backup og meta

အသားတွေယားတာက သတိပေးလက္ခဏာဖြစ်နေနိုင်ပါတယ်

အသားတွေ ယားတယ်။ မသန့်တာ တစ်ခုခုနဲ့ ထိမိပြီ ထင်တယ်။ တစ်ချိန်လုံး ကုတ်နေရတယ်။ မတည့်တာများ စားမိလို့ လားလို့ တွေးနေတာလား။ အသားယားတာက လူတိုင်း ကြုံရနိုင်တဲ့ ပြဿနာ တစ်ခုပါ။ ရာသီဥတု အေးမြခြောက်သွေ့မှုကြောင့် အသားယား နိုင်သလို ပိုးကောင် တစ်ကောင်ကောင် ကိုက်ခံရတာကြောင့်လည်း အသားယား နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အသားတွေယားတာက သာမန် ခပ်ပေါ့ပေါ့ တွေးလို့မရတဲ့ အခြေအနေ တစ်ခုပါ။ ရာသီဥတုကြောင့်လည်း မဟုတ်ဘဲ အသားတွေက ယားနေတာ ဖြစ်မယ်ဆိုရင်တော့ ဒီအချက်တွေကြောင့် ဖြစ်နေနိုင်ပါတယ်။ သတိပြုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အသားတွေယားတာက သတိပေးလက္ခဏာဖြစ်နေနိုင်ပါတယ်

အသားတွေယားတာက ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာတွေလေလား

အသားတွေယားတာက ဒီပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါ ခံစားရတဲ့အခါ အရေပြား ယားယံတာကို ကြုံရနိုင်ပါတယ်။ ကျောက်ကပ်က သွေးတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ဖယ်ရှားပေးရတာပါ။ တကယ်လို့ ကျောက်ကပ်က အလုပ် ကောင်းကောင်း မလုပ်နိုင်တော့တဲ့အခါ သွေးတွင်းမှာ အညစ်အကြေးတွေ စုပုံလာပြီး အသားယားယံတာမျိုး ခံစားရနိုင်ပါတယ်။

အသည်းရောဂါ

အသည်းက စားသုံးလိုက်တဲ့ အစားအစာတွေမှာ ပါတဲ့ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ အယ်လ်ကိုဟောတို့မှာ ပါဝင်နေတဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ အရာတွေကို စစ်ထုတ် ဖယ်ရှားပေးတာပါ။ အသည်းက သည်းခြေရည်ကို ထုတ်ပေးပြီး အစာခြေစနစ် ကောင်းကောင်း လည်ပတ်စေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။ အသည်းက ကောင်းကောင်း အလုပ် မလုပ်နိုင်တဲ့အခါ  သည်းခြေရည်တွေက စုပုံလာပြီး အရေပြားမှာ  ယားယံမှုတွေ ဖြစ်ပေါ်စေပါတယ်။

သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းကောင်းလည်ပတ်နိုင်စေဖို့ အဓိကအခန်းကနေ ပါဝင်လုပ်ဆာင်ပေးနေတာပါ။ တကယ်လို့ သိုင်းရွိုက်ဂလင်းက ဟော်မုန်းတွေကို အလွန်အကျွံထုတ်လုပ်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ လုံလောက်အောင် မထုတ်တဲ့အခါမျိုးမှာဖြစ်ဖြစ် ခန္ဓာ ကိုယ်ရဲ့ လုပ်ငန်းစဉ်တွေက ကမောက်ကမဖြစ်ပြီး အရေပြားယားယံမှုတွေဖြစ်စေနိုင်ပါတယ်။

ဓာတ်မတည့်ဝေဒနာ

ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတွေကို ထိတွေ့မိတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဟီစတာမင်ဓာတ်ပစ္စည်းတွေကို ထုတ်လွှတ်တုံ့ပြန်ပါတယ်။ ဒီလိုတုံ့ပြန်မှုဖြစ်စဉ်အတွင်း အရေပြားမှာ ရောင်ရမ်းတာ၊ အဖုအပိမ့်ဖြစ်တာနဲ့ ယားယံတာမျိုးတွေခံစားရနိုင်ပါတယ်။

သွေးဆုံးအကြိုလက္ခဏာ

သွေးဆုံးခါနီးတဲ့အခါ ခန္ဓာကိုယ်က အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသွားပါတယ်။ ဒီကာလမှာ အသားအရေပြောင်းလဲတာမျိုး ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်က အက်စထရိုဂျင်ထုတ်လုပ်မှု ကျဆင်းသွားတာကြောင့် အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုအပေါ်မှာမှီခိုနေရတဲ့ကော်လာဂျင်ထုတ်လုပ်မှုကလည်း ကမောက်မကဖြစ်သွားရပါတယ်။ ဒါကြောင့် အရေပြားမှာ ယားယံတာလိုမျိုး ပြဿနာခံစားရနိုင်ပါတယ်။

ရင်သားကင်ဆာ

ရင်သားကင်ဆာခံစားရတဲ့အခါ ကင်ဆာဆဲလ်တွေက အရေပြားမှာရှိတဲ့ ပြန်ရည်ကြောတွေကို ပိတ်ဆို့လိုက်ကြပါတယ်။ ဒီလိုအခြေအနေက အရေပြားမှာရောင်ရမ်း၊ နီမြန်းတာနဲ့ အရေပြားယားယံတာမျိုးကိုဖြစ်စေနိုင်ပါတယ်။

ဒီအချက်တွေအပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေ ထိခိုက်ပျက်စီးတာ၊လေဖြတ်တာ၊ ဦးနှောက်အကျိတ်တည်တာလိုမျိုးရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေအနေနဲ့ အသားတွေယားနိုင်ပါသေးတယ်။

စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဖြစ်တဲ့ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်လွန်ကဲတာတို့ကြောင့်လည်း အသားတွေယားယံတာမျိုး ခံစားရနိုင်ပါတယ်။ တစ်ခါတရံမှာ အသားယားယံတာက သောက်သုံးနေရတဲ့ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ သံဓာတ်နည်းနေတာကြောင့်လည်း အရေပြားတွေယားယံနိုင်ပါသေးတယ်နော်။

ရာသီဥတုအခြေအနေကြောင့်လည်းမဟုတ်၊ ဓာတ်မတည့်တာ၊ မှိုပိုးနဲ့ အခြားသောမြင်သာတဲ့ အကြောင်းအရာတစ်ခုခုမရှိပါဘဲ အသားတွေယားယံနေမယ်၊ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ တတ်သိနားလည်တဲ့သူနဲ့ အမြန်ဆုံးပြသပြီး ဆေးစစ်မှုခံယူဖို့ပြောပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

12 Conditions Your Itchy Skin May Be Trying to Alert You Tohttps://www.healthiguide.com/health/12-conditions-your-itchy-skin-may-be-trying-to-alert-you-to/?view-all Accessed Date 29 January 2019

Why Do I Feel So Itchy?https://www.webmd.com/skin-problems-and-treatments/guide/why-so-itchy#2 Accessed Date 29 January 2019

ယခုပုံစံ

07/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်နိုင်စေမယ့် အလေ့အထ ၆ ခု

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/12/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ