backup og meta

မှောက်နေရင် ဘာကြောင့် အောက်စီဂျင် တက်လာတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှောက်နေရင် ဘာကြောင့် အောက်စီဂျင် တက်လာတာလဲ

    အောက်စီဂျင်ကျနေတဲ့ ကိုဗစ်လူနာကို ပြောနေကျစကားက ‘မှောက်အိပ်ပါ၊ မှောက်အိပ်ပါ’ဆိုတာပါပဲ။ အောက်စီဂျင် တက်ဆေးဆိုပြီး စျေးကွက်ထဲမှာ မဟုတ်တဲ့ဆေးတွေ လျှောက်ထိုး လျှောက်သောက်နေပေမယ့် တကယ့်ဆေးနည်းက ကိုယ့်အနီးလေးတင်မှာပါ။ စျေးပေါလို့ တန်ဖိုးမထားတာပဲလားမသိ။ အောက်စီဂျင်ကျနေတဲ့ လူနာကို မှောက်ခိုင်းရင် သိပ်မကြိုက်ချင်ကြပါဘူး။

    ကိုဗစ်လူနာတွေ မှောက်အိပ်ရင် ဘာဖြစ်သလဲ။

    အဆုတ်က ရင်ခေါင်းထဲမှာ တြိဂံပုံ အပေါ်ရှူး အောက်ကျယ် ပုံစံပါ။ အဲ့ဒါကိုမှ နောက်ကျောဘက်မှာ အဆုတ်ထုထည်က ပိုများပါတယ်။ မှောက်အိပ်တဲ့အခါကျတော့

    • အဆုတ်တစ်ခုလုံးကို လေတွေ ညီညီညာညာရောက်သွားပါတယ်။ ပုံမှန်အသက်ရှူနေရင် အားမပါလို့ အဆုတ်အတွင်းပိုင်း အားလုံးကို လေကောင်းကောင်း မရောက်ပါဘူး။ ကိုဗစ်လူနာတွေကတော့ အောက်စီဂျင်ကျတဲ့အတွက် အဆုတ်ထဲကို နေရာလပ်မကျန် အကုန်ရောက်လေရောက်ဖို့ လိုပါတယ်။
    • မှောက်အိပ်တဲ့အတွက် အဆုတ်ထုများတဲ့ ကျောဘက်ကို ဖိအားနည်းသွားတာကြောင့် လေပိုရောက်ပါတယ်။
    • ကျောဘက်က အဆုတ်မှာ သွေးကြောတွေလည်း များတဲ့အတွက် အောက်စီဂျင်များများဝင်ရင် သွေးထဲကိုလည်း များများရောက်ပါတယ်။
    • လေအိတ်နဲ့ ဆံချည်မျှင် သွေးကြောကြားက အောက်စီဂျင်ဖလှယ်တာကိုလည်း ပိုကောင်းစေပါတယ်။
    • ရင်ခေါင်းတစ်ခုလုံး ဖိအားမရှိ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပါတယ်။ ဒီလို ဖြစ်အောင်  ဘယ်လိုအိပ်ရမလဲဆိုတာ နောက်ကျရင် ပြန်ပြောပြပါ့မယ်။
    • အချွဲတွေကို လွယ်လွယ်ကူကူထွက်စေပါတယ်။

    ကိုဗစ်လူနာတွေ အောက်စီဂျင် တက်အောင် ဘယ်လိုမှောက်အိပ်ကြမလဲ။

    ခေါင်းအုံး ၅လုံး တချို့ကလည်း ၆လုံးလောက်လိုပါတယ်။

    • မျက်နှာအောက်မှာ ခေါင်းအုံးတစ်လုံး ခံပါ။ နှာခေါင်းမပိတ်အောင် မေးစေ့အောက်နားကခံလည်း ရပါတယ်။
    • ရင်ဘတ်မှာ ၂လုံးခံပါ။
    • ဝမ်းဗိုက်ကို လွှတ်ပြီး ဆီးခုံနားလောက်မှာ ၂လုံးခံပါ။
    • ညို့သကျည်းအောက်မှာ ၁လုံး ခံပါ။
    • အိပ်တဲ့အခါမှာ လက်နှစ်ဖက်ကို ကိုယ်နဲ့ မကပ်ထားပါနဲ့။ ဘေးမှာ ခွာထားတာ ဒါမှမဟုတ် ခေါင်းဘေးမှာ ထားပါ။ ဒါမှ အသက်ရှူလိုက်တိုင်းမှာ နံရိုးက လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရမှာပါ၊၊
    • ဝမ်းဗိုက်ကိုလည်း လွတ်ထားတဲ့အတွက်  ဖောင်းပိန်ကောင်းကောင်းရှူလို့ရပါတယ်။ လေကို တဝရှူလို့ရတဲ့ အနေအထားဖြစ်အောင် ပြုပြင်ပါ။
    • မှောက်ပြီးရင် ဘေးစောင်းပါ။ ဘေးစောင်းတဲ့အခါလည်း ရင်ဘတ်အောက်မှာ ခေါင်းအုံးခုပါ။ ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး ခေါင်းအုံးကို ခွထားပါ။
    • ဘေးစောင်းပြီးရင် မတ်မတ်ထိုင်ပါ။ ထိုင်ရင်လည်း နောက်မှာ ခေါင်းအုံးတွေ ဆင့်ပြီး မတ်မတ်လေး ထိုင်ပေးပါ။
    • ပြီးရင် ဘေးပြန်စောင်းပါ။ ပြန်မှောက်ပါ။
    • အနေအထားတစ်ခုစီကို နာရီဝက်လောက် နေနိုင်ပါတယ်။ ၂နာရီဆို တစ်ကြိမ်ပြည့်ပါပြီ။ တစ်နေ့ကို ၅-၆နာရီလောက် နေပေးပါ။ လူနာနေနိုင်သလောက် ထားနိုင်ပါတယ်။

    ကိုဗစ်လူနာတွေ အောက်စီဂျင် တက်စု ကြုံတက်တာကတော့

    • မောလို့ မမှောက်တာ

    အောက်စီဂျင်ကျလို့ မောလို့ မှောက်ခိုင်းပါမှ မောလို့ မမှောက်နိုင်ဘူးဆိုတာပါ။ တော်ရုံမောတာ၊ ရင်တုန်တာလောက်က မှောက်လို့ရပါတယ်။ ဘေးလူက ကူပြီး မှောက်ပေးပါ။

  • နာလို့ မမှောက်တာ
  • လူကြီးအများစုက အကြောတွေတင်းနေတဲ့အတွက် မှောက်ရင် နာလို့ဆိုပြီး ဂျီကျတတ်ပါတယ်။ မှောက်စမို့လို့ နာတာပဲ ဖြစ်ပါတယ်။ ဒီလိုနာတာကအန္တရာယ်လည်း မရှိပါဘူး။ မမှောက်လို့ အောက်စီဂျင်ကျသွားတာကသာ အန္တရာယ်များတာကြောင့် သည်းခံပြီး မှောက်စေလိုပါတယ်။

    • ဗိုက်ခံနေလို့ မမှောက်တာ

    နည်းမှန်လမ်းမှန်မှောက်မယ်ဆိုရင် ဗိုက်က အလွတ်ထားရမှာပါ။ ဗိုက်အောက်မှာ ခေါင်းအုံး မထားရပါဘူး။ တော်ရုံဝတာက ခေါင်းအုံး၂လုံးဆင့်ရင် လွတ်ပါတယ်။ မသကာ ဗိုက်နဲ့ ကြမ်းနဲ့ တိုက်ရုံလောက်ပါပဲ။ အသက်ရှူမရအောင်  ဗိုက်နဲ့ ကြမ်းနဲ့ ပိနေလို့ ဆိုရင်တော့ တစ်မျိုးပေါ့။ သူတို့ကျတော့ စပါရှယ်မွေ့ရာလိုတောပေါ့။ ဆိုလိုတာက ဗိုက်ပူလို့ဆိုပြီး မမှောက်ဘဲ မနေပါနဲ့။ တော်တော်များများက မှောက်နိုင်ကြပါတယ်။

    ဘယ်လိုလူတွေ မှောက်လို့မရဘူးလဲ။

    • အခြေအနေ  ဆိုးလွန်းတဲ လူနာတွေ
    • သတိမကောင်းတဲ့ လူနာတွေ
    • စိတ်ကျန်းမာရေး ချို့တဲ့လို့ ကိုယ်တိုင် မှောက်တာ၊ စောင်းတာ မလုပ်နိုင်တဲ့ လူနာတွေ
    • မကြာခင်ကမှ ကျောရိုးခွဲစိတ်ထားတဲ့လူနာ၊ ရင်ဘတ်မှာ ဒဏ်ဖြစ်ထားတဲ့ လူနာ၊ ဝမ်းဗိုက်ခွဲစိတ်ထားတဲ့လူနာ၊ ဆီးခုံရိုး မကောင်းတဲ့လူနာ
    • ကိုယ်ဝန်ဆောင် (အထူးဖြင့် ၃လနောက်ပိုင်း)

    အစာစားပြီးခါစဆိုရင်လည်း တန်းပြီး မမှောက်ပါနဲ့။  တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် စောင့်ပြီးမှ မှောက်ပါ။ မှောက်ပြီး အိပ်ပျော်မသွားပါစေနဲ့။ နာမည်ကိုက  Awake proningပါ။ အိပ်ချင်ရင် ဘေးစောင်းပြီးအိပ်ပါ။

    မှောက်တာက အောက်စီဂျင် ကျတဲ့ လူနာလည်း မှောက်လို့ရသလို၊ အောက်စီဂျင်ရှူနေရလည်း လူနာလည်း မှောက်လို့ရပါတယ်။ အောက်စီဂျင်တော့မကျဘူး ချောင်းဆိုးချွဲကျပ်နေရုံပဲဆိုတဲ့ လူနာလည်း မှောက်လို့ရပါတယ်။ ချွဲအထွက်လွယ်စေပါတယ်။

    လူနာတွေအနေနဲ့ အောက်စီဂျင်ကျနေတာ မှောက်ပြီး ဟိုအရွက်ရှူမှ ရေနွေးငွေ့ရှူမှ တက်လာတယ်လို့ ပြောကြပါတယ်။ အရွက်တွေ၊ ရေနွေးတွေက အတွင်းထဲထိ ရောက်အောင် ရှူဖို့ မလွယ်ပါဘူး။ ရောက်လှ လေပြွန်ထိပါပဲ။ ရှိုက်ပြီး ရှူလို့ ပွင့်သွားပြီး အောက်ဆီဂျင်ခဏတက်လာတဲ့ သဘောပါ။ ဒါမျိုးရှင်းပြလည်း လူနာတွေက အောက်စီဂျင်ကျနေရင် အရွက်ပဲ ရှူနေကျတော့ ကြာတော့ ရှူချင်တာရှူ မှောက်တာရှူလို့ပဲ အကြံပေးလိုက်ပါတော့တယ်။

    အောက်စီဂျင် တက်ဖို့ ဟိုဆေးတွေထိုး ဒီအရွက်တွေရှူ ကြံရာမရဖြစ်မနေကြပါနဲ့။ မှောက်တာနေကြပါ။ အလွယ်ဆုံးနဲ့ ပိုက်ဆံမကုန်တဲ့ နည်းလမ်းမို့လို့ အထင်မသေးပါနဲ့။ သုတေသနတွေ လုပ်ထားပြီးလို့သာ အကြံပေးကြတာပါ။ ဆရာတစ်ယောက်ပြောသလို ‘ပက်လက်မသေချင်ရင် မှောက်သာနေကြ’ လို့ပဲ အကြံပေးလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement