backup og meta

ပရိုတင်းပြည့်ဝစေဖို့ဘာကိုရွေးမလဲ.... အစားအသောက်လား....ပရိုတင်းဖြည့်စွက်စာတွေလား.....

ပရိုတင်းပြည့်ဝစေဖို့ဘာကိုရွေးမလဲ.... အစားအသောက်လား....ပရိုတင်းဖြည့်စွက်စာတွေလား.....

အခုနောက်ပိုင်းဈေးကွက်ထဲမှာ ပရိုတင်းဖြည့်စွက်စာတွေကအရင်ကထက်ပိုများလာတယ်နော်။ ခန္ဓာကိုယ်အားပြည့်နေစေဖို့တင်မဟုတ်ဘဲ ကြွက်သားတွေသန်မာစေဖို့အတွက်ပါ ပရိုတင်းဖြည့်စွက်စာတွေကိုအသုံးပြုလာကြပါတယ်။ ဒီနေရာမှာပြောစရာတစ်ခုရှိလာတာက ခန္ဓာကိုယ်ကျန်းမာနေစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့အတွက် ပရိုတင်းဖြည့်စွက်စာတွေက တကယ်ပဲ လိုအပ်လားဆိုတာပါ။

ခန္ဓာကိုယ်က ပရိုတင်းကို ဘယ်လိုအသုံးပြုလဲ………..

ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းမှာရှိနေတာပါ။ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက်လည်း ပရိုတင်းကိုတော်တော်လေးလိုအပ်ပါတယ်။

ပရိုတင်းမှာ ခန္ဓာကိုယ်အတွက် မဖြစ်မနေလိုအပ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေပါတယ်။ ပရိုတင်းစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ဆဲလ်အဟောင်းတွေနေရာမှာအစားထိုးနိုင်မယ့် ဆဲလ်အသစ်တွေဖြစ်ပေါ်စေဖို့၊ တစ်ရှူးတွေဖြစ်ပေါ်စေဖို့၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေအသစ်ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်အဖြစ်ဖြိုခွဲအသုံးပြုမှာဖြစ်ပါတယ်။

အမျိုးသားနဲ့အမျိုးသမီး ပရိုတင်းလိုအပ်ချက်ကွာခြားမှုရှိလား……….

အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အာဟာရလိုအပ်ချက်ကကွာခြားမှုရှိနိုင်ပါတယ်။ အမျိုးသားတွေက ခန္ဓာကိုယ်ဖွဲ့စည်းပုံအရကြောင့်ရော ကြွက်သားတွေကြောင့်ပါ အမျိုးသမီးတွေထက် ပရိုတင်းပမာဏပိုမိုလိုအပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ အမျိုးသားတစ်ယောက်ကတစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်လိုအပ်ပြီး အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်နီးပါးလိုအပ်မှာပါ။ ဒါပေမယ့် ပုံမှန်အားဖြင့် အမျိုးသားတစ်ဦးက တစ်နေ့တာမှာ ပရိုတင်း ၁၀၀ ဂရမ်နီးပါးလောက်စားသုံးနေကြပြီး အမျိုးသမီးတွေကတော့ တစ်နေ့တာမှာ ပရိုတင်းပမာဏ ၇၀ ဂရမ်လောက်ကိုစားသုံးနေကြပါတယ်။

နည်းလည်းမကောင်းသလို များလည်းမကောင်းတဲ့ ပရိုတင်း

ပရိုတင်းလုံလောက်စွာမစားသုံးမှုက ကျန်းမာရေးပြဿနာအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။ ပရိုတင်းလုံလောက်စွာမစားသုံးမှုက ခန္ဓာကိုယ်အတွက်လုံလောက်တဲ့ အမိုင်နိုအက်ဆစ်မရရှိတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ ပရိုတင်းနည်းလာတဲ့အခါ ခန္ဓာကိုယ်မှာ ကြွက်သားတွေအားနည်းလာမယ်။ နှလုံးအပါအဝင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာပါထိခိုက်လာစေမှာဖြစ်ပါတယ်။

ပရိုတင်းမလုံလောက်ရင်ပြဿနာရှိနိုင်သလို ပရိုတင်းများလွန်းတာကလည်း ခန္ဓာကိုယ်အတွက်မကောင်းပါဘူး။ ပရိုတင်းကလိုအပ်တဲ့ ပမာဏထက်များလာတဲ့အခါ ခန္ဓာကိုယ်ကပိုလျှံနေတဲ့ပရိုတင်းတွေကို အဆီအဖြစ်နဲ့ သိမ်းထားလိုက်ပါတယ်။ ဒီအဆီတွေက ကိုယ်အလေးချိန်တက်စေနိုင်သလို အစာခြေစနစ်ဆိုင်ရာပြဿနာတွေကိုလည်းခံစားရနိုင်ပါတယ်။ ဒါ့အပြင့် ပရိုတင်းလိုအပ်တဲ့ ပမာဏထက်ပိုများနေတာက ကျောက်ကပ်ကို အလုပ်ပိုစေပြီးရေရှည်မှာကျောက်ကပ်ထိခိုက်လာစေနိုင်ပါတယ်။

ပရိုတင်းရရှိစေမယ့် အစားအစာတွေက ဘာတွေဖြစ်မလဲ…………

ပရိုတင်းရရှိစေမယ့် အစားအစာတွေကို ပုံမှန်စားသုံးပေးတာက လိုအပ်တဲ့ ပရိုတင်းပမာဏကို အလုံအလောက်ရရှိစေမှာပါ။ ဒီတော့ ဘာတွေစားကြမလဲ။

  • ဆယ်လ်မွန်ငါး
  • တူနာငါး
  • ကြက်သား
  • ကြက်ဆင်သား
  • အမဲသား
  • ဝက်သား
  • ဥအမျိုးမျိုး
  • အခွံမာသီး
  • အစေ့အဆန်
  • ပဲအမျိုးမျိုး
  • ကုလားပဲ
  • ပဲပြား
  • မြေပဲ
  • မြေပဲထောပတ်
  • နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးသင့်ပါတယ်။

ဘယ်လိုအခြေအနေမှာ ပရိုတင်းဖြည့်စွက်စာလိုအပ်မလဲ……………..

အစာအာဟာရတွေကနေ ပရိုတင်းတွေရတာမှန်ပေမယ့် ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ပရိုတင်းဖြည့်စွက်စာတွေက အဆင်ပြေဆုံးဖြစ်မှာပါ။

  • နာလန်ထလူနာတွေ
  • ထိခိုက်ဒဏ်ရာရထားသူတွေ
  • ကြွက်သားတက်အောင်လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ
  • ကြီးထွားဖွံ့ဖြိုးစ လူငယ်တွေ
  • သက်သတ်လွတ်စားသုံးနေသူတွေကတော့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းပမာဏကိုပြည့်ပြည့်ဝဝရရှိစေဖို့ အစားအသောက်တွေစားသုံးတာအပြင် ပရိုတင်းဖြည့်စွက်စာတွေကို မှီဝဲဖို့လိုအပ်မှာပါ။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ပရိုတင်းက လိုရင်မကောင်းသလို ပိုရင်လည်း မကောင်းတာကြောင့် အစားအစာကနေပဲ အဓိကရယူစေချင်ပါတယ်။ အပေါ်မှာပြောခဲ့သလို အခြေအနေတစ်ရပ်ရပ်ဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ ပရိုတင်းပမာဏပြည့်ဝစွာရရှိစေဖို့အတွက် ပရိုတင်းဖြည့်စွက်စာတွေကို စားသုံးပေးဖို့ပြောပါရစေနော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

12 Best Sources Of Protein You Should Include In Your Diethttps://www.curejoy.com/content/best-sources-of-protein/ Accessed Date 7 August 2019

Are Protein Supplements Necessary To Build Muscle?https://www.curejoy.com/content/are-protein-supplements-necessary-to-build-muscle/Accessed Date 7 August 2019

ယခုပုံစံ

22/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပရိုတင်း shake ဘယ်နှစ်မျိုးရှိလဲ။ ဘယ်လိုအာနိသင်တွေရှိလဲ။

Whey ပရိုတင်း ဆိုတာ ဘာလဲ။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။



Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement