backup og meta

အသည်းရောဂါရှိနေပြီဆိုရင် ဘယ်လိုဆင်ခြင်နေထိုင်သင့်လဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောဂါရှိနေပြီဆိုရင် ဘယ်လိုဆင်ခြင်နေထိုင်သင့်လဲ

    အသည်းဆိုတာ စားလိုက်သမျှ အစားအသောက်တွေကို ခန္ဓါကိုယ်အတွက်မရှိမဖြစ်တဲ့အာဟာရဓါတ်တွေအဖြစ် အသွင်ပြောင်းလဲပေးတဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါ။ သူ့ရဲ့လုပ်ဆောင်ချက်တွေက –

    • အဆိပ်အတောက်ဓါတ်တွေလိုမျိုးခန္ဓါကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်
    • အစာတွေချေဖျက်ဖို့ သည်းခြေရည်ထုတ်ပေးတယ်
    • ခန္ဓါကိုယ်မှာ ခွန်အားအဖြစ်အသုံးပြုနိုင်ဖို့ သကြားဓါတ်ကို သိုလှောင်ပေးတယ်
    • ပရိုတင်းတွေ ထုတ်လုပ်ပေးတယ်

    ဒါပေမယ့် အသည်းမှာ ကိုယ်မသိလိုက်ဘဲရောဂါဖြစ်နေတတ်ပြီး အချိန်ကြာလေ ပိုထိခိုက်လေဖြစ်လာနိုင်ပါတယ်။ ဘယ်အချက်တွေကြောင့်လဲဆိုတော့သောက်သုံးတဲ့ဆေးတွေ၊အရက်သောက်ခြင်း၊ အဆိပ်အတောက်တွေ၊ မူးယစ်ဆေး၊ အဝလွန်ခြင်း၊ အသည်းရောင်ေရာဂါ ဗိုင်းရပ်စ်တွေ၊ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ မျိုးဗီဇပြဿနာတို့ကြောင့်ဖြစ်လာတတ်ပါတယ်။

    အသည်းရောဂါရှိလာရင်

    အသည်းရောဂါဆိုတာ အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းခြောက် စတဲ့ ပြင်းထန်မှုအဆင့်၊ နောက်ဆက်တွဲပြဿနာအမျိုးမျိုးနဲ့ အမျိုးအစားတွေရှိပါတယ်။ အဲဒီထဲက ဘယ်အသည်းရောဂါဖြစ်လာလာ အမြန်ဆုံးပုံမှန်ပြန်ဖြစ်အောင်၊ တတ်နိုင်သလောက် အသည်းကျန်းမာရေးပြန်ကောင်းလာအောင်၊ ရောဂါပိုမဆိုးလာအောင် ကြိုးစားနေထိုင်ဖို့ပဲ အဓိကထားရမှာပါ။ ဒါဆို ဘာတွေဂရုစိုက်ရမလဲ အကြံပြုချက်တွေ ဆက်ကြည့်ရအောင်။

    • အသည်းအထူးကုဆရာဝန်နဲ့ ပုံမှန်ပြပြီး ကုသမှုခံယူပါ။ ညွှန်ကြားချက်တွေကို လိုက်နာပြီး အသည်းကျန်းမာရေးကိုစောင့်ကြည့်ဂရုစိုက်ပါ။
    • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လှုပ်ရှားမှုနည်းလို့ ကိုယ်အလေးချိန်များနေရင်းက အသည်းအဆီဖုံးခြင်းကိုဖြစ်လာစေနိုင်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကိုယ်ခံအားကိုလည်းပိုကောင်းစေနိုင်ပြီးပြင်ပကရောဂါပိုးတွေကိုကာကွယ်တားဆီးနိုင်ပြီး အသည်းကိုကာကွယ်နိုင်ပါတယ်။
    • အသည်းကို ရောဂါပိုးတွေထပ်မကူးစက်စေဖို့ အသည်းရောင်အေ နဲ့ ဘီရောဂါပိုးကာကွယ်ဆေးတွေထိုးထားပါ။
    • အရက်သောက်ခြင်းနဲ့ဆေးလိပ်သောက်ခြင်း နှစ်မျိုးစလုံးက နဂိုတည်းကမကျန်းမာတဲ့ အသည်းကိုထိခိုက်စေနိုင်လို့ရှောင်ပါ။
    • ကိုယ့်မှာ အသည်းရောဂါရှိနေတယ်ဆိုတော့ဆေးတွေကို အလွယ်မသောက်ဖို့ ပိုသတိထားရပါမယ်။ ဥပမာacetaminophen လို အကိုက်အခဲပျောက်ဆေးကိုသောက်သုံးတာများရင် အသည်းကိုပိုအထိနာစေနိုင်တဲ့ဆိုးကျိုးရှိပါတယ်။
    • အိမ်သုတ်ဆေး၊ကော်၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ လက်သည်းဖျက်ဆေး သို့မဟုတ် တခြားအဆိပ်အတောက်ဓါတုပစ္စည်းတွေရဲ့အငွေ့တွေ၊ အနံ့ပြင်း တွေကို မရှူရှိုက်မိအောင် ဂရုစိုက်ပါ။ ဒါတွေကို ရှူမိရင် အသည်းကိုထိခိုက်စေနိုင်ပါတယ်။
    • အသီးအရွက်တွေကို များများစား၊ အသီးအနှံေတွ၊ ဂျုံပြောင်းနှံတွေ၊ ငါးနဲ့ အဆီမပါအသားတွေနဲ့ ညီညွတ်မျှတအောင် စားပေးပါ။ အထူးသဖြင့် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ပန်းဂေါ်ဖီစိမ်း စတဲ့ဂေါ်ဖီထုပ်နွယ်ဝင်တွေက အသည်းကို ဓါတုပစ္စည်းတွေအန္တရာယ်က ကာကွယ်ပေးနိုင်ပါတယ်။
    • အခွံမာငါးတွေ(ကမာ၊ ခရု၊ ဂုံးတို့လို ပင်လယ်စာတွေ)ကို အစိမ်းစားတာ၊ မကျက်တကျက်စားတာကVibrio vulnificus လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးပါလာနိုင်ပါတယ်။ အဲဒီဘက်တီးရီးယားက အသည်းအတွက် အရမ်းကို အဆိပ်အတောက်ြဖစ်စေပြီး ထိခိုက်မှုပြင်းထန်စေနိုင်ပါတယ်။
    • အဆီများတဲ့ အစားအစာတွေကို အကန့်အသတ်နဲ့စားပါ။ ဆီကြော်တွေနဲ့ပြုပြင်စီမံထားတဲ့အစားအစာတွေကို သိပ်မစားပါနဲ့။
    • အချိုနဲ့အငန်များတာတွေလည်း သိပ်များများမစားသင့်ပါဘူး။ အငန်များတဲ့အစားအစာတွေနဲ့ ပရိုတင်းအများကြီးစားသုံးခြင်းက ခန္ဓါကိုယ်မှာ အရည်ဓါတ်စုစေနိုင်ပြီးသွေးလည်ပတ်မှုအတွင်း အဆိပ်အတောက်တွေပိုများစေနိုင်ပါတယ်။
    • သန့်စင်တဲ့ရေ ကိုလုံလောက်အောင်သောက်ပါ။ရေဓါတ်မခန်းခြောက်ပါစေနဲ့။
    • အစေ့အဆန်တွေ၊ပြောင်းဖူး၊မြေပဲ စတာတွေမှာ မှိုတက်နေတာ မစားမိဖို့ အမြဲစစ်ဆေးပါ။ အစားအသောက်မှာပါတဲ့ မှိုဟာ သိသိသာသာမမြင်ရရင်တောင်မှ အသည်းကင်ဆာအထိဖြစ်စေနိုင်တဲ့အထိ အဆိပ်ဖြစ်စေတဲ့အန္တရာယ်ကြီးမားပါတယ်။ စားစရာတွေကို စွတ်စိုထိုင်းမှိုင်းတဲ့ပတ်ဝန်းကျင်မှာ ထားရှိတဲ့အခါ ဒါမှမဟုတ် အဖုံးမလုံတာမျိုး ဆိုရင် မှိုတက်တတ်လို့ သတိထားပါ။
    • စိတ်ဖိစီးမှုတွေကိုလျှော့ပါ၊ လုံလောက်စွာအနားယူပါ။ အနားယူချိန်မလုံလောက်လို့ ကိုယ်ခံအားနည်းလာတဲ့အခါ ဘယ်ရောဂါပိုးမဆို ထပ်ဝင်ဖို့လွယ်ကူလာနိုင်ပါတယ်။

    ဒါ့ကြောင့် ကိုယ်စားလိုက်သမျှ၊သောက်လိုက်သမျှ၊ ရှူသွင်းလိုက်သမျှ၊ အရေပြားကစုပ်ယူလိုက်သမျှဟာနောက်ဆုံးကျရင် အသည်းကနေ စစ်ထုတ်လုပ်ဆောင်ပေးရတာချည်းပဲ ဆိုတာလေး သတိရှိပါ။ ဒါတွေအကုန်လုံးက အသည်းနဲ့ထိတွေ့မှာပဲဆိုတော့ အရာရာကို ဂရုစိုက်ဆင်ခြင်သွားရင် အသည်းရောဂါရှိနေလည်း ကျန်းမာပျော်ရွှင်စွာ သက်တမ်းစေ့နေထိုင်သွားနိုင်ပါလိမ့်မယ်နော်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement