backup og meta

သင် ခြေကုန်လက်ပမ်းကျနေပြီလား

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


22/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် ခြေကုန်လက်ပမ်းကျနေပြီလား

    သင် ခြေကုန်လက်ပမ်းကျနေပြီလား …… သင့်အနေနဲ့ စွမ်းအင်ကုန်ခမ်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများကိုတောင် မလုပ်ချင် မကိုင်ချင်ဖြစ်နေတဲ့ အခြေအနေမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီအခြေအနေကို အင်္ဂလိပ်လို burnout လို့လည်း ခေါ်ပါတယ်။ စိတ်ဖိစီးမှု အခြေအနေတွေ (ဥပမာ နေထိုင်မကောင်းသော မိသားစုဝင်တစ်ဦးဦးကို ပြုစုနေရခြင်း၊ အလုပ်ချိန်ကြာမြင့်စွာ အလုပ်လုပ်ရခြင်း၊ စိတ်ညစ်ညူးဖွယ်သတင်းများကို နားထောင်နေရခြင်း စတာတွေ)ကို အဆက်မပြတ်ကြုံကြိုက်လာတဲ့အခါ သင်ဟာ ခြေကုန်လက်ပမ်းကျသလို ခံစားလာရပါတယ်။

    သင် ခြေကုန်လက်ပမ်းကျနေပြီလား

    သင် ခြေကုန်လက်ပမ်းကျနေပြီလား ဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ဦးနော်။ စိတ်ပညာရှင်တစ်ဦးကတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်လာရင် အားအင်ကုန်ခမ်းသွားတဲ့ burnout အခြေအနေကြုံရတယ်လို့ ဆိုပါတယ်။ အဆိုပါ အခြေအနေဟာ သာမန်ပင်ပန်းနွမ်းနယ်မှုနဲ့ မတူပါဘူး။ သာမန်ကြုံကြိုက်နေကြ ပင်ပန်းနွမ်းနယ်ခြင်းဟာ အနားယူပြီးရင် အားပြန်ပြည့်နိုင်ပါတယ်။

    Burnout ဆိုတဲ့ အားအင်ကုန်ခမ်းတဲ့ အခြေအနေမှာတော့ လုပ်ကိုင်ချင်စိတ်ကို အတော်လေး လျော့ပါးသွားစေတာမို့ ပြန်လည်ထူထောင်ဖို့ ပိုမိုခက်ခဲပါတယ်။ မျှော်လင့်ချက်မဲ့သလိုဖြစ်နေပြီး အဆိုးမြင်စိတ်တွေပါ ပေါ်လာတတ်ပါတယ်။ ဒီအခြေအနေကို ဂရုမစိုက်ဘဲ၊ နားလည်တတ်ကျွမ်းသူတွေနဲ့ မတိုင်ပင်ဘဲထားလိုက်ရင် စိတ်ဓာတ်ကျခြင်း၊ နှလုံးရောဂါ၊ ဆီးချို စတဲ့ ရုပ်ပိုင်းစိတ်ပိုင်းပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

    အားအင်ကုန်ခမ်းနွမ်းနယ်ခြင်း (burnout) ဖြစ်ရင် ဘာလက္ခဏာတွေပြသလဲ။

    သာမန်ခဏတာ ပင်ပန်းခြင်းလား၊ အားအင်ကုန်ခမ်းနွမ်းနယ်ခြင်းလားဆိုတာ သေချာသတိထားလေ့လာရင် ခွဲခြားနိုင်ပါတယ်။ အောက်ပါအခြေအနေတွေဟာ burnout ဖြစ်ကြောင်းကို ပြနေပါတယ်။

    • အားကုန်ခြင်း – ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပင်ပန်းနေပါတယ်။ ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ အိပ်စက်မှုပုံစံ စားသောက်မှုပုံစံပြောင်းခြင်းတွေပါ ကြုံရပါတယ်။
    • သီးသန့်ခွဲထွက်နေလိုခြင်း – မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ ဆက်ဆံပြောဆိုခြင်း မပြုလိုတော့ဘဲ တစ်ဦးတည်းနေလိုပါတယ်။
    • ထွက်ပေါက်ရှာခြင်း – ပုံမှန်တွေ့မြင်နေကြအရာတွေကို စိတ်တိုင်းမကျတော့ပါဘူး။ လက်ရှိဝန်းကျင်ကနေ ထွက်ခွာချင်ကြပါတယ်။ ဒါကြောင့် တစ်နည်းနည်းနဲ့ ထွက်ပေါက်ရှာကြပါတယ်။ အရက်နဲ့ မူးယစ်ဆေးသုံးတဲ့အဆင့်လည်း ရောက်သွားနိုင်ပါတယ်။
    • သည်းမခံနိုင်ခြင်း – ဒီအခြေအနေမှာ မိတ်ဆွေသူငယ်ချင်းများ၊ ရင်းနှီးသူများကိုတောင် သည်းမခံဘဲ စိတ်တိုလွယ်လာပါတယ်။ အရာရာကို စိတ်တိုင်းမကျဖြစ်လာပါတယ်။ သင့်ကို ဘေးပတ်ဝန်းကျင်က ဘာမဟုတ်တာလေးနဲ့ ဒေါသထွက်နေတယ် လို့ မြင်လာပါလိမ့်မယ်။
    • မကြာခဏနေထိုင်မကောင်းဖြစ်ခြင်း – ကိုယ်ခံစွမ်းအားကို ထိခိုက်လာပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေးဖြစ်ခြင်းမျိုးတွေ မကြာခဏကြုံလာနိုင်ပါတယ်။ အိပ်မပျော်ခြင်း၊ စိတ်ကျခြင်း၊ ပူပန်ခြင်းစတဲ့ စိတ်ကျန်းမာရေးပြဿနာတွေပါ ပေါ်လာနိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    စိတ်ဖိစီးမှုတွေကတော့ ရှောင်လွှဲလို့မရပေမယ့် အားအင်ကုန်ခမ်းတဲ့ burnout အခြေအနေကတော့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ပါအချက်တွေက အထောက်အကူပြုပါလိမ့်မယ်။

    • လေ့ကျင့်ခန်းပြုလုပ်ပါ

    ရုပ်ပိုင်းဆိုင်ရာကိုတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ လှုပ်ရှားတက်ကြွစေမှာ ဖြစ်ပါတယ်။ အားကစားခန်းမမှာ အဖော်နဲ့ ပြုလုပ်နိုင်သလို ပြင်ပမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်းလည်း လမ်းလျှောက်နိုင်ပါတယ်။

    • အာဟာရမျှတစွာ စားသောက်ပါ

    Omega 3 ကြွယ်ဝတဲ့ အစားအစာများ ဥပမာ flaxseed၊ အခွံမာသီးများ၊ ငါးများဟာ စိတ်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။ ကျန်တဲ့ ဗီတာမင်၊ ပရိုတင်း စတဲ့အာဟာရဓာတ်တွေကိုလည်း မျှတစွာ စားသုံးရပါမယ်။

    • အိပ်ရေးဝအောင်အိပ်ပါ

    သင့်ကိုယ်ခန္ဓာဟာ အလုပ်မပင်ပန်းခင်မှာ အနားယူဖို့လိုပါတယ်။ ဘယ်လောက်ပဲ စိတ်အားထက်သန်တဲ့အချိန်ဖြစ်စေ အလုပ်ကိုရပ်ပြီး အိပ်စက်ချိန်ကို အလုံအလောက်ပေးဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် အားအင်လုံးဝကုန်သွားပါလိမ့်မယ်။

    • အကူအညီယူပါ

    စိတ်ဖိစီးမှုကြုံနေချိန်မှာ မနိုင်ဝန်ကို မထမ်းပါနဲ့။ အကူအညီပေးနိုင်မယ့်သူတွေကို ရှာဖွေပါ။ လိုအပ်ချိန်မှာ အကူအညီယူဖို့ ဝန်မလေးပါနဲ့။

    အဆိုပါအချက်များဟာ သင့်အနေနဲ့ ဖိစီးမှုအရမ်းမများခင်၊ အားအင်လုံးဝကုန်ခမ်းခြင်း မဖြစ်ခင်မှာ ပြုလုပ်ဆောင်ရွက်သင့်ပါတယ်။ လုံးဝကို ခြေကုန်လက်ပမ်းကျသွားတဲ့ အခြေအနေမှာ သင့်အနေနဲ့ အထက်ပါအချက်တွေကိုတောင် မလုပ်ချင်ဘဲ ဖြစ်သွားနိုင်ပါတယ်။

    မိမိဝန်းကျင်မှာ အားအင်ကုန်ခမ်း burnout ဖြစ်နေသူများကိုလည်း ကူညီပေးပါ။ သူတို့ရဲ့ အခက်အခဲများကို နားထောင်ပါ၊ ကူညီဖြေရှင်းပေးပါ။ အနည်းဆုံးတော့ လောကကြီးမှာ သူတို့အတွက် သင်ရှိနေသေးကြောင်း သိမြင်လာအောင် ဂရုစိုက်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    22/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement