အပူရှပ်ခြင်း
အပူရှပ်တယ်ဆိုတာက ခန္ဓါကိုယ် အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်တဲ့အခါမျိုးမှာတွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓါကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။နွေရာသီရဲ့လတွေအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။
အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယ်ဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။
အပူရှပ်တဲ့အခါ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရနိုင်လဲ
အပူရှပ်တဲ့အခါ –
- ခန္ဓါကိုယ်အပူချိန်က ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်
- နှလုံးခုန်မြန်နေမယ်
- ချွေးမထွက်ဘဲဖြစ်နေမယ်
- စိတ်ရှုပ်ထွေးနေမယ်
- သတိလစ်မယ်
- တက်မယ်
- အရေပြားတွေ ပူနေမယ်၊ခြောက်သွေ့နေမယ်၊ နီမြန်းနေမယ်။
အပူရှပ်တာအတွက်ရှေးဦးသူနာပြုစုခြင်း
အပူရှပ်တာက အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်မှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက် အပူရှပ်တဲ့အခါ ဒီနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ဖို့ပြောပါရစေ။
- အပူရှပ်တဲ့သူကိုနေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် အရိပ်အောက်တစ်ခုခုကိုရွှေ့ပါ။
- အဲယားကွန်းဖွင့်ထားတဲ့ အခန်း၊ ဒါမှမဟုတ်အေးမြတဲ့နေရာတစ်ခုခုကိုရွှေ့ပေးပါ။
- သက်တောင့်သက်သာအနေအထားမျိုးမှာ လှဲလျောင်းနေနိုင်အောင်လုပ်ဆောင်ပေးပါ။
- ခြေထောက်ကိုနည်းနည်းလေးမြှင့်ထားပေးပါ။
- ရေဖြန်းပေးပါ။ရေခဲဝတ်ကပ်ပေးလို့လည်းရပါတယ်။ ချိုင်းကြား၊ လည်ပင်းနဲ့ပေါင်ကြားနေရာတွေကိုရေအေးဝတ်၊ရေခဲအိတ်တို့ကပ်ပေးပါ။
- ရေတိုက်ပါ။ အုန်းရည်လိုမျိုးရေဓါတ်ဖြည့်ပေးတဲ့အရည်တွေတိုက်ပေးလို့လည်းရပါတယ်။ အန်နေမယ်ဆိုရင်တော့ ဆက်မတိုက်ပါနဲ့။
- ဒီလိုလုပ်ပေးပြီး မိနစ် ၃၀ အတွင်းမှာ အပူချိန်က ကျသွားမှာပါ။ တကယ်လို့ အပူချိန်ကမကျဘဲဖြစ်နေမယ်၊ လူနာက သတိလစ်တာ၊ တက်တာမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ဆေးဘက်ဆိုင်ရာ အကူအညီကို အမြန်ဆုံးခေါ်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]