backup og meta

နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ

    နာမကျန်းဖြစ်နေချိန် ဖျားနာနေချိန်တွေမှာ ရေချိုးဖို့ဆိုတဲ့ကိစ္စဟာ လူအတော်များများအတွက်တော့ နောက်ဆုံးမှ စဉ်းစားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန်အချိန်တွေမှာတောင် ရေချိုးဖို့ ပျင်းတဲ့လူတွေအတွက်ဆိုရင်တော့ ပိုဆိုးပါလိမ့်မယ်။ ဒါက အပြစ်တင်စရာကိစ္စတော့ မဟုတ်ပါဘူး။ တုပ်ကွေးလိုရောဂါမျိုးတွေကြောင့် ဖျားနာကိုက်ခဲနေချိန်တွေမှာ ရေချိုးချင်စိတ်မရှိတာဟာ သဘာဝပါပဲ။ နေမကောင်းဖြစ်နေတဲ့သူတစ်ယောက်အတွက် စောင်လေးခြုံပြီး အိပ်ရာထဲမှာ နွေးနွေးထွေးထွေး ကွေးနေချင်စိတ်က ပိုများမှာသေချာပါတယ်။ ဒါပေမဲ့ ရေချိုးတာက လန်းဆန်းစေတယ်၊ သန့်ရှင်းစေတာကြောင့် နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်။

    နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ

    ဖျားတာ နာတာကြာလာချိန်တွေမှာတော့ ရေချိုးဖို့ လိုအပ်လာပါလိမ့်မယ်။ တချို့ကတော့ ရေမချိုးပဲ ရေပတ်တိုက်တာမျိုးလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရေချိုးချင်တယ်ဆိုရင်ရော။ ချိုးသင့်သလား။ နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

    ရေချိုးတာဟာ အဖျားရောဂါကို သက်သာစေသလား?

    ဖျားနာချိန်မှာ ရေချိုးသင့် မချိုးသင့်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေပြနိုင်စွမ်းတွေကတော့ အကန့်အသတ်နဲ့သာ ရှိနေပါသေးတယ်။ ဖြစ်ပေါ်နေတဲ့ အဖျားရောဂါ အမျိုးအစားနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း သာမန် အအေးမိနှာစေး၊ တုပ်ကွေးမိတာမျိုး ဆိုရင်တော့ ရေချိုးလို့ ရပါတယ်။

    ဘယ်လို ရေချိုးကြမလဲ?

    ကိုယ်ပူနေချိန် ရေချိုးပေးတာဟာ ခန္ဓာကိုယ်ကို လန်းဆန်းစေရုံမျှ သာမက ကိုယ်အပူချိန်ကိုလည်း ကျဆင်းစေမှာ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေနဲ့ ရေချိုးနိုင်မှာ ဖြစ်ပါတယ်။

    ၁။ ရေကြက်သီးနွေးလောက် (80°F နဲ့ 90°F ကြား ဒါမှမဟုတ် 27°C နဲ့ 32°C ကြား) အပူချိန်မျိုးနဲ့ ချိုးပေးမယ် ဆိုရင် ခန္ဓာကိုယ်ကို လန်းဆန်းစေနိုင်တာမို့ အဖျား ဝေဒနာကိုလည်း သက်သာစေဖို့ အထောက်အကူပြု နိုင်ပါတယ်။

    ၂။ ရေနွေးငွေ့ပါတဲ့ ရေနွေးမျိုး နဲ့ ရေချိုးပေးတာဟာလည်း ကောင်းမွန်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ရေနွေးငွေ့တွေဟာ လူကို လန်းဆန်းသွားစေနိုင်တာမို့ အဖျား ဝေဒနာကို သက်သာစေနိုင်ပါတယ်။

    ၃။ ရေပတ်တိုက်တာ ကတော့ လူသိများတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ရေခပ်နွေးနွေးကို အဝတ်သန့်သန့် ထူထူ ဒါမှမဟုတ် ရေမြှုပ်မှာစွတ်ပြီး လူ့ခန္ဓာကိုယ်ကို ပွတ်သတ် သန့်စင်ပေးတဲ့ နည်းလမ်းပါ။ လူသုံးများတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ကလေးငယ်တွေအတွက်ဆိုရင်တော့ ရေမြှုပ်နဲ့ ရေပတ်တိုက် ပေးတာက ပိုကောင်းပါတယ်။

    ၄။ ရေချိုးဇလုံထဲမှာ Bubble Bath လုပ်ပြီး ခဏတဖြုတ် စိမ်နေတာမျိုးလည်း လုပ်လို့ ရပါတယ်။ မိနစ် အနည်းငယ် လောက်ပေါ့။

    ဒီအပူချိန်တွေ မသိဘူးဆိုရင်လည်း ပြဿနာ မရှိပါဘူး။ ကိုယ်ချိုးတဲ့ရေက ကိုယ့်ကို သက်သောင့်သက်သာဖြစ်စေတဲ့ အနေအထားဆို ရပါပြီ။ ပူလွန်း၊ အေးလွန်းတာမျိုး မဟုတ်ရင် ခန္ဓာကိုယ်အတွက် အန္တရာယ် မရှိပါဘူး။

    သတိထားသင့်တဲ့ အခြေအနေတွေ

    ဒါပေမယ့်လည်း ဖျားနာ နေချိန် မဖြစ်မနေ ရေချိုးရတော့မယ် ဆိုရင် သတိထားသင့်တဲ့ ဂရုပြုဖွယ်ရာ အချက်လေးတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့ …

    ၁။ ဒါပေမယ့် မူးဝေအော့အန် နေချိန်မျိုးတွေ၊ ကတုန်ကရင် ဖြစ်နေချိန်မျိုးတွေ မှာတော့ ရေမချိုးသင့်ပါဘူး။ ရေချိုးရာမှာလည်း လုံးဝ တုန်ရင်အေးစက်နေအောင် မချိုးသင့်ပါဘူး။ ဒီလို ချိုးမိမယ်ဆိုရင်တော့ အဖျား ဝေဒနာကို ပိုဆိုးသွားစေနိုင်ပါ လိမ့်မယ်။

    ၂။ အကြာကြီး စိမ်ချိုးနေတာမျိုး မဖြစ်အောင်လည်း သတိထားဖို့ လိုမှာ ဖြစ်ပါတယ်။ တတ်နိုင်ရင် မြန်မြန်ချိုး ခြောက်သွေ့သွားအောင် သုတ်ပြီး နွေးနွေးထွေးထွေး နေသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement