backup og meta

ထိခိုက်ဒဏ်ရာရတဲ့အခါ သတိထားရမယ့် မေးခိုင်ရောဂါပိုး အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိခိုက်ဒဏ်ရာရတဲ့အခါ သတိထားရမယ့် မေးခိုင်ရောဂါပိုး အန္တရာယ်

    အနာဖြစ်ရင် သေသေချာချာဂရုစိုက်ဖို့ လိုပါတယ်။ အရမ်းမပြင်းထန်ရင် ဆေးလိမ်းတာလောက်နဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဒဏ်ရာက နက်တဲ့အခါ ညစ်ပေတဲ့အရာတွေနဲ့ ထိခိုက်မိတဲ့အခါမျိုးမှာတော့ ဆေးလိမ်းရုံလောက်နဲ့ မသက်သာတော့ပါဘူး။ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်လာပါလိမ့်မယ်။ မေးခိုင်ရောဂါပိုး က ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဆိုတာကို သင်သိပါရဲ့လား။ ဒီတစ်ခေါက်ဆော့ ထိခိုက်ဒဏ်ရာရတဲ့အခါ သတိထားရမယ့် မေးခိုင်ရောဂါပိုး အန္တရာယ် အကြောင်းလေး ပြောပြပါရစေ။

    မေးခိုင်ပိုးဆိုတာ

    မေးခိုင်ပိုးဆိုတာက Clostridium tetani ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့ အဆိပ်တစ်မျိုးကြောင့် ဖြစ်လာရတာပါ။ မေးခိုင်ရောဂါက ပြင်းထန်တဲ့ဘက်တီးရီးယား ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားအဆိပ်က အာရုံကြောစနစ်ကို ထိခိုက်စေပြီး ကြွက်သားတွေနာကျင်တာ၊ မေးရိုးနဲ့ လည်ပင်းတလျှောက်က ကြွက်သားတွေ တောင့်တင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

    ဒီရောဂါပိုးက အပူဒဏ်နဲ့ ဓာတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိပြီး တိုက်ဖျက်ဖို့ခက်တဲ့ အဆိပ်တွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။ မေးခိုင်ပိုးကြောင့် အသက်ရှူရ ခက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

    မေးခိုင်ပိုးက မြေကြီးတွေ၊ ဖုန်မှုန့်တွေ၊ တိရစ္ဆာန်နဲ့ လူတွေရဲ့ အညစ်အကြေးတွေထဲမှာ ရှိနေနိုင်ပါတယ်။ ဒဏ်ရာက အရမ်းနက်တာ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်တာနဲ့ အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာ မေးခိုင်ပိုးတွေ ပေါက်ဖွားနေနိုင်ပါတယ်။ မေးခိုင်ပိုးက လူတစ်ယောက်ကနေ တစ်ယောက်ကိုတော့ မကူးစက်တတ်ပါဘူး။

    မေးခိုင်ရောဂါပိုး က ဘယ်လောက်အထိပြင်းထန်လဲ

    မေးခိုင်ပိုးက သေဆုံးမှုအမြင့်ဆုံးဖြစ်စေတဲ့ ရောဂါပိုးတစ်မျိုးပါ။ မေးခိုင်ပိုးဝင်လာခဲ့ရင် ကုသရတာ ခက်ခဲသလို လူနာသေနှုန်းလည်း မြင့်ပါတယ်။

    မေးခိုင်ပိုးဝင်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

    အနာကနေတဆင့် ခန္ဓာကိုယ်ထဲ မေးခိုင်ပိုးဝင်သွားပြီးတဲ့နောက် ရက်အနည်းငယ်အကြာ ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အကြာမှာ ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ ရောဂါလက္ခဏာပေါ်ဖို့က ၇ ရက်ကနေ ၁၀ ရက်အထိ ကြာမြင့်နိုင်ပါတယ်။

    ရောဂါလက္ခဏာတွေအနေနဲ့ကတော့ –

    • မေးရိုးကြွက်သားတွေ တောင့်တင်းတာ၊ အကြောဆွဲတာမျိုး
    • မေးရိုးလှုပ်ရှားလို့ မရတော့တာမျိုး
    • မျိုချရခက်တာ
    • ဝမ်းဗိုက်ကြွက်သားတွေ တောင့်တင်းတာ
    • ခန္ဓာကိုယ် ကြွက်သားတွေတောင့်တင်းနာကျင်တာ
    • ဖျားနာတာ
    • ချွေးထွက်တာ
    • သွေးတိုးတာ
    • နှလုံးခုန်မြန်တာ

    မေးခိုင်ပိုးဝင်ရတဲ့ အကြောင်းအရင်းတွေ

    မေးခိုင်ပိုးကို မြေမှုန်တွေ၊ ဖုန်မှုန့်တွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေထဲမှာ တွေ့ရနိုင်ပါတယ်။ ရောဂါပိုးတွေက အနာပေါက်ကနေတဆင့် အတွင်းပိုင်းထဲကိုရောက်သွားပြီး ကြွက်သားတွေကို ထိန်းချုပ်တဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ အင်အားပြင်း အဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။ အဆိုပါအဆိပ်က ကြွက်သားတွေကို တောင့်တင်းသွားစေပါတယ်။

    မေးခိုင်ပိုး ဝင်ရောက်နိုင်တဲ့ အခြေအနေတွေ

    အခုဖော်ပြပေးမယ့် အခြေအနေတွေက မေးခိုင်ပိုးဝင်ရောက်ကူးစက်ခံရစေနိုင်တဲ့ အခြေအနေတွေပါ။ ဆင်ခြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

  • အနာပေါက်ဖြစ်တဲ့ ဒဏ်ရာ
  • အနာထဲမှာ မသန့်ရှင်းတဲ့အရာတစ်ခုခု ကပ်ညှိနေတာ
  • သံချေးတက်နေတဲ့ သံနဲ့စူးမိတာ
  • သေနတ်ဒဏ်ရာ
  • အပူလောင်နာ
  • ခွဲစိတ်ကုသမှုခံယူထားတဲ့ ဒဏ်ရာ
  • တိရစ္ဆာန်ကိုက်တာ
  • လူကိုက်တာ
  • ပိုးဝင်ကူးစက်တာကြောင့် ရင်းနေတဲ့ ဒဏ်ရာ
  • ခံတွင်းထဲမှာဖြစ်တဲ့ အနာ
  • သေချာ ဖုံးအုပ်ထားခြင်းမရှိတဲ့ ခြေထောက်မှာဖြစ်တဲ့ဒဏ်ရာတွေကနေဆင့် ခန္ဓာကိုယ်ထဲကို မေးခိုင်ပိုး အလွယ်တကူဝင်ရောက်နိုင်ပါတယ်။
  • အပေါ်ယံအရေပြားလွှာထိခိုက်သွားတဲ့ ဒဏ်ရာတွေကို ပလာစတာကပ်တာ၊ ပတ်တီးစည်းထားတာမျိုး လုပ်သင့်ပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့ မေးခိုင်ပိုးဝင်တာမျိုးကို ကာကွယ်နိုင်မှာပါ။

    မေးခိုင်ပိုးဝင်ရင် နောက်ဆက်တွဲဘာရောဂါတွေ ဖြစ်နိုင်မလဲ

    မေးခိုင်ပိုးက အာရုံကြောထိရောက်ရှိသွားတဲ့အခါ ကြွက်သားတွေ လှုပ်ရှားလို့မရတာမျိုး ဖြစ်သွားနိုင်ပါတယ်။မေးခိုင်ပိုးဝင်သွားတဲ့အခါ နောက်ဆက်တွဲရောဂါတွေအနေနဲ့ –

    • အရိုးကျိုးတာ– မေးခိုင်ပိုးကနေဖြစ်လာတဲ့ပြင်းထန်တဲ့ အဆိပ်ကြောင့် ကြွက်သားတွေ တောင့်တင်းတဲ့အခါ အရိုးကျိုးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
    • အဆုတ်သွေးကြောမှာ ပိတ်တာ– မေးခိုင်ပိုးကြောင့် သွေးကြောအတွင်းမှာ သွေးခဲလာပြီး အဆုတ်ကိုထောက်ပံ့နေတဲ့ ပင်မသွေးကြောနဲ့ အခြားသွေးကြောလေးတွေမှာ သွားရောက် ပိတ်ဆို့တာမျိုး ဖြစ်နိုင်ပါတယ်။
    • ကြွက်သားတွေတောင့်တင်းလာပြီး အသက်ရှူရခက်လာမယ်–မေးခိုင်ပိုးကြောင့် အသက်ရှူလမ်းကြောင်းက ကြွက်သားတွေ တောင့်တင်းသွားတဲ့အခါ အသက်ရှူရခက်တာကိုဖြစ်စေနိုင်သလို အရမ်းပြင်းထန်ရင် အသက်ရှူရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ အောက်ဆီဂျင်မရတော့တဲ့အခါ နှလုံးရပ်သွားတာ၊ အသက်သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

    မေးခိုင်ရောဂါပိုး အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ။

    မေးခိုင်ပိုးက အသက်အန္တရာယ်ထိခိုက်စေပေမယ့် ကံကောင်းတာက ကာကွယ်လို့ ရနေတာပါပဲ။ မေးခိုင်ရောဂါပိုးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရပါတယ်။ ကလေးတွေမှာဆိုရင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ဆိုပြီး သုံးမျိူးစပ်ကာကွယ်ဆေးအနေနဲ့ ၂လ၊ ၄လ၊ ၆လ။ ၁နှစ်ခွဲနဲ့ ၄-၆နှစ်ကြားမှာ ၅ကြိမ်ပြည့်အောင် ထိုးထားပေးပါ။ ပြီးရင်တော့ လိုအပ်သလို ထပ်ဆောင်းကာကွယ်ဆေး ထိုးရပါမယ်။

    ကိုယ်ဝန်ဆောင်တွေကိုလည်း ကိုယ်ဝန်အပ်တဲ့အခါ မထိုးမနေရ ထိုးပေးပါတယ်။ မကြာခဏ ထိခိုက်ရှနာ ဖြစ်နိုင်ခြေ ရှိသူတွေကလည်း ထိုးထားသင့်ပါတယ်။

    မတော်တဆ ထိခိုက်ဒဏ်ရာရလာခဲ့တယ်ဆိုရင်လည်း မေးခိုင်ကာကွယ်ဆေးနဲ့ ဖြေဆေးကို အချိန်မီ ထိုးထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement