နှာခေါင်း ကနေ အနံ့တွေ ဘယ်လိုရတာလဲ။
အနံ့ရနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။
-နှာခေါင်းကနေရှူပြီးရတဲ့ အနံ့ရယ်
-ပါးစပ်ထဲကနေ ဆန်တက်လာတဲ့ အနံ့ရယ်ဆိုပြီးတော့ ရှိပါတယ်။ ( ပါးစပ်ကနေ တစ်ခုခုကို ဝါးလိုက်ရင် အရသာတင် ရတာမဟုတ်ပါဘူး။ အနံ့လည်း ရပါတယ်။ ဒါကြောင့် အနံ့အရသာနဲ့ ပြည့်စုံတယ်လို့ ပြောကြတာပါ။ ဒါ့ပြင် အနံ့မရတဲ့သူက အရသာပါ မရတော့ဘူးဆိုပြီးလည်း ပြောတတ်ကြပါသေးတယ်။ )
နှာခေါင်း ကနေ အနံ့ဘယ်လိုရသလဲဆိုတာ ကြည့်ရအောင်။
ပန်းတစ်ပွင့်ကို ရှိုက်ရှူလိုက်တယ်ဆိုပါစို့။ ပန်းမှာရှိတဲ့ အနံ့မော်လီကျူးလေးတွေက နှာခေါင်းထဲမှာရှိတဲ့ olfactory cleftလို့ ခေါ်တဲ့ နေရာလေးကို ရောက်သွားပါတယ်။ အဲ့ဒီနေရာမှာရှိတဲ့ olfactory epitheliumလို့ ခေါ်တဲ့ အချွဲအမြေးပါးလေးမှာ အနံ့မော်လီကျူးလေးတွေ ပျော်ဝင်သွားပါတယ်။
ဒီလိုရှိုက်ရှူတာကို ကူညီပေးတာကတော့ turbinatesလို့ ခေါ်တဲ့ တွန့်ခေါက်နေတဲ့ နေရာလေးတွေပါပဲ။ ဒါလေးတွေက ဝင်လာတဲ့ လေကို လမ်းကြောင်းတည့်မတ်အောင်၊ နွေးအောင် လုပ်ပေးရုံတင်မကဘဲ လေကိုပါ စစ်ထုတ်ပေးနိုင်ပါတယ်။ ရှိုက်ပြီး ရှူသွင်းလိုက်မယ်ဆိုရင် လေများများပိုဝင်ပြီး အနံ့လည်း ပိုရပါတယ်။
အချွဲအမြှေးပါးမှာ ပျော်ဝင်နေတဲ့ အနံ့မော်လီကျူးတွေက အမြှေးပါးအနှံ့ကို ပျံ့သွားပြီး အမွေးနုလေးတွေကို သွားတွယ်ပါတယ်။ ဒီအမွေးနုလေးတွေမှာ လက်ခံဆဲလ်တွေ ရှိနေတာကြောင့် အနံ့မော်လီကျူးတွေက လက်ခံဆဲလ်နဲ့ ချိတ်ပြီးသား ဖြစ်သွားပြီး အချက်ပြလှိုင်းတွေ ထုတ်ပေးပါတော့တယ်။
ဒီလှိုင်းတွေကို အာရုံကြောသေးသေးလေးတွေက သယ်ဆောင်ပြီး ဦးခေါင်းခွံအောက်ခြေမှာရှိတဲ့ ဇကာပုံစံအရိုးပြားဆီကို ရောက်သွားပါတယ်။ အာရုံကြောသေးသေးလေးတွေ စုပေါင်းလိုက်တဲ့ အခါမှာတော့ အနံ့ခံအာရုံကြောကြီး ဖြစ်သွားပါတယ်။ ဒီအာရုံကြောကနေမှတဆင့် ဦးနှောက်အရှေ့ဘက်မှာရှိတဲ့ အနံ့ခံအာရုံဖု olfactory bulbဆီရောက်သွားပါတယ်။
အနံ့ခံအာရုံဖုက နှာခေါင်း တစ်ပေါက်စီအတွက် တစ်ခုစီ စုစုပေါင်း နှစ်ခုရှိပါတယ်။ အနံ့ခံအာရုံဖုရဲ့ တာဝန်ကတော့ သူ့ဆီရောက်လာတဲ့ အနံ့တွေကို အမျိုးအစားခွဲပေးပြီး ဦးနှောက်ရဲ့ တခြားနေရာတွေဆီကို ပို့ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။