backup og meta

Whey ပရိုတင်း ဆိုတာ ဘာလဲ။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Whey ပရိုတင်း ဆိုတာ ဘာလဲ။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။

    လူတိုင်းနီးပါး ကြိုက်လို့ သောက်နေသော နို့၊ ကျန်းမာရေးအတွက်၊ အသားအရေအတွက်၊ အရိုးသန်စွမ်းရေးအတွက် ကလေး၊ လူကြီး၊ လူငယ်မရွေး သောက်နေကြတဲ့ နို့မှာ casein နဲ့ whey လို့ ခေါ်တဲ့ ပရိုတင်း (၂)မျိုးပါတယ်။ မသောက်ဖူးတဲ့သူ မရှိတဲ့ နို့ရဲ့ ကောင်းကြောင်းတွေကို အားလုံးသိပြီးကြသော်လည်း ခုနောက်ပိုင်းခေတ်စားလာတဲ့ လူပြောများလာတဲ့ နို့ထဲပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Whey ပရိုတင်း ဆိုတာ ဘာများပါလဲ။ သောက်လိုက်ရင်ရော ကျန်းမာရေးအတွက် ဘာတွေကောင်းစေလဲ ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။

    Whey ပရိုတင်းဆိုတာ ဘာလဲ။

    Whey ပရိုတင်း ဆိုတာ ခုနောက်ပိုင်း လူပြောများလာတဲ့၊ လူတွေ အသုံးများလာတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ “ပရိုတင်း” အသားဓာတ်ဆိုတဲ့ အတိုင်း Whey ပရိုတင်း ဆိုတာ ကိုယ်ခန္ဓာလှပကျစ်လစ်အောင် တည်ဆောက်နေတဲ့သူတွေမှာ ကြွက်သားတက်အောင် သောက်နေကြတဲ့ ဖြည့်စွက်စာ တစ်မျိုး ဖြစ်ပါတယ်။ Whey proteinက တခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း ရှိတာကြောင့် အခုနောက်ပိုင်းမှာတော့ သာမန်လူတွေလည်း သောက်လာကြပါပြီ။ ဘာတွေအတွက် ကောင်းလဲဆိုတာကို ကြည့်လိုက်ရအောင်။

    Whey ပရိုတင်း ဘယ်လိုကောင်းကျိုးတွေရှိလဲ။

    • အဆီတွေကိုကျစေပြီး ကြွက်သားတက်စေတယ်။

    လေ့လာချက်တွေအရ Whey ပရိုတင်း မှာပါတဲ့ ပရိုတင်းဓာတ်က အစာစားချင်စိတ်ကိုလျော့ကျစေပြီး ကြွက်သားတည်ဆောက်တဲ့ နေရာမှာ ကူညီပေးပါတယ်တဲ့။ ဒီတော့ မလိုအပ်တဲ့အဆီတွေကို လျော့ကျစေပြီး ကြွက်သားထုထည်ကို တိုးတက်စေပါတယ်။ Gym ဆော့ကြတဲ့လူငယ်တွေအကြိုက်ဖြစ်သလို အခုနောက်ပိုင်းရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ အသက်ကြီးလာတဲ့သူတွေမှာ ဖြစ်တဲ့ ကြွက်သားတွေဆုံးရှုံးမှုကိုလည်း အကာအကွယ်ပေးနိုင်တာကြောင့် Whey ပရိုတင်းကို အသက်ကြီးလာတဲ့အခါမှာ လျော့တွဲမှုတွေမဖြစ်လာအောင် ဖြည့်စွက်စာအနေနဲ့ အသုံးပြုနိုင်ပါတယ်။

    အစာစားချင်စိတ်ကိုလျှော့ချပေးတဲ့ အစွမ်းအာနိသင်က ကိုယ်အလေးချိန်ထိန်းတာနဲ့ အစားအသောက်ကြောင့် သွေးတွင်းဆီးချိုပမာဏ မြင့်တက်မလာအောင်ပြုလုပ်တဲ့နေရာတွေမှာ အကူအညီပေးပါတယ်။

    • ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတယ်။

    အခုနောက်ပိုင်းမှာ Whey protein ကို ဆီးချိုအတွက် ဖြည့်စွက်စာအဖြစ်လည်း အသုံးပြုလာကြပါတယ်။ အစာစားချင်စိတ်ကို လျော့ကျစေတာက ဗိုက်မြန်မြန်ပြည့်စေတဲ့အတွက် ဆီးချိုထိန်းတာမှာ အထောက်အကူပြုစေတယ်။ ကြွယ်ဝစွာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတ်တိုးပျက်စီးတာကို သက်သာစေလို့ အင်ဆူလင်မတိုးတာကို လျော့ကျစေပါတယ်။ ဒါ့ပြင် အင်ဆူလင်ထွက်ရှိမှုကို လှုံ့ဆော်ပေးလို့ သွေးတွင်းထဲမှာရှိတဲ့ သကြားဓာတ်တွေကို ကြွက်သားထဲကို ရောက်အောင်ပို့ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတယ်။

    • သွေးတွင်း အဆီဓာတ်ကို လျှော့ချပေးတယ်။

    ဗြိတိန် အာဟာရ အဖွဲ့အစည်းရဲ့ လေ့လာချက်တစ်ခုမှာ အဝလွန်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၇၀ကို နှစ်အုပ်စုခွဲပြီး casein ပရိုတင်းကို တစ်အုပ်စု၊ Whey ပရိုတင်း ကို တစ်အုပ်စု ၁၂ပတ်တိုက်ပါတယ်။ ပြီးတော့ သွေးတွင်း အဆီဓာတ်ကို ပြန်တိုင်းတဲ့ အခါ Whey ပရိုတင်း သောက်တဲ့ အုပ်စုရဲ့ သွေးတွင်း အဆီဓာတ်က သိသိသာသာလျော့သွားတယ်လို့ ဆိုပါတယ်။

    Whey ပရိုတင်း က ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ အဆီ တွေ ဖြစ်တဲ့ total cholesterol ရော LDL cholesterol ကိုရော နှစ်မျိုးလုံးကို သိသိသာသာ လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဒါက ဆီးချိုထိန်းတာနဲ့ သွေးတိုးထိန်းတာတွေအတွက် အရမ်းပဲ အထောက်အကူပြုပါတယ်။

  • ပန်းနာရင်ကျပ် ကလေးတွေမှာ ကိုယ်ခံအားကို မြင့်တက်စေတယ်။
  • ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေမှာ Whey ပရိုတင်း သောက်လိုက်ရင် ကိုယ်ခံအား တက်ပြီး ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရင်ကျပ်ခြင်းကို သက်သာစေပါတယ်။ လေ့လာချက်တစ်ခုမှာ ပန်းနာရင်ကျပ်ရှိတဲ့ ကလေး၁၁ယောက်ကို Whey ပရိုတင်း ၁၀ ဂရမ်၊ တစ်နေ့နှစ်ကြိမ်နဲ့ ၁ လ လောက်တိုက်လိုက်တဲ့အခါ ကိုယ်တွင်း ခုခံအားစနစ် မြင့်တက်လာတာကို တွေ့ ရပါတယ်။

    သွေးတိုးရောဂါဟာ နာမည်ကြီးရောဂါဖြစ်လို့ သူ့အတွက် သောက်လို့ရတဲ့ ဖြည့်စွက်စာတွေကလည်း အများကြီးပါ။ အဲ့အထဲမှာ Whey ပရိုတင်း လည်းပါပါတယ်။ လေ့လာာချက်တစ်ခုမှာ Whey ပရိုတင်းကို သွေးတိုးသမားတွေက ဖြည့်စွက်စာအနေနဲ့ သောက်တဲ့အခါ တက်နေတဲ့ သွေးပေါင်ချိန်ကို သိသိသာသာကျစေပါတယ်။

    ဒါကြောင့် နောက်ဆက်တွဲ နှလုံးရောဂါ ဖြစ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Whey ပရိုတင်းက ဆီးချိုရော သွေးတိုးကိုပါ ထိန်းပြီးသားဖြစ်စေပါတယ်။

    • HIV ရောဂါသမားတွေ အတွက်လည်း Whey ပရိုတင်း က ကောင်းကျိုးပြုပါသေးတယ်။

    HIV  ရောဂါကြောင့် ကိုယ်ခံအားကျဆင်းလာတဲ့အခါ လူက တဖြည်းဖြည်းပိန်လာတတ်ပါတယ်။ ဒီလိုပဲ ပိန်လွန်းတဲ့အခါမှာလည်း ရောဂါဒဏ်ကို ပိုခံရတတ်ပါတယ်။ လေ့လာချက်တစ်ခုမှာ Whey ပရိုတင်းက HIV လူနာတွေမှာ ကိုယ်အလေးချိန်ကျမသွားအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

    • ကင်ဆာရောဂါကို ဖြစ်နိုင်မှုတွေကို လျှော့ချပေးတယ်။

    Whey ပရိုတင်း မှာပါတဲ့ amino acid တွေက ကိုယ်တွင်းရှိ မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်ပေးလို့ ကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆက်ပြီးလေ့လာဖို့တော့ လိုပါသေးတယ်။

    ဒါတွေကတော့ ခေတ်စားလူကြိုက်များလာတဲ့ Whey ပရိုတင်း ရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ အားကစားလုပ်တဲ့သူတွေအပြင် အသက်ကြီးသူတွေမှာ ဆီးချိုထိန်းတာနဲ့ ကြွက်သားဆုံးရှုံးမှုမရှိအောင် အသုံးပြုကြပါတယ်။ ဆီးချိုလည်းထိန်း၊ ဝိတ်လည်းကျ၊ ဗိုက်လည်းမြန်မြန်ပြည့်တော့ ဆီးချိုသမားတွေနဲ့ အသက်ကြီးသူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

    ရေးသားသူ− Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement