backup og meta

ရာသီဥတုပြောင်းလဲခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီဥတုပြောင်းလဲခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာ

    ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုမျိုးတွေ ကြုံလာရတဲ့အခါမျိုးမှာ ဒါဟာ ကမ္ဘာပျက်ကိန်းရဲ့ ရှေ့ပြေးနိမိတ်၊ ဒါမှမဟုတ် ဆိုးရွားတဲ့ ကံကြမ္မာဆိုးတွေကျရောက်တော့မယ့် နမိတ်လက္ခဏာလို့ လူအများအပြားက ရှုမြင်ကြပါတယ်။

    ဆိုးရွားတဲ့ ရာသီဥတုတွေနဲ့ ဘေးအန္တရာယ် ကပ်ဆိုးတွေဟာ ကမ္ဘာကြီး နာမကျန်းဖြစ်နေတဲ့ လက္ခဏာသက်သက်မဟုတ်ပါဘူး။ ကျွန်တော်တို့လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ယိုယွင်းမှုတွေကိုလည်း ဆောင်ယူလာပါတယ်။

    ဒီထဲမှာမှ ထူးခြားတဲ့ လူတိုင်းနီးပါးနဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခုပါဝင်နေပါတယ်။ ဒါကတော့ Eco-anxiety လို့ခေါ်ဆိုကြပြီး ဥတုကပ်ဘေးတွေကြောင့်ဖြစ်လာတဲ့ စိတ်အခြေအနေတစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Eco-anxiety ကို စိတ်ရောဂါတစ်ခုအနေနဲ့ မသတ်မှတ်ကြသေးပေမယ့် တခြားသော စိတ်ရောဂါတွေဖြစ်လာအောင် တွန်းအားပေးတဲ့ အရာတစ်ခုအဖြစ်တော့ လက်ခံထားကြပါတယ်။

    ဟားဗတ်တက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ်နဲ့ လန်ဒန်က အင်ပီရီယယ်ကောလိပ်တို့ရဲ့ ပူးပေါင်း သုတေသနတစ်ခုအရဆိုရင်တော့ ရာသီဥတုဆိုးရွားမှုတွေကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာတွေကြုံရချေမြင့်မားတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို သက်သေပြနေတာကတော့ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုဟာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းကို မြင့်တက်စေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ National Center for Health Statistics (NCHS) ရဲ့ ၁၉၈၀ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြား အချက်အလက်တွေကို အခြေခံပြီး သုတေသနပြုချက်တွေအရ အပူချိန်ပိုမြင့်မားတဲ့ နှစ်တွေမှာ ကိုယ့်ကိုယ်ကို သတ်သေနှုန်းပိုများတယ်လို့ ဆိုပါတယ်။

    Eco-anxiety ဆိုတာ ဘာလဲ

    လူတွေဟာ ဆိုရှယ်မီဒီယာခေတ်မှာ တောမီးလောင်နေတာ၊ မြေတွေပြိုနေတာ၊ ရာသီဥတုတွေ ဖောက်ပြန်နေတာ၊ ရေတွေကြီးနေတာလိုမျိုး ကပ်ဆိုးတွေ၊ သတင်းဆိုးတွေ၊ အနိတ္ထာရုံတွေတွေကို နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပြီး ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ ဒီလိုသတင်းမျိုးတွေဟာ စိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့ သာမန်လူတွေကိုယ်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။

    ကိစ္စမျိုးတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ လူသားတွေဟာ အဲ့ဒီသတင်းတွေကြောင့် သောကတွေများလာတာ၊ အကူအညီမဲ့တဲ့ ခံစားချက်မျိုးခံစားလာရတာ၊ ကြေကွဲဝမ်းနည်းမှုတွေခံစာရတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုတွေကို မသိမသာရော သိသိသာသာပါ ခံစားလာနေကြရပါတယ်။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေ၊ စိတ်ထိခိုက်တာတွေက စိတ်ရောဂါဖြစ်သွားနိုင်လောက်တဲ့အထိ ဆိုးရွားပါတယ်။ ဒါတွေကို “Eco-anxiety” ရဲ့ လက္ခဏာတွေလို့ ခေါ်ဆိုပါတယ်။

    နေမြင့်လေ အရူးရင့်လေလား

    “နေမြင့်လေ အရူးရင့်လေ ဆိုတဲ့” မြန်မာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ဒီကနေ့ခေတ်မှာတော့ ဒီစကားက မှန်ကန်ကြောင်း သိလာရပြီဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ လူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လောက် အကျိုးသက်ရောက်လဲဆိုတာကို သုတေသနပြုလုပ်ကြရင်း လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အပူချိန် မြင့်တက်မှုနှင့် စိတ်ကျန်းမာရေးပြဿနာတွေဟာ တိုက်ရိုက် သက်ဆိုင်မှုရှိနေကြောင်း သိလာခဲ့ကြရပါတယ်။ အပူချိန် ၁ ဒီဂရီမြင့်တက်လာတိုင်း စိတ်ကျန်းမာရေးထိခိုက် ခံစားရသူအရေအတွက်လည်း မြင့်တက်လာနေတယ်လို့ National Academy of Sciences လို့ ဆိုထားပါတယ်။ ဘာကြောင့် ခုလိုဖြစ်နေတယ်ဆိုတာကို သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။

    ကောင်းမွန်စွာ အိပ်စက်ရခြင်းမရှိချိန်မျိုးမှာ ရာသီဥတုကလည်း ပူအောင်အိုက်စပ်နေမယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာဖြစ်နိုင်လောက်တဲ့ ဒေါသအမျက်စိတ်၊ ဒါမှမဟုတ် သောကစိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ မူလအခံအားဖြင့် စိတ်ကျန်းမာရေးပြဿနာရှိနေသူတွေအတွက်ဆိုရင်တော့ အပူချိန်နဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ သူတို့ရဲ့ မူလရောဂါကို ပိုမိုဆိုးရွားစေဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ သာမန်လူတွေအနေနဲ့လည်း စိတ်ဖိစီးမှုနဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှုမျိုးတွေဖြစ်နိုင်ပါတယ်။

    Eco-anxiety ကို ဘယ်လို ကုစားကြမလဲ?

    ကိုယ်က ဆိုးရွားတဲ့ ရာသီဥတုဘေး၊ ပြင်းထန်တဲ့ အပူချိန်မြင့်တက်မှု၊ ကျဆင်းမှုတွေမှာ တိုက်ရိုက်သက်ရောက်ခံခဲ့ရသူဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး စောင့်ရှောက်မှုခံယူတာကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    တကယ်လို့ ကိုယ့်က ပါဝင်ပတ်သက်သူမဟုတ်ပဲ ဘေးလူဖြစ်နေမယ်ဆိုရင်တော့ တတ်နိုင်သမျှ ကူညီဖေးမနိုင်ဖို့ ကြိုးပမ်းမှုဟာ စိတ်သက်သာရစေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    ဒီလို စိတ်သောကရောက်စရာတွေ၊ စိတ်ညစ်စရာတွေ မြင်မိကြားမိလို့ ကိုယ်ပါ စိတ်ဆင်းရဲနေရပြီ၊ စိတ်ပူပန်နေရပြီဆိုရင် အတင်း မေ့ဖျောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ လုပ်စရာရှိတာကို သက်သောင့်သက်သာလုပ်နိုင်ဖို့သာ အာရုံစိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အတင်းအကျပ် မေ့ဖျောက်ပစ်ဖို့ လုပ်တာက စိတ်ထဲပိုစွဲစေပါလိမ့်မယ်။

    အပေါင်းလက္ခဏာဆောင်တဲ့၊ အပြုသဘောဆောင်တဲ့ အတွေးမျိုးတွေ များများတွေးပေးဖို့လည်း သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement