home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ်လူနာ ကို အိမ်မှာ ပြုစုမယ်ဆိုရင် ဘာတွေ စောင့်ကြည့်ရမလဲ။

ကိုဗစ်လူနာ ကို အိမ်မှာ ပြုစုမယ်ဆိုရင် ဘာတွေ စောင့်ကြည့်ရမလဲ။

လက်ရှိအခြေအနေအရ ကိုဗစ်လူနာ တွေကို အိမ်မှာပဲ ထားတာများတဲ့အတွက် လူနာစောင့်ရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါလာပါပြီ။ လူနာစောင့်တော်ပြီး လူနာကလည်း ပြောစကား နားထောင်မယ်ဆိုရင် ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်မှာပါ။

ကိုဗစ်လူနာ ကို အိမ်မှာ ကုမယ်ဆိုရင် ဘာတွေ စီစဉ်ထားသင့်လဲ။

လူနာအနေနဲ့ ကိုဗစ်သံသယလက္ခဏာတွေ ပြလာပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ ရေချိုးမှားလို့ ဖျားတာ၊ အစားမှားလို့ ချောင်းဆိုးတာဆိုပြီး ကိုယ့်ကိုယ်ကို မလှည့်စားပါနဲ့။ ဒီအချိန်မှာ ဒါမျိုးတွေ ဖြစ်တယ်ဆို ကိုဗစ်လို့ သံသယဖြစ်လိုက်ပါ။ ဆေးစစ်ချင်စစ်ပါ။ Test kitနဲ့ စစ်တာ၊ PCRစစ်တာ လုပ်လို့ရပါတယ်။ ဒီဟာတွေ စစ်လို့ နဂ္ဂတစ်ထွက်လည်း စိတ်ချလို့မရပါဘူး။ အထူးသဖြင့် test kitပါ။ သူကိုယ်တိုင်လည်း အဖြေမှားပြနိုင်သလို စစ်တဲ့ရက် လွဲနေရင်၊ စစ်တဲ့နည်း မှားနေရင် အဖြေမှန်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက္ခဏာတွေ ရှိနေရင် ကိုဗစ်လို့သာ သံသယဖြစ်လိုက်ပါ။

ကိုဗစ်လို့ သံသယဖြစ်ပြီးပြီဆိုရင် လက္ခဏာစပေါ်တဲ့ရက်က အရေးကြီးပါတယ်။ ကိုဗစ်မှာ အချိန်ကိုလိုက်ပြီး ကုသမှုတွေ လုပ်ရတာမို့လို့ပါ။ Day 1က အရေးကြီးပါတယ်။ တချို့က ဖျားလို့လာပြ၊ ဖျားတာကို Day 1လို့ တွက်ပြီးကာမှ မဟုတ်ဘူး မဖျားခင် ရှေ့ရက်တွေက ချောင်းဆိုးသေးတယ်ဆိုပြီး ပြော။ ဒီတော့ ရက်တွက်တာတွေ မှားနိုင်ပါတယ်။

နောက်တစ်ချက်က ကိုဗစ်လို့ သံသယရှိတာနဲ့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြဖို့ပါ။ စင်တာတွေ၊ ဆေးရုံတွေမှာ ပြဖို့၊ တက်ဖို့ မလွယ်ဘူးဆိုရင်တောင် အွန်လိုင်းဆေးခန်းတွေကနေ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြထားဖို့ လိုပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေဆို ပိုလိုပါတယ်။ လူငယ်တွေကလည်း မပေါ့ပါနဲ့။ ကိုဗစ်က အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တာကြောင့် ပြထားတာ မမှားပါဘူး။

ဘာကြောင့်လည်းဆိုတော့ လူနာတွေက ဆရာဝန်ဆီကို အောက်ဆီဂျင်ကျမှ ဆက်သွယ်လာကြလို့ပါ။ အောက်ဆီဂျင်ကျမှ ရှာဦး၊ ဆေးတွေ ဝယ်ဦးဆိုရင် လူနာကုရတာ နောက်ကျသွားနိုင်ပါတယ်။ ဆေးစစ်ရမှာတွေလည်း ရက်နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်သံသယရှိတာနဲ့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြဖြစ်အောင်ပြပါ။

လူနာစောင့်က ဘာတွေ ကူပေးမလဲ။

တတ်နိုင်ရင် ကိုဗစ်လူနာအတွက် အနီးကပ်ပြုစုဖို့ လူနာစောင့် တစ်ယောက်လောက်ပဲ ထားစေချင်ပါတယ်။ သူက ထိတွေ့မှု ရှိပြီဆိုတော့ ပြီးရင် ၂ပတ်လောက်နားရမှာပါ။ အခန့်မသင့်ရင် သူ့ဆီကိုလည်း ကူးသွားနိုင်ပါတယ်။ လူနာစောင့်တွေ များမယ်ဆိုရင် ကူးတဲ့သူပိုများမှာပါ။ ဒီအခါ ကူးတဲ့သူတွေအတွက် နောက်ထပ် လူနာစောင့်တွေ ပိုလိုလာနိုင်ပါတယ်။

လူနာစောင့်က လူနာရဲ့ အခြေအနေကို အမြဲတမ်း မှတ်တမ်းတင်နေဖို့ လိုပါတယ်။ ဒါ့ပြင် အစားအသောက်ကိစ္စ၊ ဆီးဝမ်းကိစ္စ၊ ဆေးတိုက်တာ၊ အသက်ရှူလေ့ကျင့်ခန်း၊ မှောက်အိပ်တာ၊ အောက်ဆီဂျင်ပေးတာ စတာတွေကိုပါ စနစ်တကျ လုပ်ကိုင်တတ်နေရပါမယ်။ ဆရာဝန်ညွှန်ကြားတဲ့ ကုသမှုတွေကိုလည်း သေချာလိုက်လုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

ကိုဗစ်လူနာ ကို ဘာတွေ စောင့်ကြည့်မလဲ။

ကိုဗစ်သံသယလက္ခဏာတွေ ရှိနေပြီဆိုတာနဲ့ စဖြစ်တဲ့နေ့ကို Day 1လို့ ယူပါ။ ပြီးရင်တော့ အောက်ကအချက်တွေကို နေ့တိုင်း မှတ်တမ်းတင်ပါ။ ဆရာဝန်နဲ့လည်း ချိတ်ဆက်ပါ။

  • အောက်ဆီဂျင် – သွေးတွင်းအောက်ဆီဂျင် ဘယ်လောက်ရှိသလဲဆိုတာကို လက်ထိပ်တိုင်းစက်လေးနဲ့ နေ့တိုင်း တိုင်းပေးပါ။ ပုံမှန်လူဆို ၉၄ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိပါတယ်။ နာတာရှည်အဆုတ်ရောဂါရှိသူတွေကတော့ ၈၈-၉၂ ရာခိုင်နှုန်းကြားလောက် ရှိပါတယ်။
  • အောက်ဆီဂျင် လိုအပ်မှု – လူနာက အောက်ဆီဂျင် ရှူနေရပြီဆိုရင် ဘာနဲ့ ရှူတာလဲ၊ နှာခေါင်းပိုက်လား၊ maskနဲ့လား။ ဘယ်နှလီတာ ရှူတာလဲဆိုတာပါ ထည့်မှတ်ရမှာပါ။
  • ကိုယ်အပူချိန် – သာမိုမီတာလေးနဲ့ တိုင်ပေးရမှာပါ။ ဖျားနေတဲ့သူတွေဆို မဖြစ်မနေတိုင်းရမှာပါ။
  • သွေးပေါင်ချိန် – အိမ်သုံး ဒစ်ဂျစ်တယ်စက်လေးတွေနဲ့ တိုင်းနိုင်ပါတယ်။ တိုင်းနည်းအညွှန်းကို သေချာဖတ်ပါ။ ပုံမှန်ကတော့ ၁၂၀/၈၀ပါ။ လူတိုင်း ဒီဂဏန်းမရပါဘူး။ နဂိုနေကောင်းတုန်းက သွေးပေါင်ချိန်အတိုင်းရှိရင် အဆင်ပြေပါတယ်။
  • သွေးခုန်နှုန်း – သာမန်လူတစ်ယောက်က တစ်မိနစ်ကို ၆၀-၁၀၀ကြား ရှိပါတယ်။ သွေးခုန်နှုန်းက အောက်စီဂျင်တိုင်းတဲ့စက်မှာရော၊ သွေးပေါင်ချိန်စက်မှာပါ ပါပါတယ်။ HR ဒါမှမဟုတ် နှလုံးခုန်နေတဲ့ ပုံလေး ပြလေ့ရှိပါတယ်။
  • အသက်ရှူအကြိမ်နှုန်း – ဒါက ကိုယ်တိုင်တိုင်းပေးရမှာပါ။ တစ်မိနစ်ကို ၁၂-၁၆ကြိမ်ထိ ရှိပါတယ်။ ဝမ်းဗိုက် ဒါမှမဟုတ် ရင်ဘတ်ဖောင်းပိန်ကို တစ်ကြိမ်လို့ ယူပြီး တွက်ပါ။ လူနာက တွက်နေတာသိရင် အသက်ရှူမြန်တတ်ပါတယ်။ လူနာကို အာရုံလွှဲပြီး တိုင်းပါ။
  • သွေးတွင်းသကြားဓာတ် – လူနာက နဂိုက ဆီးချိုရှိရင်ပဲ ဖြစ်ဖြစ်၊ ကိုဗစ်ကြောင့် စတီးရွိုက်တွေ သောက်နေရရင် ဖြစ်ဖြစ် ဆီးချိုတိုင်းဖို့ လိုလာပါပြီ။ ဆရာဝန်ညွှန်ကြားတဲ့ အကြိမ်အရေအတွက်အတိုင်း ဖောက်ပြီး မှတ်ထားပါ။
  • အစားအသောက် – ကိုဗစ်လူနာမှာ အာဟာရပြည့်ဖို့၊ ရေဓာတ်ပြည့်ဖို့ အရေးကြီးပါတယ်။ လူနာ စားတိုင်း၊ သောက်တိုင်းမှာ ဘာတွေကို ဘယ်လောက် စားလဲဆိုတာ မှတ်ထားပေးပါ။ ဥပမာ ထမင်း တစ်ပန်းကန်၊ ကြက်သား ၂တုံး၊ အန်ရှူးဝါး တစ်ခွက် (၂၀၀စီစီခန့်) စသဖြင့်။
  • ဆီးဝမ်း – တချို့လူနာတွေက နောက်ဆက်တွဲ ဝင်လာလို့ ကျောက်ကပ်ထိလာပြီဆိုရင် ဆီးသွားနည်းတတ်ပါတယ်။ ဒါကြောင့် ဆီးပေါက်တိုင်းမှာ မှတ်ပေးပါ။ အိမ်သာမှာ သွားတယ်ဆိုရင် မှန်းခြေတွက်ကြည့်ပါ။ ရေသန့်ဘူး ၃ပုံ ၁ပုံလောက်ဆို ၃၀၀စီစီလောက် ရှိပါတယ်။ ဆီးအိုးနဲ့ သွားရင်တော့ မှတ်ရလွယ်ပါတယ်။ ဝမ်းသွားမသွားလည်း မှတ်ထားပေးပါ။

ဒါတွေမှတ်ထားတော့ ဆရာဝန်အနေနဲ့ လူနာကို ကြည့်ရတာ ပိုလွယ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာလား။ ပိုဆိုးလာလားဆိုတာ ကြည့်ရလွယ်ပါတယ်။ ဥပမာ အောက်ဆီဂျင်က ၉၄ကနေ ၈၀ကို တန်းကျသွားတာ မဟုတ်ပါဘူး။ တစ်နေ့နည်းနည်းစီ ကျကျသွားတာကို အချိန်မီသိလိုက်မှသာ ပြင်စရာရှိတာ ကြိုပြင်လို့ရမှာပါ။

အစားအသောက်တို့၊ ဆီးဝမ်းတို့လည်း ဒီလိုပါပဲ။ လူနာက စားတာ နည်းနေလား၊ ရေရော သောက်ရဲ့လား။ ဆီးချိုသမားတွေဆို ဘာတွေစားနေတာလဲ။ ဆီးရော ကောင်းကောင်းသွားရဲ့လား စတာတွေကအစ လိုက်ကြည့်နေဖို့ လိုပါတယ်။

ဒါတွေကို လူနာစောင့်က မှတ်ထားပြီး ဆရာဝန်ကို ပုံမှန်ပြနေဖို့ လိုပါတယ်။ လူနာအခြေအနေအရ တစ်နေ့တစ်ကြိမ်ကနေ ၆နာရီခြားတို့ ၄နာရီခြားတို့ မှတ်ရတာတွေ ရှိနိုင်ပါတယ်။ မှတ်ပြီးရင်လည်း ဆရာဝန်ကို ပြန်ပြရမှာပါ။ သူတို့က လူနာတွေကို တစ်ယောက်ချင်းစီ လိုက်တောင်းနိုင်မှာ မဟုတ်လို့ ကိုယ့်ဟာကိုယ်ပဲ သေချာမှတ်ပြီး ပြန်ပြဖို့ လိုပါတယ်။

ဒါလေးတွေက ဘာမှမဟုတ်ဘူးဆိုပေမယ့် ဆေးကုသတဲ့ နေရာမှာ အများကြီး အထောက်အကူဖြစ်လို့ လိုက်နာသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 10/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။