backup og meta

ငယ်ငယ်တုန်းက ကြားဖူးသလိုမျိုး သံစူးမှ မေးခိုင်ပိုးဝင်တာလား။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငယ်ငယ်တုန်းက ကြားဖူးသလိုမျိုး သံစူးမှ မေးခိုင်ပိုးဝင်တာလား။   ။

    ငယ်ငယ်တုန်းက ကြားဖူးနေကြ စကားလေးရှိပါတယ်။ ဆော့ရင်းပြုရင်း သံစူးမိတာ၊ သံခြစ်မိတာမျိုးတွေဖြစ်ခဲ့ရင် လူကြီးတွေက “အယ်သံစူးသွားပြီ၊ မေးခိုင်ပိုးတွေဝင်တော့မှာပဲ အနာကို အရက်ပြန်ထည့်” ဆိုပြီး ပြောတတ်လေ့ရှိကြပါတယ်။ ကိုယ်တွေကလည်း ငယ်သေးတော့ မေးခိုင်ပိုးဆိုတာ ဘာလဲ သေချာတောင် မသိဘဲနဲ့ ကြောက့်ခဲ့ရတာပါ။ မေးခိုင်ပိုးဆိုတာ ချိုကြီးနဲ့လား၊ အမြှီးရောပါလားပေါ့။ ခုဆောင်းပါးလေးကတော့ မေးခိုင်ပိုးဆိုတာ ဘာလဲ၊ ဘယ်ကနေ ဘယ်လိုကူးစက်တာလဲကို ခုထိရေရေရာရာ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ ။

    မေးခိုင်ပိုးဆိုတာ။ ။

    မေးခိုင်ရောဂါဆိုတာကClostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားကိုယ်ထဲဝင်ပြီး သူကနေထုတ်လွှတ်လိုက်တဲ့အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယား ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကအာရုံကြောစနစ်ကို ထိခိုက်စေတာကြောင့်ကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်စေပါတယ်။ ဒီရောဂါပိုးကအပူဒဏ်နဲ့ ဓာတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိတာကြောင့် သူ့ကိုဖျက်စီးဖို့ခက်ပါတယ်။ မျက်နှာနဲ့လည်ပင်းကြွက်သားတွေကို အကြောဆွဲစေပြီး ပါးစပ်ဖွင့်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်စေနိုင်တာကြောင့် သူ့ကို မေးခိုင်ပိုးလို့ခေါ်တာပါ။ မေးခိုင်ပိုးဆိုတာ သေချာ ကာကွယ်မထားရင် လူ့အသက်ဆုံးအောင်တောင် လုပ်နိုင်တဲ့ ရောဂါပိုးတစ်မျိုးပါ။

    မေးခိုင်ပိုးဝင်နေရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲ။ ။

    မေးခိုင်ပိုးက ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးချက်ချင်းကြီးတော့ လက္ခဏာမပြပါဘူး။ ၃ ရက် ကနေ တစ်ပတ်လောက်ကြာမှရောဂါလက္ခဏာစပြီးပြတတ်တာပါ။ အရေပြားပွန်းပဲ့တဲ့ဒဏ်ရာတွေကိုသေချာဂရုမစိုက်မှုကြောင့်မေးခိုင်ပိုးကိုယ်တွင်းဝင်ရောက်သွားတဲ့အခါမှာ –

  • စစချင်း အနာတစ်ဝိုက်မှာ စူးပြီးကျင်နေတာကို ခံစားရလိမ့်မယ်။ နောက်ပိုင်း
  • လည်ပင်း၊ ပခုံးနဲ့ နောက်ကျောကြွက်သားတွေ တောင့်တင်းမယ်။ မေးရိုးကြွက်သားတွေပါ တောင့်လာလို့ စကားမပြောနိုင်၊ ပါးစပ်မဖွင့်နိုင်တော့ဘဲ အစားအသောက်တွေ မျိုချရခက်တာမျိုးဖြစ်မယ်။
  • အဖျားတက်မယ်၊ချွေးတွေအများကြီးထွက်မယ်။
  • သွေးတိုးမယ်။
  • နှလုံးခုန်နှုန်းမမှန်ဖြစ်မယ်၊ နှလုံးခုန်မြန်မယ်
  • အသက်ရှူရခက်မယ်။
  • ကြွက်သားတွေ မခံမရပ်နိုင်အောင်တောင့်တင်းနာကျင်လာမယ်။
  • သတိရှိနေပေမယ့် မေးခိုင်နေလို့ ပါးစပ်က ဘာဖြစ်နေတာလဲဆိုတာပြောလို့ကလည်းမရ၊ အသက်ရှူလို့ကလည်း မဝနဲ့ ဘယ်လောက်ခံရခက်လိုက်မလဲ စဉ်းစားသာကြည့်ပေတော့။

    မေးခိုင်ပိုးဝင်ရင်နောက်ဆက်တွဲဘာတွေဆက်ဖြစ်နိုင်မလဲ။ ။

    မေးခိုင်ပိုးကြောင့် နောက်ဆက်တွဲဆက်ဖြစ်နိုင်တာတွေကတော့

    • အရိုးကျိုးတာ– မေးခိုင်ပိုးကနေဖြစ်လာတဲ့ ပြင်းထန်အဆိပ်က ကျောရိုးနဲ့ အခြားအရိုးတွေကို ကျိုးစေနိုင်ပါတယ်။
    • အဆုတ်သွေးကြောမှာ ပိတ်တာ–မေးခိုင်ပိုးကြောင့်သွေးကြောအတွင်းမှာသွေးခဲလာပြီး ပြုတ်ထွက်သွားတဲ့သွေးခဲလေးကအဆုတ်ကိုထောက်ပံ့နေတဲ့ ပင်မသွေးကြောနဲ့ အခြားသွေးကြောလေးတွေမှာ သွားပိတ်နေတာမျိုးဖြစ်နိုင်ပါတယ်။
    • ကြွက်သားတွေတောင့်တင်းလာပြီး အသက်ရှူရခက်လာမယ်–မေးခိုင်ပိုးက သွေးထဲမှာ ပျံ့သွားပြီး အာရုံကြောထိရောက်သွားတဲ့ အခါ ကြွက်သားတွေလှုပ်ရှားလို့မရတော့ပါဘူး။ မေးခိုင်ပိုးကြောင့် ကြွက်သားတွေတောင့်တင်းသွားတဲ့အခါ အသက်ရှူရခက်တာကိုဖြစ်စေနိုင်သလို အရမ်းပြင်းထန်ရင် ရင်ဝမ်းခြားကြွက်သားကိုပါ တောင့်စေပြီး အသက်ရှူရပ်သွားတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အသက်ရှူလို့မရတော့ ကိုယ်ခန္ဓာအတွက် အရေးအကြီးဆုံး အောက်ဆီဂျင်ကိုမရတော့တာကနေ နှလုံးရပ်သွားပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်သွားတတ်ပါတယ်။

    ဘယ်လိုအခြေအနေတွေက မေးခိုင်ပိုးဝင်စေနိုင်တာလဲ။ ။

    ငယ်ငယ်က သိခဲ့သလို သံစူးမှသာ မေးခိုင်ပိုးဝင်တာ မဟုတ်ပါဘူး။ အရေပြားပေါက်ပြဲသွားတဲ့ ထိခိုက်ဒဏ်ရာတွေရတိုင်း မေးခိုင်ပိုးကူးစက်နိုင်ပါတယ်။

  • ပြတ်ရှဒဏ်ရာ၊ပေါက်ပြဲဒဏ်ရာ၊ ချွန်ထက်တဲ့အရာတွေနဲ့ စူးမိတဲ့ဒဏ်ရာ၊ အပူလောင်နာ၊ တိရစ္ဆာန်ကိုက်တာတွေကနေလည်းမေးခိုင်ပိုးဝင်နိုင်ပါသေးတယ်။
  • တစ်ခါတလေဆိုရင် ခွဲစိတ်ကုသမှုခံယူထားတဲ့ ချုပ်ရိုး၊ နားပိုးဝင်တာနဲ့ သွားဖုံးပိုးဝင်တာမျိုးတွေ၊ ကိုယ်ဝန်ဖျက်ချတာမျိုးတွေကနေလည်းမေးခိုင်ပိုးဝင်သွားတာမျိုးရှိ ပါတယ်။
  • မူးယစ်ဆေးသုံးစွဲသူတွေမှာလည်း မူးယစ်ဆေးကို အကြောထဲထိုးသွင်းတာကနေတဆင့် မေးခိုင်ပိုးခန္ဓာကိုယ်တွင်း ဝင်ရောက်တာမျိုးရှိပါတယ်။
  • ခန္ဓာကိုယ်အရေပြားကို ထွင်းဖောက်အလှဆင်တာမျိုးတွေ၊ တက်တူးထိုးတာမျိုးတွေ(tattoo)၊ အင်းဆက်ကိုက်ခံရတဲ့ဒဏ်ရာတွေကနေလည်း မေးခိုင်ပိုးဝင်ရောက်နိုင်ပါတယ်။
  • ( မြွေ၊ ခွေး၊ ကြွက်) ဘာအကောင်ပဲကိုက်ကိုက် မေးခိုင်ပိုးဝင်နိုင်ပါတယ်။
  • မေးခိုင်ရောဂါပိုးက လူ့ကိုယ်ထဲကို ဘယ်လိုဝင်နိုင်လဲ။ ။

    မြေကြီးတွေ၊ ဖုန်မှုန့်တွေ၊ ညစ်ပတ်တဲ့ရေတွေထဲမှာ မေးခိုင်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတတ်ပါတယ်။ ဒီရောဂါပိုးတွေက သေချာမကာကွယ်ထားတဲ့ အနာတွေ၊ ဒဏ်ရာတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပါတယ်။

    မေးခိုင်ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ။

    အပေါ်မှာ မေးခိုင်ပိုးအကြောင်း ကုန်သလောက်ပြောပြပြီးဆိုတော့ မေးခိုင်ပိုး ကိုယ်ထဲဝင်လို့မရအောင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းတွေအကြောင်း ခုပြောပြပေးပါမယ်။

    • ထိခိုက်ဒဏ်ရာတစ်ခုခုရလာတိုင်း အနာကိုဆေးကြောသန့်စင်ပါ။
    • ပြီးရင် အနာကို ပိုးသတ်ဆေးထည့်ရပါမယ်။ ( အရက်ပြန်ဖြစ်ဖြစ်၊ Betadine ဖြစ်ဖြစ်ပေါ့) အနာကိုသန့်သန့်ရှင်းရှင်းဂရုတစိုက်ထားတာက မေးခိုင်ပိုးဝင်တာတင်မဟုတ်ဘဲ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။
    • အပြင်က ပိုးတွေ ထပ်မဝင်အောင် အနာသေးရင် ပလာစတာကပ်မယ်၊ အနာကကြီးရင်တော့ ပတ်တီးစည်းထားရပါမယ်။
    • အရေးအကြီးဆုံး အချက်ကတော့ မေးခိုင်ပိုးကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးဖို့ပါပဲ။

    ကိုယ့်ကို အနာတရဖြစ်စေတဲ့ အရာမှာ ဖုန်တွေပေနေတာ၊ သံချေးတွေတက်နေတာ၊ ညစ်ပေနေတာမျိုးဆို မေးခိုင်ပိုးဝင်နိုင်ချေ ပိုများပါတယ်။ အရမ်းနက်တဲ့ ဒဏ်ရာတွေ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်လာတဲ့ ဒဏ်ရာတွေ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာတွေ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။ဒါကြောင့် ထိခိုက်ဒဏ်ရာ တစ်ခုခုရပြီဆို မေးခိုင်ရောဂါပိုး မဝင်အောင် ဒဏ်ရာကို သေချာဂရုစိုက်ဖို့၊ သန့်ရှင်းအောင်ထားဖို့နဲ့ ကာကွယ်ဆေးထိုးဖို့က သိပ်အရေးကြီးပါတယ်။ နောက်ထပ်မှာချင်တာ တစ်ခုကတော့ မေးခိုင်ပိုးက လူတစ်ယောက်ကနေနောက်တစ်ယောက်ဆီကို ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement