တောင် မိခင်နို့တစ်မျိုးတည်း တစ်လ လောက်တိုက်ပြီးမှသာ ကလေးကို နို့ဘူးတိုက်စေချင်ပါတယ်။ ကလေးနဲ့ နို့မှုန့်ကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးတာ ကလေးအတွက်ရော မေမေတို့အတွက်ရော အကောင်းဆုံးပါ။ စစချင်းတိုက်တဲ့အချိန်မှာဆို ၁ပတ်ကို နို့မှုန့် ၁ ဘူး၊ ၂ ဘူးလောက်သာတိုက်သင့်ပြီးနောက်ပိုင်းမှ ကလေးလိုအပ်ချက်နဲ့ မေမေတို့ အခြေအနေပေါ်မူတည်ပြီး တိုးသင့်ရင် တိုးသွားပါ။ ဒါမှ နို့မှုန့်ကို ကလေးအစာအိမ်ကျင့်သားရလာမယ့်အပြင် မေမေတို့အတွက်လည်း နို့သိပ်မတိုက်ရလို့ နို့တင်းပြီးနာတာ ၊နို့ချောင်းပိတ်တဲ့ ပြဿနာတွေ ကင်းဝေးသွားမှာဖြစ်ပါတယ်။

မိခင်နို့နဲ့ နို့မှုန့်ကို တစ်ဘူးထဲရောဖျော်ပြီးတိုက်လို့ရလား။ ။

ဒါကလည်း မေမေတို့ အမေးများပြီး သိချင်နေတဲ့ မေးခွန်းတွေထဲက တစ်ခုပါ။ ဒီလို ရောပြီးတိုက်ချင်တာဟာ ကလေးကို ဘာပြဿနာမှ မဖြစ်စေပေမယ့် တစ်ဘူးထဲ ရောဖျော်တိုက်ဖို့တော့ ဆရာဝန်တွေက ညွှန်ကြားလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ရောဖျော်ထားတဲ့ နို့ဘူးကို ကလေးက ကုန်အောင်မသောက်ခဲ့လို့ ကျန်ခဲ့တဲ့ နို့တွေထဲမှာ မိခင်နို့တွေလည်း ပါနေတာကြောင့် မိခင်နို့အလဟဿ ဖြုန်းတီးမိသလို ဖြစ်သွားလို့ပါ။ ဒါ့ကြောင့် ကလေးကို မိခင်နို့က အရင်တိုက်ပြီးမှ ကလေးမဝသေးရင် နို့မှုန့်ထပ်တိုက်တာကသာ အကောင်းဆုံးနည်းလမ်းပါ ။ ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement