သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးတွေအတွက် အကောင်းဆုံးအသီးအနှံများ

ကလေးတွေအတွက် အကောင်းဆုံးအသီးအနှံများ

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် အသက်အရွယ်မရွေး စားသုံးပေးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ သစ်သီးဝလံတွေဟာ ဟင်းသီးဟင်းရွက်တွေထက်စာရင် အရသာပိုရှိတာကြောင့် ကလေးတော်တော်များများက သဘောကျတတ်ကြပါတယ်။

ကလေးများနဲ့ သစ်သီးဝလံ

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့နေရာမှာ အသီးအနှံတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အသီးအနှံတွေမှာ ဗီတာမင်တွေ အများအပြားပါဝင်ပြီး ကလေးတွေကို ကျန်းမာစေတယ်။ ကိုယ်ခံအားေကာင်းစေတယ်။ ရောဂါတွေကို အလွယ်တကူ ဝင်မလာနိုင်အောင် ကာကွယ်ပေးနိုင်တယ်။ နှလုံးရောဂါကင်ဆာရောဂါအဝလွန်ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက အသီးအနှံတွေကို ပုံမှန်စားတဲ့ အလေ့အကျင့်လုပ်ထားပေးဖို့ လိုအပ်ပါတယ်။

ကလေးတွေအနေနဲ့ ဘယ်အသီးအနှံတွေကို စားပေးသင့်လဲ။

ဘယ်ရီသီးများ – စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ ဘယ်ရီသီးတွေကို စားပေးဖို့ လိုအပ်ပါတယ်။ ဘယ်ရီသီးတွေမှာ ကင်ဆာရောဂါကို ဖြစ်မလာအောင် ကာကွယ်ပေးတဲ့ ဗီတာမင် C အပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ထမင်းစားပြီးတဲ့အချိန်မှာ ဘယ်ရီသီးတွေကို မုန့်ပဲသွားရည်စာအနေနဲ့ ကျွေးလို့ရသလို ဒိန်ချဉ်နဲ့လည်း ရောပြီး ကျွေးနိုင်ပါတယ်။

ပန်းသီ – အမျှင်ဓါတ်၊ အာဟာရဓါတ် ပေါကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်တွေလည်း ပါဝင်လို့ ကျန်းမာကြံ့ခိုင်စေတယ်။ ပန်းသီးဟာ အသက်အရွယ်မရွေး စားပေးသင့်တဲ့ အစားအစာဖြစ်ပြီး တစ်နေ့ကို တစ်လုံး ပုံမှန်စားပေးရုံနဲ့ ရောဂါဘယကင်းစင်ပြီး ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။

ငှက်ပျောသီး – ကာဗိုဟိုက်ဒြိတ် အများအပြားပါဝင်လို့ ကိုယ်ခန္ဓါ ကြွက်သားကို သန်မာစေတယ်။ ကလေးတွေ အထူးသဖြင့် အားကစားလိုက်စားတဲ့သူတွေဆိုရင် ငှက်ပျောသီးကို နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး ခန္ဓါကိုယ်အတွက် အားအင်ကို ဖြစ်စေတယ်။ အသားအရည်ကို လှပစေတဲ့ ဗီတာမင် B ဓါတ်၊ နှလုံးကျန်းမာစေတဲ့ ဗီတာမင် C ဓါတ်၊ ပိုတက်စီယမ်ဓါတ်၊ အမျှင်ဓါတ်တွေလည်း ပါဝင်ပါတယ်။

လိမ္မော်သီး – ဗီတာမင် C ပါဝင်မှုများတဲ့ အသီးအနှံအဖြစ် လူသိများကြပြီး အသီးအနေနဲ့ရော ဖျော်ရည်အနေနဲ့ပါ ကလေးတွေကို ကျွေးလို့ရပါတယ်။ အသက်ငယ်တဲ့ကလေးတွေကိုတော့ လိမ္မော်စိတ် အနည်းငယ်ကျွေးရုံနဲ့ လုံလောက်ပါတယ်။ အမျှင်ဓါတ်လည်း ပါဝင်ပြီး ကိုယ်ခံအားကို ကောင်းစေလို့ တစ်နေ့ကို လိမ္မော်သီးတစ်လုံး စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

စပျစ်သီး အစာကြေလွယ်စေတဲ့ အမျှင်ဓါတ်တွေအပြင်၊ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် C နဲ့ ပိုတက်စီယမ်ဓါတ်တွေ ပါဝင်ပါတယ်။

ထောပတ်သီး – နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Fatty Acid အပြင် ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် E ၊ ဗီတာမင် B6 တွေ ပါဝင်လို့ ကလေးတွေအတွက် သင့်လျော်တဲ့ အသီးအနှံဖြစ်ပါတယ်။ ထောပတ်သီးကို အစိမ်းစားလို့ ရသလို၊ ဖျော်ရည်အနေနဲ့လည်း ကလေးတွေကို တိုက်ကျွေးနိုင်ပါတယ်။

ကိုယ့်ကလေးကို သစ်သီးစားချင်လာအောင် ဘယ်လိုလုပ်သင့်လဲ။

ထမင်းစားပြီးတဲ့အချိန် သရေစာအနေနဲ့ ကျွေးတဲ့အခါမှာ အရောင်စုံသစ်သီးတွေကို သေချာလှီးပြီး ပြင်ဆင်တာက ကလေးတွေကို ပိုပြီး စားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ အပြောင်းအလဲအနေနဲ့ သစ်သီးကို ရေများများနဲ့ ကြိတ်ပြီး ဖျော်ရည်အနေနဲ့ တိုက်လို့ ရပါတယ်။

ကလေးတွေ မြင်နိုင်လောက်တဲ့ နေရာမှာ သစ်သီးပန်းကန်ကို သေချာပြင်ဆင်ပြီး ထားထားတာမျိုး၊ ဒိန်ချဉ်နဲ့ သစ်သီးနဲ့ ရောပြီး ကျွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ သစ်သီးတွေကို အမျိုးအစားအစုံလင်ကို နည်းနည်းစီ ကျွေးတာမျိုးကလည်း ကလေးတွေကို စားချင်စိတ် ပိုဖြစ်စေပါတယ်။ နေ့စဉ် အသီး အနည်းဆုံးတစ်မျိုးလောက် ပါအောင် စားပေးနိုင်ရင် ကလေးတွေအတွက် လုံလောက်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Fruits That Are Good For Kids –https://healthbeginswithmom.com/top-10-fruits-good-kids/(Accessed Date – Oct 19, 2018)

Encouraging Children To Eat Fruits –https://www.betterhealth.vic.gov.au/health/healthyliving/childrens-diet-fruit-and-vegetables(Accessed Date – Oct 19, 2018)

How To Get Kids Eat More Fruits –https://www.todaysparent.com/kids/giving-fruit-more-kid-appeal/(Accessed Date – Oct 19, 2018)

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 02/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။