backup og meta

လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း စေဖို့

    ကယ်လိုရီလောင်ကျွမ်း တယ်လို့ ပြောလိုက်ရင် ပြေးပြေးလွှားလွှားနဲ့ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊  Gymမှာ အလေးမတဲ့သူတွေကို ပြေးမြင်မိမှာပါ။ ဒါတွေက တကယ်ကိုကောင်းပြီး တကယ်လည်းကျပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှ ကယ်လိုရီလောင်တာတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း မလုပ်နိုင်တဲ့သူတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေ့စဉ်ဘဝမှာ ကယ်လိုရီလောင်ကျွမ်းဖို့ ကြိုးစားနိုင်ပါတယ်။

    လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း နိုင်ပါ့မလား။

    ကယ်လိုရီလောင်ကျွမ်း တယ်ဆိုတာ ခန္ဓာကိုယ်ကနေ စွမ်းအင်ထုတ်သုံးတာပါ။ လေ့ကျင့်ခန်းတွေကတော့ စွမ်းအင်များများ ထုတ်သုံးနိုင်အောင် တမင်လေ့ကျင့်တဲ့နည်းပါ။ ဝိတ်ကျချင်တဲ့သူ၊ ကြွက်သားတက်အောင် လေ့ကျင့်ချင်တဲ့သူတွေအတွက် အင်မတန်မှ သင့်တော်ပါတယ်။ တတ်နိုင်ရင် ပုံမှန်လေးလေ့ကျင့်သင့်ပါတယ်။

    ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တာတို့၊ Gymသွားတာတို့ကျတော့ မရောက်တစ်ရက်၊ ပျက်တစ်ရက် (ဒီလိုနဲ့ ရောက်မှာလည်း မဟုတ်တော့ပါဘူး)ဆိုတော့ ဒီနေရာတွေကိုမှ မသွားရင် ကယ်လိုရီလောင်ဖို့ အခွင့်အရေးမရှိသလို ဖြစ်နေပါတယ်။

    တကယ်တော့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာလည်း ကယ်လိုရီလောင်ကျွမ်း အောင်  သူ့နည်းသူ့ဟန်နဲ့ လုပ်လို့ရပါတယ်။ လေ့ကျင့်ခန်း လုပ်သလောက် မလောင်ကျွမ်းဘူးဆိုပေမယ့် ဒီတိုင်းနေတာထက်စာရင် တစ်ခုခုလုပ်ဖြစ်သွားပါတယ်။

    အထူးသဖြင့်တော့ ဒီနည်းလမ်းတွေက

    • နေ့စဉ် လေ့ကျင့်ခန်း လုပ်ဖို့၊ gymသွားဖို့ အခက်အခဲရှိသူတွေ
    • အသက်ကြီးတဲ့သူတွေ
    • တစ်နေကုန် အထိုင်များပြီး ဘာမှမလုပ်ချင်သူတွေအတွက် ပိုပြီး သင့်တော်ပါတယ်။

    လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်းစေဖို့

  • အခွင့်အရေးရတိုင်း လှုပ်နေပါ။
  • ခြေလှုပ် လက်လှုပ် အခါအခွင့်သင့်တိုင်း လှုပ်နေပါ။ တချို့က ထိုင်နေရင်း ဒူးနှံ့တာ၊ ခြေထောက်လှုပ်တာတွေ လုပ်တတ်ပါတယ်။ သူများအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ့။ ဒါပေမယ့် သူတို့အတွက်ကတော့ ကယ်လိုရီလောင်နေပါတယ်။ ပိုကောင်းတာက မပင်ပန်းတဲ့အတွက် ပိုပြီး ကြာကြာ လှုပ်နိုင်ပါတယ်။

    တီဗွီကြည့်ရင်းနဲ့ လှုပ်၊ ဂိမ်းဆော့ရင်း လှုပ်နိုင်ပါတယ်။

    • အထိုင်များနေပြီလို့ ခံစားရရင် ထပြီး တစ်ခုခုလုပ်ပါ။

    အထူးသဖြင့် ရုံးသမားတွေမှာ ကြုံရတတ်ပါတယ်။ ထိုင်နေတာ ကြာပြီ။ ထသင့်နေပြီဆိုတာ သိပေမယ့်လည်း လုပ်လက်စက မပြတ်သေးတာကြောင့် ဆက်ပြီး ထိုင်နေမိတတ်ပါတယ်။ ဒါကြောင့် အလုပ်မှာလည်း ကြုံရင် ကြုံသလို လှုပ်ပေးပါ။ ဥပမာ

    -ပါကင်ကို ရုံးနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ပြီး တစ်မိနစ်လောက် လမ်းလျှောက်တာမျိုး

    -ရုံးရောက်ဖို့ တစ်ထပ်အလိုမှာ ဓာတ်လှေကားကဆင်းပြီး ခြေလျင်တက်တာမျိုး

    -အိမ်သာနဲ့ ခပ်ဝေးဝေးမှာ ထိုင်တာမျိုး

    -လမ်းလျှောက်ရင် ခပ်သွက်သွက်လျှောက်တာမျိုး

    -ဖုန်းပြောရင်၊ မေးလ်တွေ စာပြန်ရင် လမ်းလျှောက်ပြီး လုပ်တာမျိုး

    -ရေခဏခဏ သွားခပ်သောက်တာမျိုး (ရေခဏခဏ သောက်ရပြီဆိုရင် အိမ်သာလည်း ခဏခဏ သွားရတော့မှာပါ)

    လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း စေဖို့

    • အနားယူတဲ့အချိန်မှာလည်း လှုပ်နိုင်ပါတတယ်။

    အများစုက အိမ်ပြန်ရောက်ပြီဆိုရင် ပင်ပန်းလို့ လေ့ကျင့်ခန်း အကြီးစားတွေ မလုပ်နိုင်တော့ပါဘူး။ တီဗွီကြည့်မယ်။ ဖုန်းသုံးမယ် ဒီလောက်ပဲ လုပ်နိုင်ပါတော့တယ်။ ပြီးတော့ အိမ်အလုပ်လေး နည်းနည်းပါးပါးပေါ့။

    တီဗွီကြည့်ရင်းနဲ့ ကြော်ငြာလာတဲ့အခါ အကြောလျှော့လို့ရပါတယ်။  လမ်းထလျှောက်တာ၊ ရှူးထပေါက်တာ လုပ်လို့ရပါတယ်။ ဖုန်းသုံးရင်လည်း အမြဲတမ်း ထိုင်သုံးတာ၊ လှဲသုံးတာ မလုပ်ဘဲနဲ့ လမ်းလျှောက်ပြီး သုံးနိုင်ပါတယ်။ ထိုင်နေရင်လည်း ခုနကပြောသလို ခြေထောက် လှုပ်နေလို့ရပါတယ်။

    သာမန်အမျိုးသမီးတစ်ယောက်က မပင်ပန်းတဲ့ အိမ်အလုပ်လုပ်ရင်တောင် တစ်နာရီကို ၁၆၀ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်။ ဒါက လေ့ကျင့်ခန်း မလုပ်နိုင်တော့တဲ့ လူကြီးတွေအတွက် သင့်တော်ပါတယ်။ ပေါ့ပေါ့ပါးပါး အိမ်အလုပ်လေးတွေ၊ ခြံအလုပ်လေးတွေက သူတို့ကို ကျန်းမာစေမှာပါ။

    အိပ်ရေးဝဝအိပ်တာက ဘာမှမလုပ်ရပါဘဲနဲ့ ကယ်လိုရီကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါက ဇိမ်အကျဆုံး ကယ်လိုရီလောင်စေတဲ့ နည်းပဲ ဖြစ်ပါတယ်။

    • ရေလုံလောက်အောင်  သောက်ပါ။

    ရေဓာတ်ပြည့်ဝနေတာက Metabolismကို ထိန်းညှိပေးတာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုကို အကူအညီဖြစ်စေပါတယ်။ ရေများများသောက်  ရှူးများများပေါက်တဲ့အတွက် လှုပ်ရှားပြီးသားလည်း ဖြစ်သွားပါတယ်။

    • အစားကို ထိန်းစားပါ။

    ကိုယ်က သူများတွေလို ကယ်လိုရီလောင်ကျွမ်း ဖို့ တကူးတက အချိန်မပေးနိုင်ဘူးဆိုရင် ကယ်လိုရီအဝင်ကိုထိန်းဖို့ လိုပါတယ်။ သီးသန့် dietမလုပ်နိုင်သည့်တိုင် နေ့စဉ်စားတဲ့အခါ အလွန်အကျွံမစားမိဖို့၊ အဆီအဆိမ့်၊ အချို၊ အငန်တွေကို ရှောင်ဖို့ လိုပါတယ်။

    ကယ်လိုရီလောင်ကျွမ်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ စနစ်တကျ လေ့ကျင့်ခန်း လုပ်တာပါ။ ပုံမှန်လုပ်နိုင်ရင် ကောင်းပါတယ်။ မလုပ်နိုင်လည်း စိတ်ဓာတ်မကျပါနဲ့။ နေ့စဉ်အလုပ်တွေကနေ တတ်နိုင်သမျှ လှုပ်ရှားမှုလုပ်ပါ။ လှုပ်ရှားမှု အနည်းငယ်စီက ကယ်လိုရီနည်းနည်းစီ လောင်ကျွမ်းနေတာကလည်း သင့်ကို ကျန်းမာစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement