သင့်မှာ ဒီလက္ခဏာတွေဖြစ်နေပြီလား။ ဒါဆိုရင်တော့သွေးတွင်းကိုလက်စထရောများနေပြီဖြစ်တာကြောင့် သတိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့သွေးတွင်းကိုလက်စထရောများရင် ခန္ဓါကိုယ်မှာဖြစ်တတ်တဲ့ လက္ခဏာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။
သွေးတွင်းကိုလက်စထရော
သွေးတွင်းကိုလက်စထရောများနေတယ်ဆိုတာကိုဖော်ပြနေတဲ့လက္ခဏာတွေ
သွေးတွင်းကိုလက်စထရောများတဲ့အခါ ခန္ဓါကိုယ်မှာ အခုလိုပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။
မျက်ခွံမှာ အဝါရောင်အဖုလေးတွေထွက်လာမယ်
အပေါ်မျက်ခွံမှာဖြစ်ဖြစ်၊အောက်မျက်ခွံမှာဖြစ်ဖြစ် နာကျင်မှုမရှိဘဲခပ်ပျော့ပျော့ဖုလေးတွေ စမ်းမိနေပြီလား။ ဒါကအမြင်အာရုံကို ထိခိုက်မှုမဖြစ်စေပေမယ့်သွေးတွင်းကိုလက်စထရောတွေများနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့် မနက်ခင်းမျက်နှာသစ်တိုင်း မျက်ခွံပေါ်မှာ အဝါရောင်ဖုလေးတွေရှိနေလားစစ်ပါ။
မျက်ကြည်လွှာတဝိုက်မှာမီးခိုးရောင်အရစ်လေးတွေဖြစ်နေမယ်
မှန်ကြည့်တဲ့အခါမှာ မျက်ကြည်လွှာလေးတဝိုက်ကိုသေချာစိုက်ကြည့်ပါ။ မျက်ကြည်လွှာတဝိုက်မှာ မီးခိုးရောင်အရစ်လေးဖြစ်နေမယ်ဆိုရင် ဒါကသွေးတွင်းကိုလက်စထရောများနေတာပါ။ အသက် ၄၅ နှစ်အထက် လူကြီးတွေမှာပိုအဖြစ်များပါတယ်။
ခြေတွေလက်တွေထုံကျဉ်မယ်
သွေးတွင်းကိုလက်စထရောများတာကသွေးကြောလေးတွေထဲမှာ အဆီတွေစုပုံမှုဖြစ်ပြီးသွေးကြောလေးတွေပိတ်ဆို့သွားပြီးခြေလက်တွေထုံကျဉ်တာမျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့်ခြေလက်တွေထုံကျဉ်မှုကသွေးတွင်းကိုလက်စထရောများနေတာဖြစ်နိုင်ပါတယ်။
ဦးခေါင်းနောက်ဖက်နဲ့ဇက်ကြောတွေထဲကနာကျင်နေမယ်
သွေးတွင်းကိုလက်စထရောများတာကသွေးကြောတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးခေါင်းပိုင်းဆီကိုသွေးစီးဆင်းရောက်ရှိမှုနည်းသွားစေနိုင်ပါတယ်။ ဒီလိုနည်းသွားတာက အချိန်တိုင်းလိုလို ဇက်ကြောတက်တာ၊ခေါင်းကိုက်နေတာမျိုးတွေခံစားရစေနိုင်ပါတယ်။ ဒါကြောင့်ခေါင်းခဏခဏကိုက်မယ်၊ ဇက်ကြောတက်မယ်ဆိုရင်သွေးတွင်းကိုလက်စထရောများနေတာဖြစ်နိုင်ပါတယ်။
အချိန်တိုင်းလိုလိုမှာ နှလုံးခုန်နှုန်းက ရှိသင့်တာထက်မြန်နေမယ်။ နှလုံးခုန်နှုန်းကလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာဖြစ်တဲ့ နှလုံးခုန်နှုန်းလိုမျိုးဖြစ်နေမယ်ဆိုရင် နှလုံးသွေးကြောစနစ်မှာပြဿနာရှိနေနိုင်သလိုသွေးတွင်းကိုလက်စထရောများနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးခုန်နှုန်းက ရှိသင့်တာထက်မြန်နေမယ်ဆိုရင်သွေးတွင်းကိုလက်စထရောကို စစ်ကြည့်စေချင်ပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တာတွေပဲ စားချင်နေမယ်
တစ်နေ့တာမှာ အမျှင်ဓါတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံတွေအစား အဆီများတဲ့ အစားအစာတွေပဲစားချင်နေမယ်ဆိုရင် ဒါကသွေးတွင်းကိုလက်စထရောများနေတယ်ဆိုတဲ့ လက္ခဏာပါ။ ခန္ဓါကိုယ်အလေးချိန်က ရှိသင့်တာထက်များနေတယ်ဆိုတာကလည်းသွေးတွင်းကိုလက်စထရောများနေခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။
ခန္ဓါကိုယ်မှာ အခုလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့သွေးတွင်းကိုလက်စထရောများနေတာဖြစ်နိုင်တာကြောင့်သေချာလေးဂရုစိုက်စေချင်ပါတယ်။နေ့စဉ် အသီးအရွက်တွေများများစားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အဆီလျှော့စားတာမျိုးတွေကို လုပ်ပေးသင့်ပါတယ်။ ကိုလက်စထရောများတာကြောင့်ရောဂါပိုတွေမဖြစ်စေဖို့ အခုကစပြီး ဂရုစိုက်လိုက်ပါနော် Hello ဆရာဝန်ပရိသတ်ကြီးရေ………………..
[embed-health-tool-bmi]