backup og meta

ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ

    ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ခြေကျင်းဝတ်ဒဏ်ရာဆိုတာ ဘာတွေဖြစ်မလဲ

    သင့်ရဲ့ခြေကျင်းဝတ်ကို ခန္ဓာကိုယ်အတွက် ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ အရိုးများ၊ ကြွက်သားများ၊ အရွတ်များနဲ့ ဖွဲ့စည်းထားပါတယ်။ ခြေကျင်းဝတ်အရိုးနဲ့ ခြေသလုံးရိုး၂ခုဟာ ခြေကျင်းဝတ် အဆစ်ကို ဖြစ်ပေါ်စေပါတယ်။ အရွတ်များက အရိုးတွေကို တခုနဲ့တခု တွယ်ကပ်စေပြီး တည်ငြိမ်စေပါတယ်။ ကြွက်သားများနဲ့ ကြွက်သားအရွတ်တွေဟာ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။

    ခြေကျင်းဝတ်ပြဿနာတွေက အရိုး၊ ကြွက်သားနဲ့ နူးညံ့တဲ့တစ်သျှူးတွေကို ထိခိုက်မိရာကနေ ဖြစ်ပေါ်လာပါတယ်။ အဖြစ်များတဲ့ ပြသနာတွေကတော့

    • အရွတ်ဒဏ်ဖြစ်ခြင်း
    • အရိုးကျိုးခြင်း
    • ကြွက်သားအရွတ်ရောင်ခြင်း
    • အဆစ်ရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ခြေကျင်းဝတ်ဟာ ကိုယ်ခန္ဓာမှာ ဒဏ်ရာအရဆုံး အဆစ်ဖြစ်ပါတယ်။

    အဖြစ်အများဆုံး ခြေကျင်းဝတ်ပြဿနာတွေကတော့ အရွတ်ဒဏ်ဖြစ်ခြင်းနဲ့ အရိုးကျိုးခြင်း ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေဟာ ပြန်လည်ပျောက်ကင်းဖို့ လပေါင်းများစွာ ကြာနိုင်ပါတယ်။

    အရိုးနဲ့ ကြွက်သားတွယ်ဆက်တဲ့ နေရာတွေ၊ အရွတ်တွေစတဲ့ အဆစ်ကို အခုအခံပြုလုပ်ပေးတဲ့ အရာတွေကိုလည်း ထိခိုက်တတ်ပါတယ်။ ခြေကျင်းဝတ်အရွတ် ဒဏ်ဖြစ်ခြင်းနဲ့ အရိုးကျိုးခြင်းဟာ အားကစားပြုလုပ်ရင်းနဲ့ ထိခိုက်ခြင်းကနေ တွေ့ရများတတ်ပါတယ်။

    ခြေကျင်းဝတ် ဒဏ်ရာဖြစ်စေတဲ့ အကြောင်းအရင်းတွေဟာ ဘာတွေလဲ

    နေ့စဉ်လှုပ်ရှားမှုတွေပေါ် မူတည်ပြီး အကြောင်းရင်းတွေ ကွဲပြားပါတယ်။ ပြေးခြင်း၊ ခုန်ခြင်းနဲ့ တခြား အားကစားနည်းတွေနဲ့ ဆက်စပ်ဒဏ်ရာတွေဟာ အဆစ်ကို အလွန်အကျွံသုံးမိခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အောက်ပါ အခြေအနေတွေကြောင့် အဖြစ်များပါတယ်။

    • ပုံမှန်လှုပ်ရှားမှုထက်ကျော်လွန်ပြီး ခြေပွတ်တိုင်လည်ခြင်း
    • ပြုတ်ကျခြင်း၊ ချော်လဲခြင်း
    • မြေကြီးပေါ် အရှိန်နှင့်ဆောင့်မိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

    ခြေကျင်းဝတ်နဲ့ ခြေဖနောင့်မှ ကြွက်သားအရွတ် ရောင်ခြင်းက အောက်ပါကိစ္စတွေကြောင့် ဖြစ်စေနိုင်ပါတယ်။

    • ခြေသလုံးနဲ့ ခြေထောက် ကြွက်သားများ လှုပ်ရှားမှုနည်းခြင်း
    • ခြေသလုံးကြွက်သားနှင့် ခြေဖနောင့် တွယ်ဆက်ရာ နေရာတွင် ဖိအားများခြင်း
    • အရိုးအတက်ထွက်ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    အဆစ်အမြစ်ရောင်ရမ်းခြင်းမျိုးစုံကလည်း ခြေဖဝါးနဲ့ ခြေကျင်းဝတ်ကို ထိခိုက်စေပါတယ်။

    အရိုးအဆစ်ရောင်ခြင်းက အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း ဖြစ်လာတတ်တဲ့ အဆစ်အမြစ် ရောင်ခြင်း အမျိုးအစားဖြစ်ပြီး သက်လတ်ပိုင်းမှာ စဖြစ်လာတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အရွတ်တွေဟာ စုတ်ပြဲလာပြီး နာကျင်မှု၊ အဆစ်တောင့်တင်းမှု စတာတွေ ဖြစ်လာနိုင်ပါတယ်။

    လေးဘက်နာအဆစ်ရောင်ရမ်းခြင်းဟာ ကိုယ်ခံအားစနစ် တုံ့ပြန်မှုမှားယွင်းခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ မိမိရဲ့ ကောင်းမွန်တဲ့ တစ်သျှူးတွေကို မှားယွင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပြီး အဆစ်နဲ့ အရွတ်တွေကို ထိခိုက်တတ်ပါတယ်။

    ထိခိုက်မှုဖြစ်ပြီးချိန်မှာ အဆစ်ရောင်ခြင်းကလည်း ခြေဖဝါးနဲ့ ခြေကျင်းဝတ်မှာ ဖြစ်တတ်ပါတယ်။ ဒဏ်ရာကြောင့် အဆစ်တွေ ရောင်ရမ်း တောင့်တင်းလာတတ်ပါတယ်။ ထိခိုက်မှုဖြစ်ပွားပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒဏ်ဖြစ်တတ်ပါတယ်။

    ခြေကျင်းဝတ် ဒဏ်ရာတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ

    ရရှိတဲ့ဒဏ်ရာ အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာတွေဟာ ကွဲပြားနိုင်ပါတယ်။

    • နာကျင်ခြင်း
    • ရောင်ရမ်းခြင်း
    • တောင့်တင်းခြင်း
    • ခြေကျင်းဝတ်လှုပ်ရှားရခက်ခဲခြင်း
    • မတ်တပ်မရပ်နိုင်ခြင်း
    • လမ်းလျှောက်ရခက်ခြင်း
    • သွေးခြေဥခြင်း စတာတွေ တွေ့နိုင်ပါတယ်။

    ကြွက်သားအရွတ်ရောင်ရမ်းခြင်းမှာလည်း ဆင်တူတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒါ့အပြင်

    • ခြေဖနောင့်တလျှောက် နာကျင်မှုခံစားရခြင်း။ ညနေစောင်းလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။
    • ကြွက်သားအရွတ်ထူခြင်း။
    • လှုပ်ရှားမှုများလာသည်တာအမျှ ရောင်ရမ်းတာ ပိုဆိုးလာခြင်း။
    • ခြေဖနောင့်နောက်ပိုင်းတွင် တဖြစ်ဖြစ်မြည်သံများ ကြားလာရခြင်း။

    ဒီအခြေအနေဆိုရင် အရေးပေါ်ကုသဖို့ လိုအပ်ပါတယ်။

    ခြေကျင်းဝတ်ဒဏ်ရာတွေအတွက် ရောဂါဘယ်လို ရှာဖွေမလဲ

    ရောဂါရှာဖွေဖို့အတွက် ဆရာဝန်ဟာ လက္ခဏာတွေကို ကြည့်ပြီး ခြေကျင်းဝတ်နဲ့ ခြေထောက်ကို စစ်ဆေးပါလိမ့်မယ်။ မကြာသေးမီက ထိခိုက်ဒဏ်ရာတွေအကြောင်း မေးပါလိမ့်မယ်။ အရိုးကျိုးခြင်းနဲ့ ကြွက်သားအရွတ်စုတ်ပြဲခြင်းတွေကို သိရှိရဖို့ ပုံရိပ်ဖော်စစ်ဆေးနည်းတွေ လိုအပ်ပါတယ်။ ဥပမာ

    • ဓာတ်မှန်ရိုက်ခြင်း
    • MRI ရိုက်ခြင်း
    • CT ရိုက်ခြင်း စတာတွေ ပြုလုပ်ပါလိမ့်မယ်။

    ဘယ်လိုကုသမလဲ

    ဖြစ်ပွားတဲ့ အခြေအနေပေါ် မူတည်ပါတယ်။ ခွဲစိတ်ကုသနည်းနဲ့ဖြစ်စေ၊ မခွဲဘဲဖြစ်စေ ကုသနိုင်ပါတယ်။

    ခွဲစရာမလိုတဲ့ နည်းတွေကတော့

    • အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
    • ရောင်ရမ်းတာ ကျဆင်းစေတဲ့ ဆေးဝါးများ သောက်သုံးခြင်း
    • အနားယူပြီး ခြေကျင်းဝတ်နေရာကို မြှင့်ထားခြင်း
    • အရောင်ကျစေရန် ရေခဲအိတ်ကပ်ခြင်း
    • ပတ်တီးတင်းတင်းစည်းပြီး ခြေကျင်းဝတ်လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း
    • စတီးရွိုက်ဆေးထိုးခြင်း စတာတွေ ဖြစ်ပါတယ်။

    ဆိုးရွားတဲ့ အရိုးကျိုးခြင်းနဲ့ ကြွက်သားအရွတ် စုတ်ပြဲခြင်းတွေမှာ ခွဲစိတ်ကုသဖို့ လိုပါတယ်။ အောက်ပါနည်းလမ်းတွေ ရှိပါတယ်။

    • ခြေကျင်းဝတ်အရိုးများနဲ့ အဆစ်ကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်း
    • ပျက်စီးသွားတဲ့ တစ်သျှူးများကို ဖယ်ထုတ်ခြင်း
    • ခြေဖနောင့်အရွတ်အပေါ် ဖိအားနည်းစေရန် ခြေသလုံးကြွက်သားကို ဆန့်ထုတ်ခြင်း
    • ခြေကျင်းဝတ်အဆစ်ရှိ အရိုးများကို တည်ငြိမ်စေခြင်း
    • ခြေကျင်းဝတ်အဆစ် အစားထိုးခြင်း စတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

    ဘယ်လိုကာကွယ်နိုင်သလဲ

    ကောင်းမွန်တဲ့ ကိုယ်ကာယကြံ့ခိုင်မှု၊ ကြွက်သားပျော့ပျောင်းနိုင်မှု စတာတွေကို ထိန်းသိမ်းထားပြီး ဒီဒဏ်ရာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ အရိုးတွေကို ခိုင်မာစေဖို့၊ ဟန်ချက်ညီစေဖို့ အရေးကြီးပါတယ်။ တခြားကာကွယ်နိုင်တဲ့ အလေ့အကျင့်တွေကတော့

    • ကိုယ်လက်လှုပ်ရှားမှု မတိုင်မီနဲ့ ပြုလုပ်ပြီးချိန်မှာ အကြောလျှော့သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်း
    • ခြေကျင်းဝတ်ကို သက်သောင့်သက်သာ ဖြစ်စေသည့် ဖိနပ်များစီးခြင်း
    • မိမိနိုင်သလောက်သာ လုပ်ခြင်းတို့ ဖြစ်ပါတယ်။  မိမိကိုယ်ကို အရမ်း ဖိအားမပေးပါနဲ့။

    ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း သထားဖို့ လိုမယ့် အချက်လေးတွေကို သိလောက်ပြီ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement