brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Home quarantine အိမ်မှာ သီးသန့်နေထိုင်မယ့်သူတွေအတွက် လိုက်နာရမယ့် စည်းကမ်းများ

လက်ရှိမှာတော့ သံသယလူနာ ဒါမှမဟုတ် ပိုးရှိလူနာနဲ့ ထိတွေ့ထားတဲ့သူတွေကို သတ်မှတ်ထားတဲ့နေရာ quarantine centreမှာ ၁၄ရက်နေခိုင်းပြီး ပိုပြီးစိတ်ချရအောင် အိမ်ပြန်သွားတဲ့အခါ အိမ်မှာ ၇ရက် quarantine နေခိုင်းပါတယ်။ ပိုးရှိလူနာတွေလည်း အတူတူပါပဲ။ ဆေးရုံကဆင်းလာပြီးတဲ့နောက်မှာ လူနာက ရောဂါလက္ခဏာတွေ ပျောက်ကင်းနေပြီ ဖြစ်ပေမယ့် သူကနေတဆင့် သူများကို ကူးစက်မှု မရှိအောင် အိမ်မှာ quarantine ၇ရက် ထပ်နေရပါတယ်။

Home quarantine အိမ်မှာ သီးသန့်နေထိုင်မယ့်သူတွေအတွက် လိုက်နာရမယ့် စည်းကမ်းများ

ဒီလိုနေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါတယ်။ ကိုယ့်အတွက်ရော သူများကိုရော မထိခိုက်စေဖို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို စနစ်တကျ လိုက်နာဖို့လိုပါတယ်။ ဒါကြောင့် ၁၅.၉.၂၀၂၀က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Home quarantine အိမ်မှာ သီးသန့်နေထိုင်မယ့်သူတွေအတွက် လိုက်နာရမယ့် စည်းကမ်းများ

  • Quarantine centre (သတ်မှတ်ထားတဲ့နေရာ) ဒါမှမဟုတ် ဆေးရုံက ဆင်းလာတဲ့သူကို ပြန်လာခေါ်တဲ့နေရာမှာ လူအများအပြားနဲ့ လာခေါ်တာ၊ ပွေ့ဖက်နှုတ်ဆက်တာတွေ မလုပ်သင့်ပါဘူး။ လာခေါ်တဲ့သူတွေက နှာခေါင်းစည်းဝတ်ဆင်ထားသင့်ပါတယ်။
  • အိမ်ပြန်တဲ့ လမ်းတစ်လျှောက်မှာလည်း နှာခေါင်းစည်း တပ်ဖြစ်အောင် တပ်ပါ။ နှာချေ၊ ချောင်းဆိုးရင် တစ်ရှူးသုံးပါ။ သုံးပြီးသား တစ်ရှူးကို အမှိုက်ပုံးထဲကို စနစ်တကျ ထည့်ပါ။
  • အိမ်ပြန်တဲ့နေရာမှာ ဖြစ်နိုင်ရင် မှန်အလုံပိတ်ယာဉ်တွေ၊ အများသုံးယာဉ်တွေနဲ့ မပြန်ပါနဲ့။ အဲကွန်းပါတဲ့ယာဉ်ဆို တံခါးတွေ ဖွင့်ထားပါ။ အများသုံးယာဉ်ရပ်နားစခန်းတွေ၊ စားသောက်ဆိုင်တွေ စတဲ့ လူစုလူဝေး ရှိတဲ့နေရာတွေမှာ ကားမရပ်ပါနဲ့။
  • အိမ်ပြန်ရောက်ပြီဆိုရင် ၇ရက်တိတိ အိမ်မှာပဲ နေပါ။ နေအိမ် ဒါမှမဟုတ် အိမ်ခြံဝင်းအပြင်ကို လုံးဝမထွက်ပါနဲ့။ ဒါသိပ်ကို အရေးကြီးတဲ့အချက်ပါ။
  • အိမ်မှာ လေဝင်လေထွက်ကောင်းစေဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။
  • တစ်ကိုယ်ရည်သုံးပစ္စည်းတွေ (ဥပမာ ပန်းကန်ခွက်ယောက်၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စသဖြင့် ) သီးသန့်ထားရှိပါ။ တတ်နိုင်ရင် သီးသန့်အခန်းခွဲနေပါ။
  • အိမ်သားများနဲ့ ရောနှောနေထိုင်ခြင်း မလုပ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် ၂မီတာ (၆ပေ) အကွာမှာ နေထိုင်ပါ။ အိမ်မှာ ဧည့်သည် လက်မခံပါနဲ့။ လိုအပ်ရင် မိုဘိုင်းဖုန်း၊ အွန်လိုင်းကနေ ဆက်သွယ်စကားပြောပါ။
  • မိသားစုဝင် ဒါမှမဟုတ် တခြားသူတွေနဲ့ အနီးကပ် နေထိုင်ပြောဆိုခြင်း လုံးဝမလုပ်ပါနဲ့။ မဖြစ်မနေ ပြောဆိုရရင် နှာခေါင်းစည်းသေချာတပ်ပြီး ၆ပေအကွာက ပြောဆိုပါ။
  • အိမ်မှာရှိတဲ့ အများသုံးပစ္စည်းတစ်ခုခုကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးတိုင်းမှာ ဆပ်ပြာနဲ့ ရေကို သုံးပြီး အနည်းဆုံး စက္ကန့် ၂၀ကြာအောင် ဆေးပါ။ ဆပ်ပြာနဲ့ ရေမလွယ်ရင် အနည်းဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ လက်သန့်ဆေးရည် သုံးပါ။
  • နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူးသုံးပါ။ သုံးပြီးသား တစ်ရှူးတွေ၊ နှာခေါင်းစည်းတွေကို အဖုံးပါတဲ့ အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ပါ။ ပြီးရင် စနစ်တကျ လက်ပြန်ဆေးပါ။
  • Quarantine centre (သတ်မှတ်ထားတဲ့နေရာ) ကနေ ပြန်လာသူတွေက ကြားထဲမှာ ဖျားတာ၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ စတဲ့ လက္ခဏာတွေ ပေါ်လာပြီဆိုရင် နှာခေါင်းစည်းကို တပ်ပြီး နီးစပ်ရာကျန်းမာရေးဌာနကို ဆက်သွယ်အကြောင်းကြားပါ။
  • ဆေးရုံက ဆင်းလာတဲ့ သူတွေက ဆေးရုံဆင်းပြီး တစ်ပတ်အကြာ သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ညွှန်ကြားထားတဲ့အတိုင်း ပြန်လည်ပြသဖို့ လိုပါတယ်။

ဒီအချက်တွေကို တိတိကျကျလိုက်နာမယ်ဆိုရင် သင်ကနေ တဆင့် သင့်ပတ်ဝန်းကျင်နဲ့ သင့်မိသားစုကို ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နိုင်မှာပါ။

[covid_19]

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 18/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။