သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်အပြုအမူအချို့

အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်အပြုအမူအချို့

အဆစ်တွေမကောင်းတော့ ထိုင်ရထရခက်တယ်၊ လှုပ်ရှားရမလွယ်ဘူး။ စိတ်သွားတိုင်း ကိုယ်မပါဘူး၊ လို့များတွေးနေလား။ လူတစ်ယောက်အကောင်းဆုံးလှုပ်ရှားနိုင်ဖို့ အဆစ်တွေကတော်တော်လေးအရေးပါတာပါ။ ဒီတော့ အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်တဲ့ အဆစ်လေးတွေကို အမှုမဲ့အမှတ်မဲ့ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီအချက်လေးတွေကို စမ်းသပ်ကြည့်ရအောင်ပါ။

ဒီအပြုအမူတွေကြောင့်အဆစ်တွေထိခိုက်နိုင်ပါတယ်

စာရိုက်များတာ – တစ်နေ့တာမှာ စာရိုက်တာအတွက်အချိန်တွေတော်တော်လေးအသုံးပြုနေရပြီလား။ ဒီအလေ့အထကလည်း ကြည့်တော့သာဘာမှမဟုတ်တယ် အဆစ်တွေကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စာရိုက်တာကို ဖုန်းနဲ့ဖြစ်ဖြစ် ကွန်ပျူတာမှာဖြစ်ဖြစ် တရစပ်ရိုက်နေတာမျိုးမလုပ်ပါနဲ့။ အနားပေးပါ။ သက်တောင့်သက်သာအနေအထားမှန်မှန်နဲ့ စာရိုက်ဖို့မမေ့ပါနဲ့။

အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံ -ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကလည်း အဆစ်တွေကို ထိခိုက်စေနိုင်တဲ့အချက်တစ်ခုပါ။ ဒါကြောင့်နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာမျိုး၊ လမ်းလျှောက်တာမျိုးလေးတွေ အခါသင့်သလိုလုပ်ပေးပါ။ တစ်ချိန်လုံး ထိုင်မနေပါနဲ့။

တစ်ခုခုကို အချိန်ကြာရှည်စွာလုပ်တာ – ထိုင်ရင်းဖြစ်ဖြစ် မတ်တတ်ရပ်ရင်းဖြစ်ဖြစ် အလုပ်တစ်ခုခုကိုအချိန်ကြာမြင့်စွာလုပ်တာကလည်း အဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာကိုအချိန်အကြာကြီးကြည့်နေတာ။ ဖုန်းအကြာကြီးသုံးတာလည်း လည်ပင်း၊ လက်နဲ့ ခန္ဓါကိုယ်က အဆစ်တော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။

ပစ္စည်းအလေးကြီးတွေသယ်တာ – အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ်ပစ္စည်းအလေးအပင်တွေမတာမျိုး မလုပ်မိဖို့သတိထားပါ။ တစ်ယောက်တည်းမနိုင်ရင် တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး အတူတူမတာမျိုးလုပ်ပါ။ ဒီလိုမနိုင်ဝန်ထမ်းတာက အဆစ်တွေအပေါ်မှာ ဒဏ်ပိစေနိုင်တာကြောင့်ပါ။

မပျင်းပါနဲ့ – လှုပ်ရမှာပျင်းတယ်ဆိုပြီး တစ်ပုံစံတည်းမှာ အကြာကြီးနေတာကအဆစ်တွေကို ဝန်ပိစေနိုင်ပါတယ်။ ကြွက်သားတွေ၊ အရွတ်တွေနဲ့ အရိုးနုတွေကို ထိခိုက်စေနိုင်ပြီး ကြွက်သားတွေဆီသွေးစီးဆင်းရောက်ရှိမှုနည်းစေနိုင်ပါတယ်။ ဒါကြောင့် ပျင်းမနေဘဲခြေတွေလက်တွေကို အကြောလျှော့ပါ။ ဆန့်ပါ။ ၁၅ မိနစ်တစ်ကြိမ် ခန္ဓါကိုယ်အနေအထားကိုပြောင်းပေးပါ။

အရမ်းလေးတဲ့အိတ်တွေမသယ်ပါနဲ့ – အိတ်တွေထဲမှာ လိုအပ်တဲ့ပစ္စည်းကလွဲလို့ ဝန်ပိုမတင်ပါနဲ့။ အရမ်းလေးတဲ့ အိတ်တွေကို သယ်တာက ခန္ဓါကိုယ် အနေအထားကိုထိခိုက်စေနိုင်သလို အဆစ်တွေအပေါ်မှာ ဖိအားတွေသက်ရောက်စေနိုင်ပါတယ်။ ပခုံးဆစ်တွေနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။

လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်တာ -လေ့ကျင့်ခန်းလုပ်တာကကောင်းတယ်ဆိုပေမယ့် အလွန်အကျွံတော့မလုပ်သင့်ပါဘူး။လေ့ကျင့်ခန်းကို ခံနိုင်ဝန်ထက်ပိုလုပ်တာက အဆစ်တွေကို ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။

ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်မလုံလောက်တာ – အရိုးအဆစ်တွေသန်မာဖို့ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ွင်းမျာ ဒီဓါတ်တွေနည်းနေမယ်ဆိုရင် အရိုးတွေကြွက်သားတွေမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်ပါအောင်စားသုံးပေးပါ။

လုံလောက်တဲ့ အိပ်စက်ချိန်မရှိခြင်း – ညဘက်မှာကောင်းကောင်းအိပ်ပျော်ရင် လန်းဆန်းတက်ကြွနေတယ်ဟုတ်။ လူတစ်ယောက်အတွက်ပြည့်ဝတဲ့ အိပ်စက်ချိန်ကတော်တော်လေးအရေးပါပါတယ်။ ဒါကြောင့် ညစဉ်အနည်းဆုံး ၇ နာရီအိပ်စက်ပြီး အဆစ်တွေကို ကာကွယ်ပေးပါ။

ပုံမှန်ကိုယ်အလေးချိန်ထိန်းပေးပါ -ကိုယ်အလေးချိန်များလာရင် အဆစ်တွေက ဝန်ပိုထမ်းရပြီး အလိုလိုကိုနာလာတာပါ။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလေးလုပ်၊ သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံကို ထိန်းပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။

ဆေးလိပ်သောက်တာ -ဆေးလိပ်သောက်နေရင်ဖြတ်ဖို့ပြောပါရစေ။ဆေးလိပ်သောက်တာက အဆစ်တွေအပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ နီကိုတင်းကသွေးကြောတွေကို ကျဉ်းမြောင်းစေပြီး အဆစ်တွေဆီသွေးစီးဆင်းရောက်ရှိမှုနည်းစေနိုင်ပါတယ်။

ဒီအချက်တွေကို လုပ်မိနေရင်လည်း အခုကစလို့ ဆင်ခြင်နေထိုင်ပြီး အဆစ်တွေကို ထိန်းသိမ်းပေးပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

7 Everyday Habits That Are Bad for Your Jointshttps://www.everydayhealth.com/hs/rheumatoid-arthritis-treatment-management/habits-bad-joints/ Accessed Date 16 January 2019

7 everyday things that can damage your jointshttps://www.health24.com/Medical/Arthritis/About-Joint-Pain-Arthritis/7-everyday-things-that-could-be-damaging-your-joints-20150109 Accessed Date 16 January 2019

10 Habits That Can Wreck Joint Healthhttps://www.webmd.com/arthritis/features/bad-habits#3 Accessed Date 16 January 2019
စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။